မြေကျပ်တာကို ခံနိုင်ရည်ရှိပြီး ရွှံ့စေးဆန်မြေတွေမှာ ကောင်းစွာရှင်သန်နိုင်တဲ့ အပင် ၅ မျိုး

07/02/2023 11:00 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

မြေဆီလွှာ ကျစ်လျစ်သိပ်သည်းပြီး မြေကျပ်နေတာမျိုး တွေ့ကြုံဖူးပါသလား။ အချို့သော အပင်တွေဟာဆိုရင် ရွှံ့စေးဆန်တဲ့မြေကို ကောင်းစွာထိုးဖောက်နိုင်ပြီး လေးလံကျပ်သိပ်နေတဲ့ မြေဆီလွှာကို ပွယောင်းသွားစေတာမျိုး၊ လေဝင်လေထွက်ကောင်းစေတာမျိုးနဲ့ မြေဆီသြဇာ ပြန်လည်ဖြည့်တင်းပေးတာမျိုး ပြုလုပ်နိုင်ကြတာ ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် ၎င်းအပင်တွေဟာ စိုက်ခင်းမြေဆီလွှာကို ပြန်လည်ရှင်သန်စေနိုင်တဲ့ ဂေဟဗေဒစနစ်တခုကို ပံ့ပိုးပေးနိုင်တာလည်း ဖြစ်ပါတယ်။ 

ယခုဆောင်းပါးမှာ ဖော်ပြမဲ့ အပင် ၅ ပင်ကို ဟင်းသီးဟင်းရွက်စိုက်ခင်းတွေမှာ မြေဖုံးသီးနှံအနေနဲ့ စိုက်ပျိုးခြင်းဖြင့် မြေကျပ်တဲ့အခြေအနေတွေကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါအပင်တွေကို သီးနှံပင်တွေကြားမှာ ထည့်သွင်းစိုက်ပျိုးခြင်းအားဖြင့် မြေဆွေးအနေနဲ့လည်း ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် လုပ်အားမလိုဘဲ စိုက်ခင်းတွေမှာ သဘာဝမြေဆွေးထုတ်လုပ်ဖို့ လွယ်ကူတဲ့နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ 

အောက်ဖော်ပြပါ အပင်အချို့မှာ ရေသောက်မြစ်ပါရှိပြီး အချို့အပင်တွေမှာတော့ ထူထပ်သိပ်သည်းတဲ့ မြစ်မွှားတွေအများအပြား ပါရှိကြတာဖြစ်ပါတယ်။ သူတို့အားလုံးရဲ့ တူညီတဲ့အချက်ကတော့ ခက်ခဲကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်အခြေအနေကို ကောင်းစွာခံနိုင်ရည်ရှိပြီး ရှင်သန်ကြီးထွားနိုင်ကြတာ ဖြစ်ပါတယ်။ ဒါဆိုရင် ဘယ်အပင်တွေ ပါဝင်နေမလဲဆိုတာ လေ့လာကြည့်ရအောင်။ 

၁။ ဆေးပိုးနွယ်ရှင် Artichoke (Cynara scolymus)

ဒီအပင်ဟာ ခိုင်ခံ့သန်စွမ်းတဲ့ ရေသောက်မြစ်ပါရှိတာကြောင့် မြေအောက် ခပ်နက်နက်ကိုဆင်းနိုင်သလို မြေဖုံးပစ္စည်းအနေနဲ့ပါ မြေဆီလွှာအတွက် အကျိုးကျေးဇူး နှစ်ရပ်စလုံး ရရှိစေနိုင်တဲ့ အပင်ဖြစ်ပါတယ်။

ဒီအပင်ရဲ့ ရေသောက်မြစ်တွေဟာ လေးလံကျပ်သိပ်တဲ့ မြေဆီလွှာကို ထိုးဖောက်နိုင်ပြီး ကောင်းစွာရှင်သန်ပေါက်ရောက်နိုင်သလို ၎င်းတို့ကို စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်တဲ့ အပိုဆုတစ်ခုကတော့ စားသုံးနိုင်တာပဲ ဖြစ်ပါတယ်။ 

Imperial Star (သို့မဟုတ်) Colorado Red Star ကဲ့သို့သော ရာသီတိုမျိုးကွဲတွေဆိုရင် လျင်မြန်စွာကြီးထွားနိုင်ပြီး ပန်းအဖူးတွေကို ရိတ်သိမ်းခူးဆွတ်ပြီး စားသုံးနိုင်တာ ဖြစ်ပါတယ်။ 

အဖူးထွက်တဲ့အဆင့်မှာ ခူးဆွတ်ရိတ်သိမ်းပြီးပါက အပင်တစ်ပင်လုံးကို ခုတ်ထစ်ပြီး မြေဖုံးပစ္စည်းအနေနဲ့အသုံးပြုနိုင်သလို မြေဆီလွှာဖွဲ့စည်းတည်ဆောက်ပုံ ကောင်းစေဖို့အတွက် မြေထဲ ပြန်လည်ထည့်ပေးတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ အမြစ်တွေကိုတော့ မြေဆီလွှာထဲမှာ ချန်ထားခဲ့ခြင်းဖြင့် တဖြည်းဖြည်းဆွေးမြည့်ပြီး မြေဆီလွှာအတွက် ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ 

၂။ တရုတ်မုန်လာဥ (Chinese or Daikon Radish (Raphanus sativus))

တရုတ်မုန်လာဥတွေဟာ ရွှံ့စေးမြေကို ကောင်းစွာထိုးဖောက်နိုင်ပြီး မြေအနက် ၂၄ လက်မအထိ ဆင်းနိုင်တဲ့ ဟင်းသီးဟင်းရွက်တမျိုး ဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းတို့ဟာ စားသုံးဖို့အတွက်လည်း တော်တော်လေး အရသာရှိတာ ဖြစ်ပါတယ်။ 

၎င်းတို့ကို နွေဦး၊ နွေရာသီ သို့မဟုတ် မိုးရာသီမှာပါ စိုက်ပျိုးနိုင်တာဖြစ်ပါတယ်။  စိုက်ပြီး ရက်ပေါင်း ၅၀ ခန့်ဆိုရင် နုတ်ယူစားသုံးနိုင်ပါတယ်။ အချို့သော အပင်တွေကိုတော့ ပန်းပွင့်ပြီး ခြောက်သွေ့သေဆုံးသွားတဲ့အထိ စိုက်ခင်းထဲမှာ ထားနိုင်ပါတယ်။ ဒါမှမဟုတ် ၎င်းတို့ကို မြေပြင်ပေါ်မှာပဲ ခုတ်ထစ်ဖြတ်တောက်ပြီး ပုပ်သွားတဲ့အထိ ထားရှိနိုင်ပါတယ်။ 

အဆိုပါအပင်တွေ မြေဆီလွှာထဲမှာ ပုပ်သွားတဲ့အခါ ရွှံ့စေးဆန်တဲ့မြေကို ဖြိုခွဲပေးနိုင်ပြီး မြေဆွေးဓာတ်ကိုလည်း ဖြည့်တင်းပေးနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းရဲ့ပန်းပွင့်တွေဟာလည်း အကျိုးပြု အင်းဆက်တွေကို ဆွဲဆောင်နိုင်တာကြောင့် စိုက်ခင်းအတွက် ကောင်းကျိုးရှိစေမှာ ဖြစ်ပါတယ်။ 

၃။ ပဲလွမ်း (Cowpea (Vigna unguiculata))

အခြားသော ပဲမျိုးရင်းဝင် အပင်တွေကဲ့သို့ပင် ပဲလွမ်းဟာလည်း ခိုင်ခံ့သိပ်သည်းတဲ့ မြစ်မွှားတွေအများအပြား ပါရှိတာကြောင့် ရွှံ့မြေကို ထိုးဖောက်နိုင်တာဖြစ်ပါတယ်။ ဒါ့အပြင် နိုက်ထရိုဂျင်လည်း ဖမ်းယူပေးနိုင်တာကြောင့် မြေဆီလွှာကို အာဟာရဓာတ်ကြွယ်ဝစေပြီး သက်ဝင်လှုပ်ရှားစေနိုင်တာ ဖြစ်ပါတယ်။ 

ဒီအပင်တွေဟာ လျင်မြန်စွာ ကြီးထွားနိုင်တာကြောင့် ပေါင်းပင်တွေကို နှိမ်နင်းရာမှာထိရောက်သလို ၎င်းပန်းပွင့်တွေဟာလည်း အကျိုးပြုအင်းဆက်တွေကို ဆွဲဆောင်နိုင်တာဖြစ်ပါတယ်။ 

အမြစ်ကြီးထွားမှု အမြင့်ဆုံးရရှိစေဖို့ဆိုရင် နိုက်ထရိုဂျင်ဓာတ် များများထောက်ပံ့ပေးဖို့လိုအပ်ပြီး အပင်တွေကို ပန်းပွင့်နေစဉ်အတွင်းမှာ ဖြတ်တောက်ခုတ်ထစ်ပြီး မြေဆီလွှာထဲ ပြန်လည့်ထည့်ပေးနိုင်ပါတယ်။

၄။ မုန်ညင်း (Brassica spp.)

စားသုံးသူ အတော်များများ နှစ်သက်ကြတဲ့ Brassica မျိုးရင်းသီးနှံတွေဖြစ်ကြတဲ့ (ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ကိုက်လန်) စတဲ့အပင်တွေဟာလည်း မြေကြပ်တဲ့နေရာတွေမှာ ကောင်းစွာရှင်သန်နိုင်တာဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ၎င်းတို့မှာ ကြီးမားပြီး မြစ်မွှားများစွာ ပါဝင်တဲ့ အမြစ်စနစ်ရှိနေတာကြောင့် ရွှံ့စေးဆန်တဲ့ မြေတွေမှာဖောက်ထွင်း ရှင်သန်နိုင်တာ ဖြစ်ပါတယ်။

မုန်ညင်းအပင်တွေဟာ ဇီဝဒြပ်ထုကို ကောင်းစွာထုတ်လုပ်နိုင်တဲ့ အပင်တွေဖြစ်တာကြောင့် ၎င်းကို ခုတ်ထစ်ပိုင်းဖြတ်ပြီး သစ်စိမ်း မြေဩဇာအနေနဲ့ရော၊ သဘာဝမြေဖုံးပစ္စည်းအနေနဲ့ပါ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းဟာ မြေဆီလွှာထဲမှာရှိနေတဲ့ မြေဆောင်ရောဂါတွေကိုပါ ကာကွယ်နှိမ်နင်းပေးနိုင်တာ ဖြစ်ပါတယ်။

ဟင်းသီးဟင်းရွက် စိုက်ခင်းတွေမှာဆိုရင် နောက်သီးနှံမစိုက်မီ အနည်းဆုံး (၃)ပတ်အလို (သို့မဟုတ်) ပန်းပွင့်ချိန်မှာ မုန်ညင်းပင်တွေကို ခုတ်ထစ်ပိုင်းဖြတ်ပြီး မြေဆီလွှာထဲ ပြန်လည်ထည့်ပေးနိုင်ပါတယ်။ 

မုန်ညင်းပင်တွေကို ခုတ်ထစ်ပိုင်းဖြတ်ပြီး ထည့်ခြင်းနဲ့ နောက်သီးနှံစိုက်ပျိုးခြင်းတို့အကြား ၃ ပတ် ခြားရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ မုန်ညင်းပင်ဟာ ၎င်းရဲ့ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ဆောင်နေစဥ်အတွင်း မြေဆီလွှာပေါ်မှာ ဓာတုအဆိပ်အန္တရာယ် (allelopathic) သက်ရောက်မှု ရှိနိုင်တာကြောင့် ဖြစ်ပါတယ်။ 

၅။ နေကြာပန်း (Sunflower (Helianthus anuus))

နေကြာပန်းဟာလည်း သီးနှံစိုက်ခင်းတွေမှာ မြေဖုံးသီးနှံအနေနဲ့ ထည့်သွင်းစိုက်ပျိုးဖို့ သင့်တော်တဲ့သီးနှံတစ်မျိုး ဖြစ်ပါတယ်။ နေကြာပန်းတွေဟာ အင်းဆက်ပိုးမွှား ရာပေါင်းများစွာအပြင် ငှက်၊ ရှဉ့်စသည်တို့ကိုပါ ဆွဲဆောင်နိုင်တဲ့ အပင်ဖြစ်ပါတယ်။ ကြက်များအတွက်လည်း အစာအနေနဲ့အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ 

ဆောင်းရာသီနှောင်းပိုင်းမှာ နေကြာပင်တွေကို ခုတ်ထစ်ဖြတ်တောက်ပြီး မြေဆီလွှာထဲပြန်ထည့်ပေးနိုင်ပါတယ်။ အမြစ်များကိုတော့ မြေဆီလွှာထဲချန်ထားခဲ့ခြင်းဖြင့် ပြိုကွဲဆွေးမြည့်စေပြီး မြေဆီလွှာကို အာဟာရဓာတ်ကြွယ်ဝစေမှာ ဖြစ်ပါတယ်။

နေကြာအမြစ်တွေဟာ မြေဆီလွှာပေါ်မှာ ဓာတုအဆိပ်အန္တရာယ် (allelopathic) အကျိုးသက်ရောက်မှုရှိတာကြောင့် နောက်စိုက်မဲ့သီးနှံတွေမှာ ပြဿနာမဖြစ်စေဖို့အတွက် ကောင်းစွာဆွေးမြည့်အောင်ထားဖို့တော့ လိုအပ်ပါတယ်။ 

ဇင်ထူးနိုင် 

Ref: https://www.tenthacrefarm.com/ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်