တရုတ်နှစ်သစ်ကူးအလွန် ယခုအပတ် ဗီယက်နမ်ဆန်ဈေး မြင့်တက်လာပြီး အိန္ဒိယဆန်ဝယ်လက်များ မြန်မာ၊ ပါကစ္စတန်ဆန်ကို ပြောင်းဝယ်လာကြ

21/02/2022 13:00 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

တရုတ်နှစ်သစ်ကူး အလွန်ကာလမှာ ဆန်အရောင်းအဝယ်  ပြန်တက်လာပြန်တာကြောင့် ယခုအပတ်အတွင်း ဗီယက်နမ်ကနေ တင်ပို့တဲ့ဆန်ဈေးတွေ နှစ်လအတွင်း အမြင့်ဆုံးကို ရောက်ရှိလာပါတယ်။ အိန္ဒိယဆန်အပေါ် မှာတော့ ဝယ်လိုအား နည်းနေတာကြောင့် ဆန်ဈေးဟာ တစ်လအတွင်း အနိမ့်ဆုံးအခြေအနေမှာ ဆက်ရှိနေပါတယ်။

ဗီယက်နမ် ငါးမှတ်ဆန်ဈေးဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့တုန်းက တစ်တန်ကို ကန်ဒေါ်လာ ၄၀၀ ရှိခဲ့ရာ ဒီဇင်ဘာလလယ်နောက်ပိုင်း အမြင့်ဆုံးဖြစ်သလို ယခင်အပတ်က ပေါက်ဈေး ၃၉၅ ဒေါ်လာထက် မြင့်တက် လာတာ ဖြစ်ပါတယ်။

"တရုတ်နှစ်သစ်ကူးကာလအပြီး အရောင်းအဝယ် ပြန်စလာတာကြောင့် ဈေးအနည်းငယ် တက်သွားတာပါ။ ဝယ်လိုအားကလည်း မြင့်တက်နေပုံရပါတယ်" လို့ ဟိုချီမင်းစီးတီးမြို့အခြေစိုက် ကုန်သည်တစ်ယောက်က ပြောပါတယ်။ ဗီယက်နမ်မှာ မကြာခင် နွေဦးစပါး ပေါ်လုပေါ်ဆဲ အခြေအနေမှာ ကုန်သည်တွေဟာ လယ်သမား တွေဆီက ဆန်ကို အထိုက်အလျောက် ဝယ်ယူလျက်ရှိတယ်လို့ ၎င်းကုန်သည်က ပြောပါတယ်။

တောင်ကိုးရီးယားအစိုးရလက်အောက်ရှိ စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနဲ့ အစား အသောက်ကုန်သွယ်ရေး ကော်ပိုရေးရှင်းကနေ ဆန်တန်ချိန် ၇၂၂၀၀ ဝန်းကျင် တင်ဒါထုတ်ပြန်ဝယ်ယူမှာကို ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ဗီယက်နမ်ကုန်သည်အချို့က ပြောပါတယ်။

ဆန်တင်ပို့မှု ထိပ်ဆုံးနေရာမှာ ရှိနေတဲ့ အိန္ဒိယနိုင်ငံရဲ့ ငါးမှတ် ပေါင်းဆန်ဈေးနှုန်းကတော့ ၃၆၈ နဲ့ ၃၇၄ ဒေါ်လာ ကြားမှာ မပြောင်းမလဲ ရှိနေပါတယ်။ အဓိကဝယ်လက်နိုင်ငံတွေဆီက ဝယ်လိုအား တုံ့ဆိုင်းနေတာကြောင့် ဆန်ဈေးဟာ တစ်လကျော်အတွင်း အနိမ့်ဆုံးမှာပဲ ဆက်ရှိနေတာပါ။

"ဆန်ဖြူဝယ်လက်တွေက ဈေးပိုသက်သာတဲ့ မြန်မာနဲ့ ပါကစ္စတန်ဘက်ကို ပြောင်းဝယ်နေကြတယ်" လို့ နိုင်ငံရပ်ခြားကုန်သွယ်ရေးအဖွဲ့အစည်းတစ်ခုနဲ့ အလုပ်လုပ်နေတဲ့ မွန်ဘိုင်းမြို့အခြေစိုက် အိန္ဒိယကုန်သည် တစ်ဦးက ပြောပါတယ်။

အိန္ဒိယလယ်သမားတွေဟာ ယခုနှစ်မှာ ဆန်စပါးတန်ချိန် ၁၂၇ ဒသမ ၉၃ သန်းအထိ စံချိန်တင် ရိတ်သိမ်းရဖို့ ရှိပါတယ်။  ယခင်နှစ်က ထုတ်လုပ်မှုကတော့ တန်ချိန် ၁၂၄ ဒသမ ၃၇ သန်း ရှိခဲ့တာပါ။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ရာသီဥတုအခြေအနေပေးပြီး ဆန်ဈေးတက်နေချိန်မှာ လယ်သမားတွေက မိုးကောင်းသောက်စပါးစိုက်ဧက တိုးမြှင့်ခဲ့ကြတာကြောင့် ယခုနှစ်အထွက်နှုန်းဟာ တန်ချိန် ၁၅ သန်းအထိ မြင့်တက်လာဖို့ ရှိတယ်လို့ မျှော်လင့်ထားပါတယ်။

ဒါပေမဲ့ သီးနှံအထွက်ကောင်းပြီး အရန်ဆန် အများအပြား ရှိနေတဲ့တိုင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ပြည်တွင်းဆန်ဈေး မြင့်တက်မှု ပြဿနာကို ရင်ဆိုင်ဖြေရှင်းနေရဆဲဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ငါးမှတ်ပေါင်းဆန်ဈေးကတော့ ယခင်အပတ်က တစ်တန်ကို ၄၀၇-၄၁၅ ဒေါ်လာကြား ရှိခဲ့ရာကနေ ဒီတစ်ပတ်မှာ ၄၁၀-၄၂၀ ဒေါ်လာထိ မြင့်တက်လာပါတယ်။ ဘတ်ငွေဈေးဟာ ဖေဖော်ဝါရီလ ၁၁ ရက်နဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့အထိ ကြားကာလအတွင်း အမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင် ၁ ဒသမ ၇ ရာခိုင်နှုန်း တန်ဖိုးတက်ခဲ့ တာကြောင့် ဆန်ဈေး မြင့်တက်လာရတာလို့ ထိုင်းကုန်သည်တွေက ပြောပါတယ်။

ASIA RICE-VIETNAM RATES RISE AS ACTIVITY PICKS UP, INDIA MARKET SUBDUED

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်