ကြက်သွန်နီ မျိုးစေ့ထုတ်နည်း

21/12/2022 12:25 PM တွင် Aye Aye Aye Aye မှ ရေးသား

ကြက်သွန်နီသည် Allium မျိုးရင်းတွင်ပါဝင်ပြီး  သိပ္ပံအမည်မှာ (Allium Cepa) ဖြစ်သည်။ အပင်ပျော့ဖြစ်ပြီး  ပင်စည်အောက်ခြေတွင် ဥ အုသည်။  ကြက်သွန်ဖြူနှင့် မျိုးချင်းနီးစပ်၍ အာရှအလယ်ပိုင်းဒေသများတွင် ကြက်သွန်နီအရိုင်းများ ပေါက်တတ်ပါသည်။ မြန်မာနိုင်ငံတွင်စိုက်ပျိုးသော ကြက်သွန်နီမျိုးများမှာ ရွှေဖလားမျိုး၊ ဘောင်စောက်မျိုး၊ မင်းတုန်းဥမြွှာမျိုးဟူ၍ ရှိသည်။

ကြက်သွန်နီသည်လည်း မုန်လာဥနီလိုမျိုးပင် စစိုက်ချိန်မှ ပန်းပွင့်၊ အစေ့ထုတ်နိုင်သည်အထိ ဘဝစက်ဝန်းတစ်ခုပြီးမြောက်ရန်ဆိုပါက နှစ်ရာသီဖြတ်ကျော်ရသည်။ ထို့ကြောင့် ကြက်သွန်နီကို မျိုးစေ့ယူရန် စိုက်ခြင်းသည် ဥယူရန်၊ အပင်ပိုင်းကြီးထွားမှုယူရန် စိုက်ခြင်းနှင့် ကွဲပြားပါသည်။

မျိုးရွေးချယ်ခြင်း

  • မျိုးဥအသုံးပြု၍ ကြက်သွန်မျိုးစေ့ထုတ်လုပ်ရာတွင်  စိုက်သောမျိုးဥသည် မျိုးစေ့အရည်အသွေး၊ အထွက်နှုန်းပမာဏပေါ်တွင် တိုက်ရိုက်သက်ရောက်မှု ရှိသောကြောင့် အရည်အသွေး‌ကောင်းသော မျိုးဥများကို အသုံးပြုရန်လိုအပ်ပါသည်။( ဥပမာ- စစ်မှန်သော အရောင်အရည်အသေွး၊ ပုံသဏ္ဍာန်၊ အရွယ်အစား စသည်တို့ဖြစ်သည်။)
  • ကြက်သွန်မျိုးထုတ်ရာတွင် ပုံမှန်မျိုးစေ့မှ စစိုက်လျှင် နှစ်ရာသီဖြတ်ကျော်ရပါသည်။ ကောင်းစွာကြီးထွားပြီး‌သော မျိုးဥကိုစိုက်၍ မျိုးစေ့ထုတ်မည်ဆိုပါကမူ ၎င်းမျိုးဥသည် ပထမကြီးထွားရာသီကို ဖြတ်ကျော်ပြီးပြီဖြစ်သဖြင့် ဒုတိယကြီးထွားရာသီတစ်ဆင့်ကိုသာ ဖြတ်ကျော်ရန်လိုအပ်ပြီး စစ်မှန်သော မျိုးစေ့များကို ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။ ဥများ ပြန်လည်နိုးထလာပြီး ပန်းပွင့်ခြင်း၊ အစေ့တည်ခြင်းတို့ကို လုပ်ဆောင်ပါသည်။

မြေနေရာရွေးချယ်ခြင်း

  • ကြက်သွန်နီမျိုးစေ့ထုတ်လုပ်သူ‌တစ်ယောက်အနေဖြင့် ပထမဆုံးစဉ်းစားရမှာက စိုက်ပျိုးမြေ ရွေးချယ်ခြင်းဖြစ်သည်။
  • မြေချဉ်ငန်ဓာတ် 6-7 pH ရှိသောမြေ၊ နုန်းမြေ၊ ရွှံ့နုန်းမြေတို့သည် အကောင်းဆုံးဖြစ်ထွန်းသည်။
  • Organic matter ကြွယ်ဝသော မြေသည် ကျန်းမာသန်စွမ်းသော မျိုးစေ့များ ထွက်ရှိစေပါသည်။
  • စိုက်ပေါင်ဖော်ရန် ရွေးချယ်ထားသောမြေကို(၂-၃) ကြိမ် ထယ်ထိုး၊ ထွန်မွှေပေးပြီး နောက်ဆုံးထွန်မွှေချိန်တွင် နွားခေျး သို့မဟုတ် ကြက်ချေးထည့်ပြီး ပေါင်းစပ်မွှေပေးရပါမည်။
  • စိုက်ပေါင်ဖော်၍ မျိုးထောင်ခြင်းက အပင်ပြုစုရ အဆင်ပြေစေပါသည်။
  • မြေဩဇာကြွယ်ဝသော၊ ရောဂါကင်းသော၊ အလေ့ကျပေါက်ပင်ကင်းသော၊ အရင်ရာသီက ကြက်သွန်နီမစိုက်ထားသောမြေသည် အရည်အသွေးကောင်းသော မျိုးစေ့များကို ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။
  • ကြက်သွန်နီဆက်တိုက်စိုက်ထားသော မြေသည် အမြစ်ပုပ်စေသော၊ ညှိုးစေသောသက်ရှိများ နားခိုရာမြေဖြစ်နေနိုင်သည်။ ထို့ကြောင့် မြေတစ်နေရာတည်း ဆက်တိုက်စိုက်ခြင်းကို ရှောင်ကြဉ်သင့်ပါသည်။
  • သီးလှည့်စိုက်ခြင်းဖြင့် တွေ့ရလေ့ရှိသော ရောဂါများကိုလည်း လျှော့ချပေးနိုင်ပါသည်။ 

ပိုးမွှားရောဂါကြိုတင်ကာကွယ်ခြင်း

  • ဖြတ်ထားသောဥများကို ရေ (၁၀) လီတာတွင် (၂၀) ဂရမ် bavistin (သို့) dithane M45 ဖေျာ်ထားသော ဖေျာ်ရည်၌ မစိုက်ခင် (၅-၁၀) မိနစ်ခန့်ကြာသည်အထိ စိမ်ပေးခြင်းဖြင့် မြေဆောင်ရောဂါများ ဥသို့တိုက်ခိုက်လာခြင်းကို ကာကွယ်ပေးနိုင်ပါသည်။
  • ထိုသို့ပြုလုပ်ခြင်းဖြင့် ဥတွင် မကြိုက်သောလက္ခဏာများရှိပါကလည်း ဖယ်ထုတ်နိုင်ပြီး   မျိုးသန့်စင်မှု မြင့်မားနိုင်ပါသည်။ 

စိုက်ပျိုးခြင်း

  • သတိထားသင့်သော အချက်မှာ အစောပိုင်းကြီးထွားမှုကာလတွင် အပူချိန်နိမ့်လွန်းခြင်းသည် ရုတ်တရက် ပန်းပွင့်ခြင်းကို ဖြစ်စေနိုင်ခြင်းဖြစ်သည်။
  • ထိုကဲ့သို့ ရာသီဥတု၊ စိုထိုင်းဆ၊ အပူချိန်တို့သည် ‌အစေ့တည်ခြင်းနှင့် ရင့်ခြင်းတို့အပေါ်တွင် အရေးကြီးပါသည်။ ကြိုက်နှစ်သက်သောအခြေအနေဖြစ်မှသာ အရည်အသွေးကောင်းသော မျိုးစေ့များရရှိ၍ အထွက်ကောင်းမည်ဖြစ်ပါသည်။ 
  • မျိုးစေ့ယူရန်အတွက် မျိုးဥရွေးချယ်ရာတွင် အနည်းဆုံး (4-5) cmလုံးပတ်ရှိသော ဥများကိုရွေးချယ်သင့်ပါသည်။ ထိုအရွယ်အစားထက်သေးသောဥများကိုမူ ဥယူရန်အတွက်သာ ပြန်စိုက်သင့်ပါသည်။
  • မျိုးဥအဖြစ် အသုံးပြုမည့် ကြက်သွန်ဥများကို ထိပ်ပိုင်း (3-5) mm/ သုံးပုံတစ်ပုံခန့် ပတ်လည်လိုက်ဖြတ်ပြီး အဥအတွင်းပိုင်းလက္ခဏာကို စစ်ဆေးကာ အလယ်အူတိုင် တစ်ခုသာလျှင်ရှိိသော ဥများကိုသာ အသုံးပြုသင့်ပါသည်။

မြေဩဇာကျွေးခြင်းနှင့်ရေပေးခြင်း

  • ကြက်သွန်နီမျိုးထုတ်ရာတွင် မြေအခြေအနေပေါ် မူတည်၍ မြေသြဇာအသုံးပြုမှု ကွာခြားပါသည်။ သဲဆန်သော မြေများတွင် နွားချေးကိုပို၍ အသုံးပြုရသည်။
  • မြေခံအနေဖြင့် တစ်ဧကအတွက် ယူရီးယား(N) 26 kg : တီစူပါ(P) 144 Kg : ပိုတက်ရှ်(K) 19 Kg လိုအပ်ပါသည်။
  • မြေခံအနေနှင့် မြေဩဇာထည့်ရာတွင် စိုက်ပေါင်အမြင့်၏ ၃ ပုံ - ၁ ပုံ အမြင့်တွင် ထည့်သင့်ပါသည်။
  • ပင်ကြား (၁၂)လက်မ၊ တန်းကြား (၁၈-၂၄) လက်မ အကွာအဝေးဖြင့် ကြက်သွန်ဥများကို စိုက်နိုင်ပြီး ရေသွင်းပေးရပါသည်။
  • မြန်မာနိုင်ငံ၌ ကြက်သွန်မျိုးစေ့ထုတ်သူများကတော့ ၎င်းထက်ကျဉ်းသော အကွာအဝေးဖြင့် စိုက်နေသည်ကို တေွ့ရသည်။
  • သာမန်အားဖြင့် တစ်ပတ်လျှင် တစ်ကြိမ်သာ ရေသွင်းပေးရပါသည်။ 

ပေါင်းနှိမ်နင်းခြင်း

  • မျိုးဥများ စတင်စိုက်ချိန်မှစ၍ အခင်းထဲတွင် ပေါင်းရှင်းအောင်ထားထားခြင်းဖြင့် ကြက်သွန်ဥသည် အာဟာရယှဉ်ပြိုင်စားသောက်နေရသော အန္တရာယ်မှ ရှောင်ရှားနိုင်ပြီး အရည်အသွေးပြည့်ဝသော မျိုးစေ့များ ထုတ်ပေးနိုင်မည်ဖြစ်သည်။
  • စိုက်ပြီး (၂၅) ရက်ခန့်တွင် တစ်ကြိမ်၊ (၄၅) ရက်ခန့်တွင် တစ်ကြိမ် စသည်ဖြင့် ‌လက်‌ပေါင်းလိုက်ခြင်း/ပေါင်းနှိမ်နှင်းခြင်းဖြင့် ပန်းပွင့်အားကောင်းစေပါသည်။
  • မျိုးစေ့ထုတ်စိုက်ခင်းထဲတွင် လိုအပ်သလို မျိုးကွဲများ၊ ပေါင်းမြက်များ၊ ရောဂါကျရောက်နေသော အပင်များကို စစ်ဆေး၊ ဖယ်ရှားခြင်းဖြင့် မျိုးယူရာတွင် မျိုးရောခြင်းကို ရှောင်ရှားနိုင်မည်ဖြစ်သည်။
  • အဝါရောင်ဖြစ်နေသော၊ ပိန်ရှည်နေသောအပင်တို့ကိုလည်း ဖယ်ရှားပေးရမည်။ ယင်းကဲ့သို့ စစ်ဆေးဖယ်ရှားခြင်းကို ပင်ပိုင်းကြီးထွားချိန်၊ ပန်းပွင့်ချိန်၊ ရိတ်သိမ်းချိန် စသည့်အဆင့်တို့တွင် လုပ်ပေးရပါမည်။

သတိပြုသင့်သည့်အချက်များ

  • အကျိုးပြုအင်းဆက်များ၊ ပျားများမှတဆင့် ပင်ကြားဝတ်မှုန်ကူးခြင်းက ကြက်သွန်ဥမျိုးများကို အရောင်အပြောင်းအလဲရှိစေနိုင်သည်။
  • မျိုးထုတ်ရာတွင် ဗီဇထပ်တူကျသောမျိုးရရှိရန် အရေးကြီးခြင်းကြောင့် အခြားမျိုးများနှင့် မျိုးရောခြင်း ရှောင်ရှားရန်  အနည်းဆုံး (500) မီတာ အကွာအဝေးထားစိုက်ရန် လိုအပ်ပါသည်။
  • ဥများ စိုက်ပီး အအေးဓာတ်ဖမ်းလာခြင်းသည် ကောင်းစွာပန်းပွင့်ခြင်းကို ဖြစ်စေပါသည်။
  • လုံးဝပန်းပွင့်ချိန်တွင် နေရောင်ခြည်အပြည့်အဝရခြင်းက ဝတ်မှုန်ကူးပေးသော အင်းဆတ်များကို နှိုးဆွနိုင်ခြင်းကြောင့် ပင်ခြားဝတ်မှုန်ကူးခြင်းကိုကောင်းစေကာ အစေ့တည်စေပါသည်။ ( 65°F - 95°F အပူချိန်သည် အစေ့တည်ရန် အကောင်းဆုံးဖြစ်သည်။)
  • ပန်းပွင့်ချိန်နှင့် အစေ့တည်ချိန်တွင် အပေါ်မှ ရေဖျန်းပေးခြင်းသည် ရောဂါကျရောက်မှုကို ပိုများစေပါသည်။ ထို့ကြောင့် ပန်းပွင့်ချိန်တွင် အပေါ်မှ sprinkler နှင့် ရေဖျန်းခြင်းကို ရှောင်ကြဉ်သင့်ပါသည်။
  • အပင်မှ ပန်းခိုင်ထွက်လာပြီဆိုပါက အလွယ်တကူ ကျိုးလွယ်နိုင်သောကြောင့် လေကြမ်းများတိုက်ခိုက်ခြင်းကို ကာကွယ်နိုင်ရန် လေကာများ ဘေးပတ်လည်တွင် ထားသင့်ပါသည်။
  • တိရစ္ဆာန်များ ဝင်ရောက်ခြင်းကိုလည်း ကာကွယ်ရပါမည်။

ရိတ်သိမ်းခြင်း

  • ကြက်သွန်နီအပွင့်မှာ  လုံးဝိုင်း၍ ထီးပုံသဏ္ဌာန်ရှိပြီး ပန်းခိုင်တွင် ကြယ်ပုံပန်းပွင့်အဖြူလေးများ ပွင့်ပါသည်။
  • ပန်းပွင့်များ သန္ဓေအောင်ပြီး (၃-၄) ပတ်ခန့်တွင် ရင့်လာပြီး ခြောက်လာပါသည်။
  • ပန်းခိုင်ချိုးရန် အကောင်းဆုံးအချိန်သည် ပန်းခိုင်ရှိ (၅၀)ရာခိုင်နှုန်းသော အစေ့တို့ ကွဲလာသောအချိန်ဖြစ်သည်။
  • သို့မဟုတ်ပါက အစေ့များကြေွကျပြီး လေလွင့်ဆုံးရှုံးမှုများ ဖြစ်လာနိုင်ပါသည်။
  • အပင်အကုန်လုံး တပြေးညီရင့်ချိန်မညီညာလျှင် (၃-၄)ကြိမ်ခွဲ၍ ချိုးဖို့လိုပါသည်။

အခြောက်ခံခြင်းနှင့်သိုလှောင်ခြင်း

  • ချိုးလာသောပန်းခိုင်များကို အရိပ်အောက်တွင် အခြောက်ခံသင့်ပါသည်။
  • အခြောက်ခံထားသောပန်းခိုင်မှ ပန်းပွင့်များကို ခြေွရာတွင် မျိုးစေ့များကို မထိခိုက်စေဘဲ သင့်လေျာ်စွာခြေွပေးပြီး အခြောက်ခံရပါမည်။
  • လက်ဖြင့်ပွတ်၍သော်လည်းကောင်း၊ ဝါးတုတ်တို့ဖြင့်ညင်ညင်သာသာ ရိုက်၍သော် လည်းကောင်း ခြေွနိုင်ပါသည်။ တုတ်များဖြင့်ကြမ်းကြမ်းပုတ်ခြေွခြင်းက အစေ့များကွဲခြင်း ဖြစ်စေနိုင်သောကြောင့် ရှောင်ကြဉ်သင့်ပါသည်။  
  • အရိပ်ထဲတွင် (၈-၁၀)နာရီကြာ ဖန့်အောင် အခြောက်ခံပြီးမှ နေရောင်နှင့်တိုက်ရိုက် အခြောက်ခံသင့်ပါသည်။
  • နေရောင်ခြည်အောက်တွင် လှန်းမည်ဆိုပါက မနက်ပိုင်း (၈-၁၂)နာရီ နှင့် မွန်းလွဲပိုင်း (၃-၅) နာရီအချိန်တို့တွင်သာ လှန်းသင့်ပါသည်။
  • နေ့လယ်ပိုင်း (၁၂-၃)နာရီကြားတွင် နေရောင်ခြည် ပြင်းအားများသောကြောင့် မျိုးစေ့၏ ရှင်သန်နိုင်မှု၊ အညှောက်ပေါက်နိုင်မှုကို ထိခိုက်နိုင်၍ ထိုအချိန်ကာလအပိုင်းအခြားတွင် လှန်းခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါသည်။ (မနက်ပိုင်းမှ ညနေပိုင်းထိ ဆက်တိုက်နေပူလှန်းထားခြင်းသည် အညှောက်ပေါက်ခြင်းကို ထိခိုက်စေသည်။)
  • အခြောက်ခံပြီးပါက ကျန်းမာသန်စွမ်းသော၊ ရှင်သန်အားကောင်းသောမျိုးများရရှိရန် ရောဂါကျသောမျိုး၊ မအောင်သောမျိုး၊ ကြေနေသောအစေ့၊ ကွဲပြားသောမျိုးစေ့များကို ဖယ်ထုတ်ထားဖို့လိုပါသည်။
  • အညာဒေသတွင် ဆန်ကော၊ ဆန်ကာများ အသုံးပြု၍ ၎င်းခြေွထားသော အစေ့များကို ပြာ၍/လှေ့၍ သန့်စင်ထားကြပါသည်။
  • မျိုးစေ့များကို နောက်ရာသီစိုက်ချိန်အထိ ထိန်းသိမ်းထားရမည်ဖြစ်သောကြောင့် သင့်လျော်စွာ သိုလှောင်ထားဖို့ လိုအပ်ပါသည်။
  • မျိုးစေ့များ အစိုဓာတ်များနေချိန် ထုပ်ပိုးထားပါက လျင်မြန်စွာ ရှင်သန်နိုင်စွမ်းကျသွားတတ်ပါသည်။
  • အချိန်ကာလတို သိုလှောင်ရန်အတွက် မျိုးစေ့များကို အစိုဓာတ် (၇-၈) ရာခိုင်နှုန်းအထိ လျှော့ချပြီး ထုပ်ပိုးထားနိုင်ပါသည်။ ကာလကြာရှည်စွာ သိုလှောင်မည်ဆိုပါကမူ အစိုဓာတ် (၆) ရာခိုင်နှုန်းထိလျှော့ချပြီး အစိုဓာတ်ကာကွယ်နိုင်‌သောအိတ်ဖြင့် ထုပ်ပိုးပြီး အေးမြခြောက်သွေ့သောနေရာတွင် သိမ်းဆည်းထားသင့်ပါသည်။ (40-60°F) အပူချိန် နှင့်  (40% အောက်) အစိုဓာတ်တို့တွင် သိုလှောင်နိုင်ပါသည်)
  • မျိုးစေ့များသည် လေထုထဲမှ အစိုဓာတ်များကို စုပ်ယူနိုင်သောကြောင့် လေလုံသောအိတ်များဖြင့် ထုတ်ပိုးထားသင့်ပါသည်။
  • captan (သို့) Thiram စသည့်မှိုဆေးများဖြင့် ကြက်သွန်မျိုးစေ့များကို လူးနယ်ပေးထားသင့်ပါသည်။  

ကိုးကား

https://agritech.tnau.ac.in/seed_certification/seed_veg_smallonion.html

https://dogr.icar.gov.in/index.php?option=com_content&view=article&id=55&Itemid=155&lang=en#:~:text=Since%20onion%20is%20highly%20cross,should%20be%20kept%201000%20m.

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်