နှမ်းကို စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းဖြင့် စိုက်ပျိုးအခြောက်ခံနည်း

06/01/2021 12:45 PM တွင် U Aye Naing U Aye Naing မှ ရေးသား

     မြန်မာနိုင်ငံတွင် နှမ်းစိုက်ပျိုးသောဧရိယာသည် ဆီထွက်သီးနှံအားလုံးစိုက်ဧရိယာ၏ တစ်ဝက် (၅၀%) ကျော် ရှိပါသည်။ ယခုအခါ ပဲမျိုးစုံသီးနှံများ၏ ဈေးကွက်မခိုင်မာမှုကြောင့် အချို့သော ပဲစိုက်ဧရိယာများတွင် နှမ်းသီးနှံကိုအစားထိုးတိုးချဲ့စိုက်ပျိုးလာကြသည်ကို တွေ့ရှိရပါသည်။ ယခင်ကနှမ်းကို ပြည်တွင်းဆီစားသုံးရန်အတွက်သာ စိုက်ပျိုးထုတ်လုပ်ခဲ့သော်လည်း ယခုအခါ တိုးတက်လာသောနည်းပညာများအရ နှမ်း၏ ပိုမိုအသုံးဝင်မှုနှင့် အကျိုးရှိမှုများကို သိရှိလာကြသောကြောင့် နှမ်းကိုပိုမိုအသုံးပြုလာကြပါသည်။ နှမ်းနက်တွင် ဗီတာမင်မျိုးစုံပါဝင်ခြင်း၊ နှမ်းနက်ကိုစားသုံးခြင်းဖြင့် ကိုလက်စထရော လျော့ကျစေခြင်း၊ အသည်းလုပ်ဆောင်မှုအားကောင်းစေခြင်း၊ ကင်ဆာဖြစ်နိုင်ခြေနည်းခြင်း၊ အိုမင်းရင့်ရော်မှုကိုဟန့်တားပေးခြင်း၊ နွားနို့်ထက်ပရိုတင်း၂ဆပါဝင်ခြင်းတို့ကြောင့် အလှကုန်ပစ္စည်းများ၊ ဆေးဝါးများနှင့်စားသောက်ကုန်များတွင် အသုံးပြုလာသဖြင့် ဝယ်လိုအားမြှင့်တက်နေပါသည်။ 

       သို့ရာတွင် အပြိုင်အဆိုင်ရောင်းဝယ်မှုများရှိလာသဖြင့် မိမိ၏သီးနှံအရည်အသွေး အရောင်အနံ့အရသာနှင့် ဓာတ်ကြွင်းပါဝင်မှုစသည့် အချက်အလက်များသည် အရေးပါလာပါသည်။ ထို့ကြောင့် တောင်သူများအနေဖြင့် မိမိ၏သီးနှံကို သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် စိုက်ပျိုးထုတ်လုပ်ရန်လိုအပ်ပါသည်။ ထိုသို့ဖြစ်စေရန်အတွက် နှမ်းသီးနှံကို စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများဖြင့် စိုက်ပျိုးသင့်ပါသည်။

        နှမ်းသီးနှံစိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ (နှမ်း-GAP) ဆိုသည်မှာ မြေပြုပြင်စိုက်ပျိုးထုတ်လုပ်သည်မှ စားသုံးသူလက်ဝယ်ရောက်သည်အထိ ထုတ်လုပ်မှုကွင်းဆက်တိုင်းတွင် စားသုံးသူအတွက် အန္တရာယ်ဖြစ်စေသည့် ကူးစက်ညစ်ညမ်းမှုအနည်းဆုံးဖြစ်စေရန် လိုက်နာရမည့်နည်းလမ်းများကို စုစည်းထားသည့်လုပ်ထုံးလုပ်နည်းလမ်းညွှန်မှုများဖြစ်ပါသည်။ အဓိကအားဖြင့် အောက်ဖော်ပြပါကဏ္ဍကြီး (၄) ရပ်ကို အဓိကထည့်သွင်းစဉ်းစားဆောင်ရွက်သော စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများပင်ဖြစ်ပါသည်။

(၁) အစားအစာဘေးအန္တရာယ်ကင်းရှင်းစေရေးကဏ္ဍ

(၂) ပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းစေရေးကဏ္ဍ

(၃) ထုတ်ကုန်အရည်အသွေးကောင်းမွန်စေရေးကဏ္ဍ

(၄) လုပ်သားများ၏ကျန်းမာရေးနှင့် လူမှုဘဝသာယာဝပြောစေရေးကဏ္ဍ

       အဆိုပါကဏ္ဍကြီး(၄)ရပ်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် စံလုပ်ထုံးလုပ်နည်းအချက် (၁၆) ချက်ကို စိုက်ပျိုးရေးဦးစီးဌာန (စိုက်ပျိုးပညာပေးဌာနခွဲ) မှထုတ်ပြန်ထားပါသည်။

        တောင်သူများအနေဖြင့် နှမ်းသီးနှံကို ဂျီအေပီဖြင့်စိုက်ပျိုးမည်ဆိုပါက ပထမဦးစွာ နီးစပ်ရာ သို့မဟုတ်သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်သွယ်၍ ဆွေးနွေးတိုင်ပင်ရပါမည်။ စိုက်ပျိုးဦးစီးဌာနမှ တာဝန်ရှိသူများမှ လိုအပ်သည်များလမ်းညွှန်ကူညီဆောင်ရွက်ပေးပါလိမ့်မည်။ ထို့အပြင် ဂျီအေပီဖြင့် စိုက်ပျိုးသည့် နှမ်းသီးနှံစိုက်ပျိုးကာလတစ်လျှောက် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှလည်း စစ်ဆေးမှုပြုလုပ်မည်ဖြစ်ပါသည်။ စိုက်ပျိုးထုတ်လုပ်ပြီးနောက် တာဝန်ရှိသူများ၏ စစ်ဆေးမှုရလာဒ်များကောင်းမွန်ပါက ဂျီအေပီလက်မှတ်ကို ထုတ်ပေးမည်ဖြစ်ပါသည်။ ဂျီအေပီလက်မှတ်ရနှမ်းမှာ အခြားသာမန်စိုက်ပျိုးသော နှမ်းထက်ရောင်းချမှု အခွင့်အလမ်းပိုကောင်းပြီး ဈေးနှုန်းလည်း မြင့်မားစွာ ရရှိမည်ဖြစ်ပါသည်။

         နှမ်းကို ဂျီအေပီဖြင့်စိုက်ပျိုးမည်ဆိုပါက တောင်သူများအနေဖြင့် လက်ရှိ မိမိစိုက်ပျိုးနေသော နည်းလမ်းများကို အနည်းငယ်သာ ပြောင်းလဲရန်သာလိုအပ်သဖြင့် မခဲယဉ်းပေ။ အထူးသဖြင့် အရေးကြီးသောအချက်မှာ သီးနှံမှတ်တမ်းထားရှိရေးဖြစ်ပါသည်။ အဆိုပါသီးနှံမှတ်တမ်းတွင်...

စိုက်ပျိုးမြေ၏ မြေပုံ၊မြေအမျိုးအစား

အသုံးပြုမျိုးအမည်၊ မျိုးရရှိသည့် နေရာ/ပုဂ္ဂိုလ်၊ အရေအတွက်

အသုံးပြုသည့် မြေသြဇာများ၏အရေအတွက်၊ အသုံးပြုသည့်အကြိမ်

ဓာတုပိုးသတ်ဆေးများသုံးပါက အသုံးပြုသည့် ပမာဏ/အကြိမ်အရေအတွက် စသည်ဖြင့် မှတ်တမ်းများစနစ်တကျရေးသွင်းမှတ်တမ်းထားရပါမည်။

        ထို့အပြင် စိုက်ပျိုးသည်မှ ရိတ်သိမ်းသိုလှောင်သည့်အချိန်ထိ ဆောင်ရွက်သည့် လုပ်ငန်းများဖြစ်သည့် အပင်မှုန်းခြင်း၊ ပေါင်းလိုက်ခြင်း၊ ရွက်ဖျန်းအားဆေးပက်ဖျန်းခြင်း၊ ကြားထွန်ဝင်ခြင်း၊ ရေသွင်းခြင်း၊ ရိတ်သိမ်းခြင်း၊ နှမ်းပုံခြင်း၊ နှမ်းခါခြင်းနှင့် သိုလှောင်သိမ်းဆည်းမှုတို့ကို ရက်စွဲနှင့်တကွ မှတ်တမ်းထားရပါမည်။ မှတ်တမ်းများကို ပြန်လည်စစ်ဆေးနိုင်ရန်အတွက် အနည်းဆုံး (၂) နှစ်စာအထိသိမ်းဆည်းထားရပါမည်။ ဂျီအေပီနှင့်သက်ဆိုင်သည့် စိုက်ပျိုးရေးသင်တန်းများနှင့် အခြားသင်တန်းများကိုလည်း တက်ရောက်လေ့လာနေရပါမည်။ 

        စိုက်ပျိုး၍ ထွက်ရှိလာသော နှမ်းစေ့များ၏အရည်အသွေးသည် ရိတ်သိမ်းပြီးနောက်ပိုင်း နှမ်းပုံခြင်း၊ နှမ်းထောင်ခြင်းနှင့် နှမ်းခါခြင်းလုပ်ငန်းစဉ်များ စနစ်တကျဆောင်ရွက်မှုအပေါ်မူတည်၍ ကွာခြားနိုင်ပါသည်။ ရိတ်သိမ်းပြီးနှမ်းပင်များကို ပုံရာတွင် နှမ်းပင်၏အဖျားပိုင်းကို အလယ်ဘက်မှာထားပြီး အဖျားဘက်များကို ထိပ်ဆိုင်စေ၍ ညီညာစွာပုံရပါမည်။ နှမ်းပုံထားခြင်းကို တစ်ညအိပ် ၂ ရက်ခန့်သာပုံထားသင့်ပါသည်။ ၂ ရက်ထက်ပို၍ ပုံထားပါက နှမ်းပုံအတွင်းအစိုဓာတ်နှင့် အောင်းပူများကြောင့် မှိုပါဝင်မှုများလာ၍ နှမ်းစေ့အရည်အသွေးများကျဆင်းတတ်ပါသည်။ အက်စစ်ဓာတ် (FFA-Free Fatty Acid) ပါဝင်မှုများလာတတ်ပါသည်။ နှမ်းကို ၂ ရက်ခန့်ပုံထားပြီးနောက် နှမ်းပင်များကို ထွာဆိုင်ခန့်စည်းပြီး ဖိုခလောက်ဆိုင်ပုံစံ နှမ်းထောင်ရပါမည်။ နှမ်းပုံခြင်းကို ၄-၅ ရက်ကြာထားပါက နှမ်းအထွက်နှုန်းကို ထိခိုက်ခြင်းနှင့် နှမ်းစေ့အရည်အသွေးညံ့ဖျင်းသွားသောကြောင့် ဝင်ငွေကို ထိခိုက်နိုင်ပါသည်။ 

      ယခုအခါ နှမ်းဝယ်ယူကြရာတွင် နှမ်းတွင်ပါသော အက်စစ်ပမာဏကို တိုင်းတာခြင်းနှင့် နှမ်း၏အရည်အသွေးကောင်းမှု မကောင်းမှုပေါ်မူတည်၍ အဆင့်အတန်းများသတ်မှတ်၍ ဝယ်ယူခြင်းများရှိလာပါသည်။ ဥပမာ- ထိပ်စ (အဆင့် A) ကိုသတ်မှတ်ဝယ်ယူရာတွင် အောက်ပါအချက်အလက်များနှင့် ကိုက်ညီရမည်ဖြစ်ပါသည်။

၁. နှမ်းလုံးနှမ်းသားကောင်းမွန်ရမည်။

၂. အက်စစ်ပါဝင်မှု (Free Fatty Acid) အနေဖြင့် ၂ % အတွင်းဖြစ်ရမည်။

၃. ဓာတုဓာတ်ကြွင်းပါဝင်မှုမရိစေရေး

၄. ဖုန်၊ သဲ၊ ခဲ ပါဝင်မှု မရှိစေရ

၅. အဖျင်းအမှော်ပါဝင်မှုမရှိစေရ

၆. မကောင်းသောအနံ့မရှိစေရ

၇. မှိုစွဲနေသော နှမ်းများမပါဝင်စေရ

၈. မျိုးကွဲ၊ အခြားအရောင်ကွဲများ မပါဝင်စေရ

၉. နှမ်းဟောင်းများ မပါဝင်စေရ

၁၀. အစိုဓာတ်ပါဝင်မှု ၆% အောက်ဖြစ်ရမည်။

         အဆင့် (B) ကိုသတ်မှတ်ရာတွင် မျိုးကွဲ၊ အခြားအရောင်ကွဲများ ၆% အောက်ဖြစ်ရမည်ဟုသတ်မှတ်သည်မှလွဲ၍ ကျန်အချက်အလက်များသည် (အဆင့် A) အတိုင်းဖြစ်ပါသည်။ ထို့အတူ (အဆင့် C) ကိုသတ်မှတ်ရာတွင်လည်း အက်စစ်ပါဝင်မှု (၃%) ဖြစ်ရမည်ဟု သတ်မှတ်ထားပြီး မျိုးကွဲ၊ အခြားအရောင်ကွဲပါဝင်မှုကိုမူ (၁၀%) အောက်ဖြစ်ရမည်ဟုသတ်မှတ်ပြီး ကျန်အချက်အလက်များမှာ (အဆင့် A) အတိုင်းဖြစ်ပါသည်။

        အက်စစ်ပါဝင်မှုနှင့် နှမ်းအရည်အသွေးကောင်းမှု မကောင်းမှုပေါ်မူတည်၍ ဝယ်ယူနေသဖြင့် နှမ်းအရည်အသွေးကောင်းများ စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် တောင်သူများအနေဖြင့် နှမ်းသီးနှံကို “စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ” ဖြင့် စိုက်ပျိုးသင့်ပြီး စနစ်တကျရိတ်သိမ်းအခြောက်ခံသင့်သည်ဖြစ်ကြောင်း တိုက်တွန်းလိုက်ပါသည်။

နှမ်းအခြောက်ခံနည်း (GAP) ဆောင်းပါးကို KMSS အဖွဲ့က ကူညီပံ့ပိုးထားပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်