ရာသီဥတုပြောင်းလဲမှုနှင့်အညီ သီးနှံစိုက်ပျိုးရေး

11/05/2022 10:30 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

     ယနေ့လူသားမျိုးနွယ်တွေ အကြီးမားဆုံးရင်ဆိုင်ကြုံတွေ့နေရသော အဟန့်အတား များစွာတွင် ရာသီဥတုပြောင်းလဲမှုက တစ်ခုအပါအဝင်ဖြစ်သည်။ ရာသီဥတုပြောင်းလဲမှု ဆိုတာ နှစ်ပေါင်းများစွာအတွင်း ယေဘုယျအားဖြင့် ဒေသတစ်ခုမှာ တစ်နှစ်တာ၏ အချိန်အလိုက်ဖြစ်လေ့ရှိသော ပျမ်းမျှ မိုးလေဝသအခြေအနေလို့ဆိုပါသည်။

 

     လေထုအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့များ များပြားလာခြင်းကြောင့် ရာသီဥတု ပြောင်းလဲလာရသည်ဟု သိထားသည်။ အဆိုပါဓာတ်ငွေ့များအနက် ကာဗွန်ဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့သည် ရာသီဥတုပြောင်းလဲမှုကို အများဆုံးဖြစ်စေသည်။ ထိုဓာတ်ငွေ့သည် နေ၏အပူကိုစုပ်ယူသည်။ ဤသို့ဖြင့် ကမ္ဘာ့အပူချိန်မြင့်တက်လာရသည်ဟု ဖတ်ဖူးပါသည်။

 

     ရာသီဥတုပြောင်းလဲမှုက ကမ္ဘာနှင့်အဝှမ်းဖြစ်ပေါ်နေခြင်းဖြစ်သည်။ ဖြစ်ပေါ်ရသည့် အကြောင်းရင်းများစွာအနက် စက်မှုလုပ်ငန်းများတိုးတက်ထွန်းကားလာခြင်း၊ စွမ်းအင်တွေ သုံးစွဲခြင်း၊ ရုပ်ကြွင်းလောင်စာများအသုံးပြုခြင်းနှင့် သစ်တောပြုန်းတီးခြင်းတို့သည်  လူ့ပယောဂပင်ဖြစ်သည်။ လူတို့၏ လုပ်ဆောင်ချက်များသည် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ ထွက်ပေါ်စေသည့်အကြောင်းရင်းများပင် ဖြစ်ပါသည်။ 

 

စိုက်ပျိုးရေးအတွက် ဆိုးကျိုးသက်ရောက်မှုတွေ မြောက်များစွာရှိပါသည်။ စိုက်ပျိုး ရာသီတွေတိုကုန်သည်။ အပူချိန်တွေ မြင့်မားလာသည်။ ပိုးမွှားရောဂါကျရောက်မှုတွေ ထူပြောလာသည်။ မိုးရွာသွန်းမှုပုံစံမမှန်၊ ပြောင်းလဲကုန်သည်။ မိုးကြီးရွာသွန်းချင်သည့် နေရာ ရွာသွန်းသည်။ ရေကြီးရေလွှမ်းမှုတွေ ဖြစ်ပေါ်သည်။ မိုးရွာသွန်းမှုနည်းပါးလာ သည်။ အချို့ဒေသများတွင် အချိန်ကြာကြာ မိုးမရွာသည့်ကာလများ ရှိလာသည်။ မိုးခေါင်ခြင်း၊ မိုးနည်းခြင်းတို့ဖြစ်ပေါ်လာရပါသည်။ 

 

      ပူမှု၊ အေးမှုပြောလို့မရပါ။ မှန်းဆရခက်လာသည်။ ပူနွေးပြီး အအေးလျော့ လာ သည်။ ပူပြင်းလွန်းသဖြင့် နေရထိုင်ရခက်သည့် အခြေအနေများလာသည်။ လူသား သာမက သည်လိုပြောင်းလဲဖြစ်ပေါ်နေသည့်သဘာဝကို အပင်တွေလည်း မကြိုက်ပါ။ ရေအရင်းအမြစ်အပေါ်တွင် ထိခိုက်မှုများစွာဖြစ်ပေါ်သည်။ မိုးအကုန်တွင် မြေတွင်း အစိုဓာတ် ကျန်ရှိမှုလျော့နည်းလာသည်။ ဤသို့ဖြင့် အဆုံးစွန် ရာသီဥတု ပြောင်းလဲမှု တွေက နေရာဒေသအနှံ့အပြားတွင် ဖြစ်ပေါ်နေပါသည်။ 

 

 

     မြန်မာနိုင်ငံက မုတ်သုံမိုးကို အားကိုးပြီး သီးနှံစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများကို လုပ်ကိုင်နေရတာဖြစ်သည်။ မုတ်သုံရာသီသည် ၁၉၇၈ ခုနှစ်ကစပြီး သိသိသာသာပြောင်း လဲလာသည်ဟုသိရသည်။ မုတ်သုံဝင်ရက်နောက်ကျလာသည်။ ယခင်က မေ ၁၅ ဖြစ်ပြီး ယခု မေလကုန်ခန့်ဖြစ်သည်။  ၁၅ ရက်နောက်ကျသည်။ သို့သော် ဆုတ်ခွာရက်မှာမူ စောလာသည်။ ယခင် အောက်တိုဘာ ၁၀ ရက်၊ ယခုစက်တင်ဘာ ၁၅ ဆိုတော့ ၂၅ ရက် စောလာသည်။ မိုးရာသီ ရက် ၄၀ ပျောက်သွားသည့်သဘောဖြစ်ကြောင်း မိုးလေဝသ ပညာရှင်များက ဆိုပါသည်။

 

     ရာသီဥတုပြောင်းလဲမှု၏အကျိုးဆက်တွေကိုလျော့ပါးအောင် ကမ္ဘာတစ်ဝှမ်း လူသားစွမ်းပကားဖြင့်ဆောင်ရွက်လုပ်ကိုင်နေကြသည်။ တစ်ဦးတစ်ယောက်တည်း၊ တစ်နိုင်ငံတည်းဖြေရှင်းလို့လည်း မရသည့်ကိစ္စဖြစ်သည်။ အဓိကမှတ်သားမိသည်ကတော့ (၁)ရာသီဥတုပြောင်းလဲမှုလျော့နည်းသက်သာရေး(Climate Change Mitigation) နှင့် (၂)ရာသီဥတုပြောင်းလဲမှုနှင့်လိုက်လျော ညီထွေစေရေး (Climate Change Adaptation) တို့ဖြစ်ပါသည်။

 

သီးနှံစိုက်ပျိုးအောင်မြင်ရေးအတွက် ရာသီဥတုပြောင်းလဲမှုကိုကျော်လွှားဖို့ဆိုလျှင်  လုပ်သင့်တာ သုံးမျိုးသာရှိပါမည်။ 

 

၁။ ကြိုတင်မျှော်မှန်းတွက်ဆခြင်း 

 

၂။ သင့်လျော်အောင် စီမံခြင်းနှင့် 

 

၃။ လျော့ပါးသက်သာစေခြင်းတို့ပင်ဖြစ်သည်ဟု ပြောလိုပါသည်။

 

ကြိုတင်မျှော်မှန်းတွက်ဆခြင်း

 

ရာသီဥတုပြောင်းလဲဖြစ်ပေါ်မှုဆိုင်ရာ သတင်းအချက်အလက်ရရှိရေး နည်းစနစ် တွေ ထူထောင်ဖို့လိုသည်။ ရာသီဥတုပြောင်းလဲမှုဆိုသည်ကိုနားလည်ပြီး ဖြစ်နိုင်သည့် တုံ့ပြန်ဆောင်ရွက်မှုတွေလုပ်ကိုင်နိုင်ဖို့ လူသားအရင်းအမြစ်လည်း ဖွံ့ဖြိုးဖို့လိုပါသည်။

 

သင့်လျော်အောင်စီမံခြင်း

 

တောင်သူလယ်သမားကြီးများအနေဖြင့် သင့်လျော်အောင်စီမံသည့်နည်းဖြင့် ရာသီဥတုပြောင်းလဲမှုကို ကျော်လွှားသင့်ပါသည်။ သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ရာသီ ဥတုနှင့် လိုက်လျောညီထွေဖြစ်စေရေး အလေးပေးဆောင်ရွက်ရန် ဖြစ်ပါသည်။

သီးနှံအလိုက်၊ ရာသီအလိုက် တွက်ဆပြီး အသင့်တော်ဆုံးအချိန်၊ နေ့ရက်၊ ကာလ မှာ စိုက်ပျိုးရန်လိုသည်။ အအောင်မြင်ဆုံးဖြစ်နိုင်သည့် သီးနှံပုံစံကို ပြောင်းလဲကျင့်သုံး လုပ်ကိုင်ရမည်။ မိုးခေါင်ခံ၊ ရေကြီးရေလွှမ်းခံ၊ ပိုးမွှားရောဂါဒဏ်ခံ၊ ဆားငန်ခံ-စသည် မျိုးသစ်တွေကို စိုက်ပျိုးရပါမည်။ စိုက်ပျိုးရေကို အကျိုးရှိရှိ ထိန်းသိမ်းအသုံးချရပါမည်။ 

 

လျော့ပါးသက်သာစေခြင်း

 

ရာသီဥတုပြောင်းလဲမှုကို နည်းလမ်းများစွာဖြင့် လျော့ပါးသက်သာအောင် လုပ်နိုင်ပါသည်။ မြေဆီလွှာအာဟာရထိန်းသိမ်းတည်တံ့စေသည့်နည်းစနစ်များဖြင့် စိုက်ပျိုးရန်ဖြစ်သည်။ မြေအသုံးချမှုအစီအစဉ်ကို ကောင်းစွာချမှတ်ဆောင်ရွက်ရမည်။ သီးနှံသစ်တော ဖွံ့ဖြိုးရေးလုပ်ငန်း ထည့်သွင်းပါဝင်စေရပါမည်။ 

သီးနှံပင်အကြွင်းအကျန်များကို အလဟဿ မဖြစ်စေပဲ မြေသြဇာအဖြစ် အသုံးချ ရမည်။ စိုက်ပျိုးရေအသုံးချမှု မှန်ကန်ရန်လိုပါသည်။ 

အချုပ်အားဖြင့် လယ်ယာလုပ်ကိုင် ဆောင်ရွက်မှုနည်းစနစ်အားလုံး မှန်ကန်ဖို့ ဖြစ်ပါသည်။

စိုက်ပျိုးရေးပညာရှင်များအနေဖြင့် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေ စေနိုင်သည့် မျိုးနှင့် စိုက်ပျိုးနည်းပညာတွေကို စဥ်ဆက်မပြတ်ဖေါ်ထုတ်ရန် ဖြစ်သည်။ တောင်သူလယ်သမားကြီးများကလည်း ဒေသအလိုက်သင့်တော်ရာမျိုးကို နည်းစနစ်မှန် စွာ စိုက်ပျိုးကာ လက်ရှိဖြစ်ပေါ်နေသည့် ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်ကျော်လွှားနိုင်ကြစေလိုပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

 

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်