နေကြာမျိုးနွယ်ဝင် Vincent’s Choice ဆိုတာ…..

05/10/2020 19:00 PM တွင် မဆုမြတ်ခင် မဆုမြတ်ခင် မှ ရေးသား

     Helianthus annuus လို့ သိပ္ပံအမည်တွင်တဲ့ နေကြာပန်းလေးတစ်မျိုးကိုတော့ တစ်ကမ္ဘာလုံးက Vincent’s Choice ရယ်လို့ အမည်ပေးခေါ်ဝေါ်ကြပါတယ်။ သူက ပုံမှန်မြင်တွေ့နေကျ နေကြာပန်းကလေးတွေနဲ့ ပုံသဏ္ဍာန်ခပ်ဆင်ဆင်တူပေမယ့်လည်း တစ်မူကွဲပြားပြီး လှပပါတယ်။ ဒါ့ကြောင့်လည်း သူ့ကို ဆီထွက်သီးနှံအဖြစ် မစိုက်ပျိုးကြဘဲ cut flower အနေနဲ့ အသုံးပြုဖို့ စိုက်ပျိုးကြတာပဲဖြစ်ပါတယ်။ cut flower ဆိုတာဟာ ပန်းအနေနဲ့ အသုံးပြုဖို့ပါ။ အခုနောက်ပိုင်း တော်တော်များများက လက်ဆောင်ပန်းစည်းတွေလုပ်တဲ့အခါမှာ ဒီ Vincent’s choice ပန်းလေးတွေကို အသုံးများလာကြတာ သတိထားမိကြမှာပါ။ ဒါ့ကြောင့် ဦးကြီးတို့အနေနဲ့ ဗဟုသုတလည်းရ ကိုယ်တိုင်လည်းစိုက်ပျိုးနိုင်အောင်လို့ ဒီပန်းလေးကို ဘယ်လိုစိုက်ပျိုးနိုင်လဲ၊ ဘယ်လိုခူးဆွတ် ထိန်းသိမ်းနိုင်လဲ အစရှိတဲ့ အကြောင်းအရာတွေကို ဒီဆောင်းပါးမှာ ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

     ဒီ Vincent’s Choice နေကြာပင်လေးတွေဟာ တစ်ရာသီခံပင်အမျိုးအစားဖြစ်ပြီး အပင်အရပ်မြင့်တဲ့အထဲ ပါဝင်ပါတယ်။ တစ်ရာသီခံအပင်ဖြစ်လို့ ကြီးထွားနှုန်းလည်းမြန်ပါတယ်။ ပန်းတစ်ပွင့်ချင်းစီဟာဆိုရင် ၁၂ လက်မလောက် အကျယ်ရှိပြီး နေကြာမျိုးရင်းဖြစ်တာကြောင့် နေကိုလည်း အရမ်းကြိုက်ပါတယ်။ သူ့ရဲ့ ပန်းပွင့်လေးတွေက နေထွက်တဲ့ဘက်ကို မျက်နှာမူပြီး နေလုံးသွားရာနောက် တောက်လျှောက်လိုက်တတ်ပါတယ်။ သူတို့ဟာ စိုက်ပြီး ၅၅ ရက်လောက်ကနေစကာ ပန်းပွင့်လေးတွေ ပွင့်တတ်ကြပါတယ်။ သူတို့စပွင့်ပြီဆိုတာနဲ့ ပန်းပွင့်တွေက မရပ်မနား ဆက်တိုက်ပွင့်နိုင်ကြပါတယ်။

စိုက်ပျိုးရာသီ

    အဓိကကတော့ ပူနွေးတဲ့ရာသီဥတုမှာ စိုက်နိုင်ပါတယ်။ အများစုကတော့ ဧပရယ်မှ ဂျူလိုင်လလယ်အတွင်း စိုက်ကြပါတယ်။ တစ်ချို့ဒေသတွေမှာတော့ မတ်လလယ် ဒါမှမဟုတ် ဧပရယ်လအစပိုင်းလောက်မှာ စိုက်ပျိုးကြပါတယ်။ 

စိုက်ပျိုးမည့်နေရာရွေးချယ်ခြင်းနှင့် ပြင်ဆင်ခြင်း

    • နေကြာမျိုးရင်းဖြစ်တဲ့အတွက် သူ့ကို နေရောင်ခြည်ကောင်းကောင်းရတဲ့နေရာမှာ စိုက်ပေးဖို့ လိုအပ်ပါတယ်။ တစ်နေ့တာနေရောင်ခြည် ၆ နာရီမှ ၈ နာရီကြာရရှိနိုင်မယ့် နေရာမျိုးဖြစ်ဖို့ လိုအပ်ပါတယ်။ 

    • ရေစီးဆင်းမှုကောင်းပြီး ရေသွင်းရေထုတ်လုပ်လို့ကောင်းတဲ့ မြေမျိုးဖြစ်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် မိုးရွာပြီးတဲ့အခါ ရေအိုင်မကျန်ခဲ့တဲ့ မြေမျိုးဖြစ်ရပါမယ်။

    • ဒီအပင်တွေက မြေသိပ်မရွေးပါဘူး။ ဒါပေမယ့် အရမ်းမသိပ်သည်းတဲ့ မြေမျိုးဖြစ်ဖို့တော့ လိုအပ်ပါတယ်။ ဘာလို့ဆို သူ့ရဲ့အမြစ်တွေက ရှည်လျားပြီး မြေအောက်ကို နက်နက်ဆင်းတတ်ပါတယ်။ 

    • ဒါ့ကြောင့် မြေပြင်တဲ့အခါမှာ အနက် ၂ ပေ တူးပေးဖို့ လိုအပ်ပါတယ်။ 

    • သူက မြေချဉ်တာကို မကြိုက်ပေမယ့် နည်းနည်းချဉ်တာကိုတော့ လက်ခံနိုင်ပါတယ်။ အကြိုက်ဆုံးအနေထားကတော့ pH 6-7.5 လောက်ပဲ ဖြစ်ပါတယ်။ သူကချဉ်တာထက်စာရင် ငန်တဲ့ဘက်ကို ပိုကြိုက်ပါတယ်။

    • သူ့ကို စိုက်မယ်ဆိုရင် မြေဆီဩဇာများများထည့်ထားပေးဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် မြေပြင်တဲ့အခါမှာ တူးထားတဲ့ မြေကြီးထဲကို မြေဆွေးတွေ မြေဩဇာတွေရောပြီးထည့်ထားဖို့ လိုအပ်ပါတယ်။

    • နောက်တစ်ချက်က သူတို့ကို စိုက်တော့မယ်ဆိုရင် လေကွယ်တဲ့နေရာဖြစ်ဖို့ လိုအပ်ပါတယ်။ ခြံစည်းရိုးတွေ ဒါမှမဟုတ် အဆောက်အအုံတစ်ခုခုနားတွေကပ်စိုက်ရင်တော့ ပိုအဆင်ပြေပါတယ်။ ဘာလို့ဆို သူတို့က လေပြင်းဒဏ်ကို မခံနိုင်လို့ပါ။ 

စိုက်ပျိုးခြင်း

    • သူ့ကို စိုက်မယ်ဆိုရင်တော့ ပြင်ပြီးသားမြေကို လက်နဲ့ အနက် ၁ လက်မကနေ ၁ လက်မခွဲလောက် ထိုးလိုက်ပြီး အစေ့ကို ထည့်စိုက်နိုင်ပါတယ်။ တစ်စေ့နဲ့ တစ်စေ့ကိုတော့ ၆ လက်မခြားပြီး စိုက်နိုင်ပါတယ်။ 

    • တစ်ကျင်းမှာဆိုရင် နှစ်စေ့ သုံးစေ့ ထည့်စိုက်နိုင်ပြီး အပင်အမြင့် ၆ လက်မလောက်ရောက်လာတဲ့အချိန်မှာတော့ အသန်ဆုံးအပင်ကိုချန်ပြီး ကျန်တဲ့အပင်တွေကို မှုန်းပေးနိုင်ပါတယ်။

    • မိမိစိုက်တဲ့ မျိုးပေါ်မူတည်ပြီး တစ်တန်းနဲ့ တစ်တန်းကြားကို ၃၀ လက်မလောက် ခြားပေးနိုင်ပါတယ်။ တစ်ချို့မျိုးတွေက ကိုင်းတွေဖြာတတ်တာကြောင့် ပင်ကြားတန်းကြား ကျယ်ကျယ်ထားပေးဖို့ လိုအပ်ပါတယ်။ ပုံမှန်အားဖြင့် ပင်ကြားအနေနဲ့ ၆ လက်မစီ ထားပေးနိုင်ပါတယ်။

    • ပြီးတော့ စိုက်ချိန်မှာ မြေဩဇာနည်းနည်းထည့်ပေးထားတာက အပင်တွေကို ပိုပြီးကြံ့ခိုင်သန်မာစေပါတယ်။

    • သတိထားရမယ့် အချက်က မျိုးစေ့တွေကို ငှက်တွေချီနိုင်တာကြောင့် အပင်မပေါက်ခင်အထိ အပေါ်ကနေ ပိုက်ကွန်အုပ်ထားဖို့ လိုပါတယ်။ 

အပင်ပြုစုခြင်း

    • အပင်ငယ်စဉ်မှာ အမြစ်ဇုန်ထိရောက်နိုင်အောင် ရေလောင်းပေးရပါမယ်။ အဲ့ဒီအရွယ်မှာဆိုရင် အမြစ်က ၃ လက်မကနေ ၄ လက်မအနက်လောက် ရောက်နိုင်ပါတယ်။ 

    • အပင်ငယ်တုန်းမှာ ခရုနဲ့ ပက်ကျိအန္တရာယ်ကိုလည်း ကာကွယ်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် ပင်စည်ပတ်ပတ်လည်မှာ မျှားစာချတာမျိုး လုပ်သင့်ပါတယ်။

    • အပင်ကြီးထွားလာပြီဆိုရင်တော့ ရေကို အကြိမ်ကြိမ်လောင်းဖို့ မလိုအပ်တော့ပါဘူး။ ဒါပေမယ့် ရာသီဥတုပေါ်မူတည်ပြီး တစ်ပတ်မှာ တစ်ကြိမ်လောက်တော့ လောင်းပေးရပါမယ်။ လောင်းတဲ့အခါမှာလည်း ရေဂါလံနဲ့ချီပြီး ရွှဲရွှဲလောင်းပေးဖို့ လိုအပ်ပါတယ်။ ဘာလို့ဆို သူ့ရဲ့အမြစ်က တော်တော်လေးနက်နက်ထိ ဆင်းနိုင်လို့ပါ။

    • အပင်ပိုကောင်းစေချင်ဇောနဲ့ မြေဩဇာအများကြီးကျွေးဖို့ မလိုအပ်ပါဘူး။ အဲ့လိုအများကြီးကျွေးတာက အူကွဲ(ပင်စည်ကွဲ)စေတတ်ပါတယ်။

    • ပြီးတော့ ပင်စည်ခြေရင်းကပ်ပြီး မြေဩဇာပုံကျွေးတာမျိုး ရှောင်သင့်ပါတယ်။ ကျွေးမယ်ဆိုရင် ၁၈ လက်မလောက် ပင်ခြေကနေခွာပြီး ပတ်လည်လမ်းကြောင်းလေးလုပ်ကာ ကျွေးသင့်ပါတယ်။

    • ဒီအပင်တွေက အပင်ရှည်မျိုးတွေဖြစ်တဲ့အတွက် ခဏတစ်ဖြုတ်လောက် ဝါးတိုင်တွေ ထောက်ထားပေးဖို့ လိုအပ်ပါတယ်။ ပင်စည်တွေ ပြန်ပြီးတောင့်တင်းလာပြီဆိုရင်တော့ ဝါးတိုင်တွေကို ဖြုတ်နိုင်ပါတယ်။

ဖျက်ပိုးနှင့် ရောဂါများ

    • ဖျက်ပိုးတွေအနေနဲ့ဆိုရင်တော့ သိပ်ကျတာမရှိပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေမှာ ခဲရောင်ဖလံသေးသေးလေးတွေတော့ ကျတတ်ပါတယ်။ သူတို့က ပန်းပွင့်ထဲမှာ ဝင်ပြီးဥကြပါတယ်။ ဆေးဖျန်းစရာမလိုတဲ့အတွက် အဲ့လိုအကောင်လေးတွေတွေ့ခဲ့ရင် အပင်ကနေကောက်ပြီး လွှတ်ပစ်လိုက်ပါ။ ဒါမှမဟုတ် ဖျက်ဆီးပစ်လိုက်ပါ။

    • အခြားအဖျက်အနေနဲ့ ရှိတတ်တာကတော့ ငှက်တွေ၊ ရှဉ့်တွေနဲ့ သမင်တွေပဲဖြစ်ပါတယ်။ ငှက်တွေရှဉ့်တွေ အတွက်ကတော့ အပင်မပေါက်ခင်အထိ ပိုက်ကွန်စအုပ်ထားဖို့လိုမှာဖြစ်ပြီး သမင်တို့ ဆိတ်တို့ နွားတို့လိုသတ္တဝါတွေအတွက်တော့ ဝိုင်ယာကြိုးတွေတားပြီး ကာကွယ်နိုင်ပါတယ်။

    • ရောဂါအနေနဲ့ကတော့ ဒေါင်းနီးမှိုရောဂါ၊ သံချေးရောဂါနဲ့ ဖားဥမှိုရောဂါတွေ ကျတတ်ပါတယ်။ မှိုရောဂါတွေ ဖြစ်တာကြောင့် ကျရောက်တာကိုသိတာနဲ့ ချက်ချင်း သက်ဆိုင်ရာမှိုသတ်ဆေးတစ်မျိုးမျိုးကို စနစ်တကျ ဖျန်းပေးဖို့ လိုအပ်ပါတယ်။

ရိတ်သိမ်ခြင်းနှင့် သိုလှောင်ခြင်း

    • အိမ်တွင်းအလှဆင်ပန်းထိုးဖို့အတွက်ရည်ရွယ်ပြီး ဖြတ်မယ်ဆိုရင်တော့ ပင်စည်မကြီးကနေ ဖြတ်ရမှာဖြစ်ပါတယ်။ ဖြတ်တဲ့အခါမှာလည်း ပန်းဖူးလေးတွေဟာ မကြာခင်ပွင့်တော့မယ့်အနေအထားရှိရပါမယ်။

    • ပန်းဖြတ်တဲ့အခါ မနက်ပိုင်းစောစောဖြတ်ပေးဖို့ လိုအပ်ပါတယ်။ ဘာလို့ဆို နေ့လည်ပိုင်းသာဖြတ်ခဲ့ရင် ပန်းပွင့်လေးတွေက ညှိုးသွားနိုင်လို့ပါ။

    • ဖြတ်ပြီးသားပန်းပွင့်တွေကို ကိုင်တဲ့အခါမှာလည်း ညင်ညင်သာသာကိုင်ဖို့ အရေးကြီးပါတယ်။

    • ပန်းပွင့်တွေကို ပုံမှန်အခန်းအပူချိန်အောက်မှာ ရေစိမ်ပေးထားမယ်ဆိုရင် အနည်းဆုံး တစ်ပတ်လောက်ခံပါတယ်။

    • ပန်းပွင့်တွေရဲ့ ခေါင်းပိုင်းဟာ ဝိတ်များတာဖြစ်လို့ သူတို့ကို ဝိတ်မျှဖို့ဆိုရင် ရေထည့်စိမ်ထားရမယ့်ခွက်က မြင့်နေဖို့ လိုအပ်ပါတယ်။

    • ပြီးရင်တော့ ရေကို နေ့တိုင်း ပုံမှန်လဲပေးရပါမယ်။ အဲ့ဒါမှသာ ပန်းပွင့်တွေက ရက်အတော်ကြာ လန်းနေနိုင်မှာ ဖြစ်ပါတယ်။

 

Reference

https://www.almanac.com/plant/sunflowers#:~:text=Sunflowers%20should%20be%20planted%201,varieties%20that%20will%20branch%20out.

https://www.gardenia.net/plant/helianthus-annuus

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်