ဇူလိုင်လသည် မိုးရာသီစိုက်ပျိုးရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရသည့် ကာလဖြစ်ပြီး မိုးယာသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးနှင့် မိုးစပါးသီးနှံများ၏ အထွက်နှုန်းတိုးတက်မြင့်မားရေးအတွက် အရေးပါသောလတစ်လ ဖြစ်ပါသည်။
ဤလအတွင်း သီးနှံအလိုက် လိုအပ်သော စိုက်ခင်းပြုစုဂရုစိုက်မှု၊ မြေဩဇာ အာဟာရဖြည့်ဆည်းမှု၊ ပေါင်းမြက်၊ ရောဂါနှင့် ဖျက်ပိုးများအား စနစ်တကျ ကာကွယ် နှိမ်နင်းခြင်းတို့ကို အချိန်မီ ဆောင်ရွက်နိုင်ရေးသည် သီးနှံဖြစ်ထွန်းမှုအပေါ် များစွာအကျိုး သက်ရောက်စေပါသည်။
ထို့ကြောင့် မိုးယာသီးနှံများနှင့် မိုးစပါးသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ သိရှိသင့်သည်များကို စိုက်ပျိုးသုတပေးဝေမျှ လိုက်ရပါသည်။
၁။ ယာသီးနှံများ
နှမ်းလျင်သီးနှံ
အပင်ဖြစ်ထွန်းချိန်နှင့် ပန်းပွင့်ချိန်/အသီးစတင်ဖြစ်ပေါ်ချိန်များဖြစ်သဖြင့် မြေတွင်း အစိုဓာတ်လုံလောက်နေပါက နိုက်ထရိုဂျင်မြေသြဇာ ဖြည့်တင်းပေးသင့်သည်။ အာဟာရမြေသြဇာမကျွေးမီ စိုက်ခင်းအတွင်းရှိ ပေါင်းမြက်များကို ဦးစွာရှင်းလင်းထားရန်လိုသည်။
ရောဂါနှင့် ဖျက်ပိုးအန္တရာယ်များကို ဘက်စုံကာကွယ်နှိမ်နင်းရေးနည်းစနစ် (IPM) ဖြင့် ကာကွယ်နှိမ်နင်းသင့်ပါသည်။
ပဲတီစိမ်းသီးနှံ
အပင်ကြီးထွားချိန်နှင့် သီးပွင့်ချိန်တို့တွင် နိုက်ထရိုဂျင်နှင့် ပိုတက်စီယမ်မြေသြဇာ များလိုအပ်နိုင်သည်။ အချိန်မီ ဖြည့်တင်းပေးသင့်သည်။ မြေသြဇာမကျွေးမီ စိုက်ခင်း အတွင်းရှိ ပေါင်းမြက်များကို ဦးစွာရှင်းလင်းထားသင့်ပါသည်။
အစေ့ထုတ်ပြောင်းသီးနှံ
(၃)ပတ်သားအရွယ် ကြားထွန်လိုက်ချိန်နှင့် (၅–၆)ပတ်သား ဘောင်တင်ချိန်တို့ တွင် နိုက်ထရိုဂျင်နှင့် ပိုတက်စီယမ်မြေသြဇာများကို ဖြည့်တင်းပေးသင့်သည်။
မြေသြဇာမကျွေးမီ အပင်ခြေအနီးရှိ ပေါင်းမြက်များကို ရှင်းလင်းထားသင့်ပါသည်။
အပင်ပေါက်ပြီး တစ်လသားအတွင်း ပေါင်းမြက်ကင်းစင်စေရေးနှင့် စိုက်ခင်းအတွင်း ရေမဝပ်စေရေးကို အထူးဂရုပြုသင့်သည်။ ရောဂါနှင့် ဖျက်ပိုးများအတွက် ဘက်စုံ ကာကွယ်နှိမ်နင်းရေးနည်းစနစ်အသုံးပြသင့်ပါသည်။
မိုးမြေပဲသီးနှံ
စိုက်ပြီး တစ်လသားမတိုင်မီ ကြားပေါင်းလိုက်ခြင်း၊ လက်ပေါင်းလိုက်ခြင်းနှင့် ကြားတိုက်ခြင်းများကို ပြီးစီးအောင် ဆောင်ရွက်ထားသင့်သည်။ နိုက်ထရိုဂျင်နှင့် ပိုတက်စီယမ်မြေသြဇာများကို အပင်ကြီးထွားချိန်၊ မြေအစိုဓာတ်လုံလောက်ချိန်တွင် ဆုံးရှုံးမှုနည်းစေရန် အကြိမ်ခွဲ၍ ဖြည့်တင်းပေးသင့်သည်။ မြေသြဇာမကျွေးမီ စိုက်ခင်းအတွင်းရှိ ပေါင်းမြက်များကို ပြောင်စင်အောင် ရှင်းလင်းထားသင့်သည်။
ရောဂါနှင့် ဖျက်ပိုးအန္တရာယ်များကို ဘက်ပေါင်းစုံကာကွယ်နှိမ်နင်းရေးနည်းစနစ်ဖြင့် ဆောင်ရွက်သင့်ပါသည်။

၂။ မိုးစပါးသီးနှံ
စပါးမျိုးအလိုက် စိုက်ပျိုးချိန် မှန်ကန်ရေး
မည်သည့်စပါးမျိုးကိုမဆို ဇူလိုင်လလယ်(သို့မဟုတ်) ဇူလိုင်လကုန်ထက် နောက်မကျဘဲ ပြောင်းရွှေ့ကောက်စိုက်ခြင်း (သို့မဟုတ်) တိုက်ရိုက်မျိုးစေ့ချခြင်းတို့ကို အပြီးဆောင်ရွက်ရန် လိုအပ်ပါသည်။ အကြောင်းမှာ-
အလင်းရောင်တုံ့ပြန်မှုရှိသော စပါးမျိုးများ (Photoperiod Sensitive)
ရာသီစပါးမျိုးများဖြစ်ပါက ပန်းပွင့်မည့်ရက်စွဲမှာ ပုံသေ (Date Fixed) ဖြစ်၍ ပျိုးထောင်ချိန် စောသည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ ၎င်းတို့ပွင့်ရမည့် ရာသီအချိန် ရောက်မှသာ ပန်းပွင့်ကြပါမည်။ ထို့ကြောင့် ပန်းမပွင့်မီ အပင်လုပ်ချိန် (အပင်ကြီးထွား ချိန်) လုံလောက်စွာရရှိရန် အလွန်အရေးကြီးသဖြင့် ဇူလိုင်လကုန်ထက် နောက်မကျဘဲ ပြောင်းရွှေ့ကောက်စိုက်ပြီး ဖြစ်ရန် ဖြစ်ပါသည်။
အလင်းရောင်တုံ့ပြန်မှုမရှိသော စပါးမျိုးများ (Photoperiod Insensitive) တွင် အထွက်ကောင်းစပါးမျိုးများ (High Yielding Variety) နှင့် စပ်မျိုးစပါးများ (Hybrid) ပါဝင်ရာ ၎င်းတို့သည် ဘယ်အချိန်တွင်စိုက်စိုက် ၎င်းတို့၏ သတ်မှတ်သက်တမ်းရက်စေ့ လျှင် သီးပွင့်ရင့်မှည့်သည့် သဘာဝရှိ၍ စိုက်ချိန်မှန်ကန်စွာ စိုက်ပျိုးမှသာ ရိတ်သိမ်းချိန် မှန်ကန်ပြီး အထွက်နှုန်း မြင့်မားမည် ဖြစ်ပါသည်။
ထို့ပြင် စောစီးစွာ ရိတ်သိမ်းနိုင်ခြင်းကြောင့် နောက်သီးနှံ (သီးထပ်သီးနှံ) စိုက်ပျိုး ရန်အတွက်လည်း အချိန်ပိုမို ရရှိစေမည် ဖြစ်ပါသည်။
ပင်ပိုင်းကြီးထွားသည့်ကာလ (Vegetative Phase)
စပါးအထွက်နှုန်းမြင့်မားစွာ ရရှိနိုင်ရန်အတွက် စပါးပင်၏ ကြီးထွားမှုအဆင့်ဆင့်ကို သေချာစွာသိရှိပြီး အဆင့်အလိုက် လိုအပ်သော ပြုစုဂရုစိုက်မှုများကို စနစ်တကျ ဆောင်ရွက်ရန် အလွန်အရေးကြီးသည်။
ဇူလိုင်လတွင် ဒေသအလိုက် ပျိုးထောင်ဆဲ၊ တိုက်ရိုက်မျိုးစေ့ချပြီးစ သို့မဟုတ် အပင်ငယ် ရှင်သန်ကြီးထွားဆဲဖြစ်သဖြင့် စပါးစိုက်ခင်းအများစုသည် ပင်ပိုင်းကြီးထွား သည့်ကာလတွင် ရှိနေကြမည် ဖြစ်ပါသည်။
ယခုမှ ပျိုးထောင်မည်ဖြစ်ပါက ပျိုးပင်များ သန်စွမ်းတုတ်ခိုင်ပြီး အပင်ငယ်များ ဖြစ်ထွန်းလွယ်စေရန် မျိုးကောင်းမျိုးသန့်ကိုသာ ရွေးချယ်စိုက်ပျိုးရမည်ဖြစ်ပြီး မစိုက်ပျိုးမီ အပင်ပေါက်ရာခိုင်နှုန်းကိုလည်း စမ်းသပ်ရပါမည်။
ပျိုးခင်းကို မြေဆီဩဇာ ထက်သန်ကောင်းမွန်သော လယ်ကွက်တွင်သာ ပျိုးထောင်သင့်ပါသည်။ စိုက်ပျိုးမည့် စပါးမျိုးအလိုက် သတ်မှတ်ထားသော စနစ်မှန် ပျိုးထောင်နည်းစနစ်ကို တိကျစွာ လိုက်နာရန် လိုအပ်ပါသည်။
စပါးပင်များ ရှင်သန်နေကြပြီဖြစ်ပြီး အပင်ပွားခြင်း (Tillering) နှင့် ပင်စည်ရှည် ထွက်ခြင်း (Stem Elongation) အဆင့်များသို့ ရောက်ရှိသော စိုက်ခင်းများတွင် စပါးပင် များ သန်စွမ်းစွာ ရှင်သန်ရန်၊ အပင်ပွားနှုန်းကောင်းရန်နှင့် ပင်စည်ရှည်ထွက်နိုင်ရန် အာဟာရဓာတ် လုံလောက်စွာ ရရှိဖို့ လိုအပ်ပါသည်။ ထို့ကြောင့် နိုက်ထရိုဂျင် (ယူရီးယား)မြေသြဇာကို စနစ်တကျ ကျွေးပေးရန် ဖြစ်ပါသည်။
စိုက်ခင်းအတွင်း ပိုးမွှားနှင့် ရောဂါများ ကျရောက်မှု ရှိ၊ မရှိ အစဉ်တစိုက် ကွင်းဆင်းစစ်ဆေးပြီး ကြိုတင်ကာကွယ် နှိမ်နင်းခြင်းများကို ဆောင်ရွက်ရန်လိုပါသည်။
စနစ်တကျ မြေသြဇာကျွေးရေး
စပါးစိုက်လယ်မြေ၏ မြေဆီလွှာသည် စပါးပင်လိုအပ်သော အာဟာရဓာတ်ကို အပြည့်အဝ မဖြည့်ဆည်းပေးနိုင်သဖြင့် သဘာဝမြေသြဇာ နှင့် ဓာတ်မြေသြဇာ နှစ်မျိုးလုံး ကို မျှတစွာ ထည့်သွင်းပေးရန် ဖြစ်ပါသည်။
စပါးမစိုက်ပျိုးမီ အနည်းဆုံး သီတင်းနှစ်ပတ် (၁၄ ရက်) ခန့် ကြိုတင်၍ ထွန်ရေးတမန်း ပြုပြင်စဉ်ကပင် လယ်ကွက်အတွင်း သဘာဝမြေသြဇာကို ညီညာစွာ ပက်ကြဲ၍ မြေနှင့်သမအောင် ထွန်မွှေ ထည့်သွင်းပေးသင့်ပါသည်။
စပါးပင်အတွက် မရှိမဖြစ်လိုအပ်သော နိုက်ထရိုဂျင် (N)၊ ဖော့စဖောရပ် (P) နှင့် ပိုတက်စီယမ် (K) ဓာတ် (၃) မျိုးလုံး ပါဝင်စေရန် မစိုက်ပျိုးမီ မြေဆီလွှာကို ဓာတ်ခွဲ စစ်ဆေးပြီး လိုအပ်သည့် ပမာဏအတိုင်း မြေခံမြေသြဇာ ထည့်သွင်းရန်
(သို့မဟုတ်) N၊ P၊ K အာဟာရဓာတ်များ ပေါင်းစပ်ပါဝင်သော ကွန်ပေါင်း (Compound) ဓာတ်မြေသြဇာ ကို မြေခံအဖြစ် ထည့်သွင်းပေးသင့်ပါသည်။
နိုက်ထရိုဂျင်(ယူရီးယား) မြေသြဇာသည် အကြောင်းအမျိုးမျိုးကြောင့် လေလွင့်ဆုံးရှုံးလွယ်ပြီး စပါးပင်က ကျွေးသလောက် အပြည့်အဝမရရှိနိုင်သောကြောင့် မြေသြဇာကို တစ်ကြိမ်တည်းမကျွေးဘဲ အကြိမ်ကြိမ် ခွဲ၍ (လီ၍) ကျွေးပေးရန် ဖြစ်ပါသည်။ ဤသို့ လီ၍ကျွေးခြင်းဖြင့် မြေသြဇာကုန်ကျစရိတ်ကို ၁၀ % မှ ၁၅ % အထိ သက်သာစေသည်။ တစ်ဧက စပါးအထွက်နှုန်းကိုလည်း ၁၇ % အထိ ပိုမိုတိုးတက် မြင့်မားစေသည်ဟု သိရှိရပါသည်။
ဇူလိုင်လအတွင်း ဖော်ပြပါ ဆောင်ရွက်သင့်သည်များကို စိုက်ပျိုးသုတရရှိကြပြီး စိုက်ပျိုးထားသော မိုးယာသီးနှံများအောင်မြင်ကာ မိုးစပါးအထွက်နှုန်းမြင့်မားခြင်းဖြင့် အကျိုးအမြတ်ဝင်ငွေကောင်းကြစေလိုပါသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။