အပူပိုင်းမိုးနည်းရေရရှားဒေသ၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေး ကြိုးပမ်းအားထုတ်မှုများ

21/12/2017 16:43 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး UNESCO-LIFT UNESCO-LIFT မှ ပေးပို့ထားပါသည်။

 

ဇင်ဝိုင်း (တင်ဆက်သူ)။ ။ သောတရှင်များ ခင်ဗျာ၊ တောင်သူဦးကြီးတွေဟာ မိုးကိုမျှော်ပြီး စိုက်ပျိုးရိတ်သိမ်းခြင်းကို သမားရိုးကျ လုပ်ခဲ့တာဟာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ရာသီဥတု ဖောက်ပြန်မှုကြောင့် သီးနှံ အထွက်နှုန်း ကျဆင်းမှုဒဏ်ကို တောင်သူတွေအနေနဲ့ မကြာခဏ ရင်ဆိုင်ခဲ့ ကြရပါတယ်။ ဒီအကြောင်း နဲ့ပတ်သက်ပြီး မိုးနည်းရေရှား ရပ်ဝန်းဒေသမှာရှိတဲ့ တောင်သူတွေ အနေနဲ့ နှစ်စဉ် ရေရှားပါးမှုဒဏ်ကို ဘယ်လိုဖြေရှင်းပြီး အသက်ရှင် ရပ်တည်နေကြတယ် ဆိုတာကို မြန်မာ့အသံရဲ့ အကြီးတန်း အယ်ဒီတာ မနွဲ့နွဲ့ခိုင်က စုစည်းတင်ပြပေးသွားမှာပဲ ဖြစ်ပါ တယ် ခင်ဗျာ။

 နွဲ့နွဲ့ခိုင်။ ။ အထက်အညာ ညောင်ဦးဒေသမှာ မြင့်မားစွာတည်ရှိနေတဲ့ တောင်တန်းကြီးတွေနဲ့အတူ ယှဉ်ပြိုင်ကာ လှနေတဲ့ ထန်းတောကြီးတွေကလည်း အညာဒေသရဲ့ ပြယုဒ်တစ်ခုပဲ ဖြစ်ပါတယ်။ အဲဒီလိုဒေသရဲ့ အလှပေါ် အယဉ်ဆင့်လိုက်တာကတော့ ဒေသထွက်သီးနှံ စိုက်ခင်းများပဲ ဖြစ်ပါတယ်။ ဒီလိုသီးနှံစိုက်ခင်းတွေကို တစ်နှစ်ပတ်လုံး မြင်တွေ့ရတာတော့ မဟုတ်ပါဘူး။ မိုးနည်းရပ်ဝန်းဒေသ ဖြစ်တဲ့အတွက် ရေသွင်းစိုက်ပျိုးနည်းတွေကို အသုံးပြုပြီး စိုက်ပျိုးကြရပါ တယ်။ ဒီအကြောင်းကို တောင်သူ ဦးချစ်ပိုက အခုလိုပြောပြထားပါတယ်။ 

ဦးချစ်ပို။ ။ ကျွန်တော်ကတော့ ညောင်ဦးမြို့နယ်တောင်ဆိတ်ကျေးရွာ နေတောင်သူဦးချစ်ပို ဖြစ်ပါတယ်။ အပူပိုင်း ဒေသဖြစ်တဲ့အတွက် မိုးရေကိုပဲအဓိထားပြီး စိုက်ပျိုးရပါတယ်ခင်ဗျ။ အခက်အခဲအနေနဲ့ကတော့ ဖြစ်နိုင်ရင်တော့ ရေသွင်း စိုက်ပျိုးပေးမယ် ဆိုရင်တော့ ပိုပြီး အဆင်ပြေပါတယ် ခင်ဗျ။ အဓိက စိုက်ပျိုးရေးအတွက် စိန်ခေါ်မှုက မိုးရေအခက် အခဲပေါ့။ မိုးရွာမှပဲကြဲရတာကိုး၊ ကြဲဖို့ရာအတွက်က အဓိက ကတော့ ရေသွင်းဖို့အဓိက လိုတယ်ပေါ့နော။ ရေသွင်းမှ စိုက်ပျိုးရမှာကိုး။ အဲ ရေသွင်းစိုက်ပျိုးပြီးတဲ့အချိန်မှာ နောက်ထပ် စိန်ခေါ်မှု တစ်ခုကတော့ လုပ်သားရှာပါးမှု လုပ်သားရှာမရတဲ့အတွက် ကျွန်တော်တို့ ပေါင်းသတ်ဆေးတွေဘာတွေ မသုံးသင့်ဘဲနဲ့ သုံးရတယ်၊ သုံးတဲ့အချိန်မှာ ပေါင်းနုတ်ခတွေ ဘာတွေ မကုန်တော့ဘူးပေါ့။ 

နွဲ့နွဲ့ခိုင်။ ။ ယခုအချိန်မှာတော့ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဌာနနှင့် ဂျပန်နိုင်ငံ စိုက်ပျိုးရေး အေဂျင်စီ ဂျိုက်ကာ တို့ပူးပေါင်းပြီး နည်းစနစ်သစ်များကို သင်ကြားစိုက်ပျိုးပေး လျှက်ရှိပါတယ်။ ခြောက်သွေ့ဒဏ်ခံနိုင်တဲ့ မျိုးစေ့ များ၊ ရေအစက်ချနည်းပညာနှင့် ရေသိုလှောင်မှု နည်းစနစ်တွေကို ဒေသခံတွေ အသုံးပြုလာနိုင်ပြီး ဖြစ်ပါတယ်။ မျိုးစေ့ချစက်ကို အသုံးပြုတဲ့အခါမှာလည်း ရေမြေဒေသနှင့် ကိုက်ညီဖို့ကလည်း အရမ်းအရေးကြီး ပါတယ်။ ညောင်ဦး လို မိုးနည်းဒေသနဲ့ ကိုက်ညီမယ့် မြေပဲ၊ ပဲစဉ်ငုံ၊ ပဲတီစိမ်းတို့ကို သူတို့နဲ့ ကိုက်ညီမယ့် စက်နဲ့ စမ်းသပ်စိုက်ပျိုး ခဲ့ပါတယ်။ ထပ်ပြီးတော့ စဉ်းစားရမယ့်အချက်ကတော့ မိုးခေါင်ရေရှားမှုဒဏ်ကို ခံနိုင်မယ့်အားနဲ့ စျေးကွက်ကောင်း ရရှိနိုင်ဖို့ပဲဖြစ်ပါ တယ်။ ယခုအခါမှာတော့ JICA က ပေးတဲ့သင်တန်းကို တက်ရောက်ပြီးတဲ့အခါမှာ တောင်သူအများစုဟာ မျိုးစေ့ကို မှန်ကန်စွာ ရွေးချယ်တတ်လာကြပါပြီ။ 

ဒေါက်တာ နာအိုရာ ဖူဂျီမိုတို (Chief Advisor, Dry Land Crop Cultivation, JICA)။ ။ (အင်္ဂလိပ် စကားပြော)… အစေ့ အမျိုးအစားက အရေးကြီးပါတယ်။ ရာသီဥတုနဲ့ မြေဆီလွှာ အခြေအနေတွေနဲ့ ကိုက်ညီဖို့ လိုပါတယ်။ ညောင်ဦးနဲ့ ခြောက်သွေ့ဒေသတွေမှာ မြေပဲမျိုး (၄)မျိုးစမ်းသပ်နေပါတယ်။ မြေပဲ၊ ပဲတီစိမ်း၊ နှမ်းနဲ့ ပဲစဉ်းငုံတွေဖြစ်ပြီး မျိုးစေ့ အမျိုး အစား တစ်ခုစီအတွက်အမျိုးကောင်း မိတ်ဆက်ပေးထားပါတယ်။ အစေ့အမျိုးအစားရွေးချယ်တဲ့အခါ မိုးခေါင်တဲ့ဒဏ် ကို ခံနိုင်ရည်ရှိတဲ့ အစေ့အမျိုးအစားအပြင် အထွက်နှုန်းများပြီး စျေးကွက်ကောင်းတဲ့ မျိုးစေ့အမျိုးအစားကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ 

နွဲ့နွဲ့ခိုင်။ ။ ညောင်ဦးဒေသဟာ သဲမြေဖြစ်တဲ့အတွက် ကောက်ပဲသီးနှံ စိုက်ပျိုးလို့ မကောင်းပါဘူး။ ဒီအချက်က အရမ်း အရေးကြီးပါတယ် မြေဆီလွှာကောင်းကောင်းမှာ ဘယ်လိုလုပ်ကိုင်ကျမလဲဆိုတာ တောင်သူတွေ အနေနဲ့ ရှာဖွေဖို့ လိုအပ်ပါတယ်။ သဘာဝမြေသြဇာတွေကို အသုံးပြုတာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ မြေဆီလွှာ တိုးတက်ဖို့ဆိုရင် Gliricidia အပင်ကို စိုက်ပျိုးသင့်တယ်လို့ စိုက်ပျိုးရေး ဦးစီးဌာနက အကြုံပြုထားပါတယ်။ အဲ့ဒီအပင်က လေဒဏ်ကို ကာကွယ်နိုင်ပြီး၊ သဲကိုလည်း ထိန်းသိမ်းနိုင်ကာ၊ အရွက်ကိုလည်း မြေသြဇာအဖြစ် အသုံးပြုနိုင်ပါတယ်။ ဂျိုက်ကာ အကူအညီဖြင့် အခုဆိုရင် ခရမ်းချဉ်၊ ကြက်သွန်၊ ရွှေဖရုံ စတဲ့သီးနှံတွေကို ဒေသခံတောင်သူတွေ စိုက်ပျိုးနိုင်ကြပြီ ဖြစ်ပါတယ်။ တောင်သူတစ်ဦးဟာဆိုရင် မိုးခေါင်ချိန်မှာ အနည်းဆုံး (၂) လ မိုးရေ အသုံးပြုဖို့အတွက် ကန်ကို တည် ဆောက်ပြီး။ စိုက်ခင်းကို တစ်ပင်ချင်းစီ အပင်ရေချစနစ်ဖြင့် ရေသွင်းစိုက်ပျိုးနည်းကို JICA နဲ့ စိုက်ပျိုးရေးဦးစီးဌာန တို့က ပူးပေါင်း ဆောင်ရွက်ပေးထားပါတယ်။

တောင်သူ။ ။ ကျွန်တော်တို့တောင်သူတွေ ဟိုရှေးတုန်းကတော့ ကျွန်တော်တို့ မျိုးစေ့ အပင်ပေါက်ရာ နှုန်းစမ်း သပ်မှုတွေဘာတွေ ကျွန်တော်တို့မသိခဲ့ဘူး။ မျိုးစေ့အစေ့ (၁၀၀) ဘယ်နှပင် ပေါက်တုန်း အဲ့တော့ အဲ့အစေ့ (၁၀၀)ရဲ့ အပင်ပေါက်နှုန်းဟာ (၄) ရက်လောက်ရှိလို့ရှိရင် အညှောင့်ပေါက်ရာနှုန်းဘယ်လောက် ရှိတုန်း ကျွန်တော်တို့ ကြည့်ရ ပါတယ်။ (၅၀) ပေါက်ရင် (၅၀) ရာခိုင်နှုန်း၊ (၈၀) ပေါက်ရင် (၈၀) ရာခိုင်နှုန်းလို့ ကျွန်တော်တို့ သတ်မှတ်ပြီးတော့ မိမိရဲ့ ပျိုးခင်းထဲမှာကို အတတ်နိုင်ဆုံး (၈၀) ရာခိုင်နှုန်းပေါက်တဲ့မျိုးစေ့များကို စိုက်မှသာလျင် အပင် အရေအတွက်လည်း ကျွန်တော်တို့ ရရှိမှာဖြစ်ပါ တယ်ခင်ဗျ။ ဒါမှသာ အထွက်နှုန်းလည်းပဲ စံချိန်စံညွှန်းမီမှာပါ။ ယခင်တုန်းက ကျွန်တော်တို့ က စိုက်ခဲ့တုန်းက မျိုးရရာ ဝယ်ခဲ့တဲ့စနစ်တွေက ကျွန်တော်တို့ အင်မတန်မှားခဲ့ပါတယ် ကျွန်တော်တို့၊ အတွေ့အကြုံ တွေလည်းအများကြီး ကျွန်တော်တို့ တွေ့ခဲ့တယ်။ မျိုးက ဝယ်ပြီးတော့ မျိုးစေ့က (၂၅) ရာခိုင်နှုန်းတောင် မမီတဲ့ မျိုးစေ့ တွေ တွေ့ပါတယ်ခင်ဗျ ကျွန်တော်တို့က။ တချို့မျိုးကရေစိမ်တွေနဲ့ ရောင်းလို့မို့လို့ ကျွန်တော်တို့က တောင်သူက ဆိုတော့ မျိုးဆိုတော့လည်း ကြဲမီ မီအောင် ကျွန်တော်တို့က အငမ်းမရ ဝယ်ခဲ့ရတာကိုး။ အဲ့တော့ အငမ်း မရဝယ်ခဲ့တဲ့ အပေါ်မယ် ကျွန်တာ်တို့မှာ အမှားတွေ အများကြီးတွေ့ခဲ့တယ်။ 

နွဲ့နွဲ့ခိုင်။ ။ အခုဆိုရင် ညောင်ဦးဒေသ လယ်ကွင်းထဲမှာရှိတဲ့ လယ်သမားသင်တန်းကျောင်းကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ညောင်ဦးမြို့နယ် စိုက်ပျိုးရေးမန်နေဂျာ ဦးဋ္ဌေးနိုင်ရဲ့ ပြောကြား ချက်အရ 

ဦးဋ္ဌေးနိုင်။ ။ကျွန်တော်တို့က တောင်သူပညာပေးဟောပြောပွဲတွေလည်း လုပ်ပါတယ်၊ နောက်တစ်ခါ တောင်သူ တွေကိုပေါ့နော် ကွင်းထဲမှာ သရုပ်ပြတဲ့ ကွင်းသရုပ်ပြပွဲတွေကိုလည်း ဆောင်ရွက် ပါတယ်။ အဲ့ဒီ့အပြင် ကျွန်တော်တို့က ရှေ့တန်းတွေမှာပေါ့နော် တောင်သူပညာပေး စခန်းလေးတွေဖွင့်လှစ်ထားတာ ရှိပါတယ်။ ဒီတောင်သူပညာပေးစခန်း လေးတွေမှာဆိုလို့ရှိရင် ကျွန်တော်တို့က ဗီနိုင်းတွေထောင်ပြီးတော့ပေါ့နော် မြို့နယ်ဦးစီးမှူးရဲ့ ဖုန်းနံပါတ်၊ နောက် ကျွန်တော်တို့ ရုံးဖုန်းနံပါတ်၊ နောက်တစ်ခါ ကွင်းတာဝန်ခံတွေရဲ့ ဖုန်းနံပါတ်၊ နောက် ရှေ့တန်းတွေရဲ့ ဖုန်းနံပါတ်တွေ ကို ဒီမှာကြော်ငြာထားပြီးတော့ တကယ်လို့ ဒီစိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ နည်းပညာတွေနဲ့ပတ်သက်ပြီး အကူအညီလို တယ် ဆိုလို့ရှိရင် ဒီဖုန်းနံပါတ်တွေနဲ့ ဆက်သွယ်ပြီး ဆောင်ရွက်ဖို့အတွက် Call Center တွေလည်း ကျွန်တော် ဖွင့်လှစ် ဆောင်ရွက်နေပါတယ်။ သတင်းအချက်အလက်တွေ အမြန်ဆုံးရနိုင်ဖို့ ဆိုလို့ရှိရင် တောင်သူတွေဆီကို ကျွန်တော်တို့ Call Center နည်းနဲ့ တီထွင်ပြီးတော့ ဒီလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ ဒီသီးနှံမျိုးတွေရဲ့ ကောင်းကြောင်း တွေပေါ့နော်၊ ဒီစိုက်နည်းစနစ်တွေ ကောင်းတယ်ဆိုတဲ့ဟာတွေကို ကျွန်တော်တို့က လက်ကမ်း စာစောင်လေးတွေ ကိုလည်း မျိုးနဲ့ပတ်သက်ပြီး လက်ကမ်းစာစောင်၊ နောက်ပြီး စိုက်နည်းစနစ်နဲ့ ပတ်သက်တဲ့ လက်ကမ်းစာစောင်ပေါ့နော် ဒီဟာ လေးတွေကိုလည်း ကျွန်တော်တို့က တောင်သူတွေကိုဖြန့်ပြီးတော့ သတင်းအချက် အလက်တွေကို ပေးပါတယ်။ 

နွဲ့နွဲ့ခိုင်။ ။ညောင်ဦးမြို့နယ် စိုက်ဧက (၂) သိန်းကျော်ကို တာဝန်ယူထားပြီး သတင်းအချက်အလက်များကို တောင်သူ တွေဆီ ရောက်ရှိစေဖို့ ဆောင်ရွက်ပေးနေပါတယ်။ သောတရှင်များရှင်...ဒီကနေ့အစီအစဉ်မှာ မိုးခေါင်ခြောက်သွေ့တဲ့ ဒေသတွေမှာ ရေကိုစုဆောင်းပြီး ကြားဖြတ်သီးနှံတွေ စိုက်နိုင်တဲ့အကြောင်း၊ ရေငတ်ဒဏ်ခံနိုင်တဲ့မျိုးစေ့တွေကို ရွေး ချယ်ပြီး၊ အပင်ပေါက်ဖို့သေချာတဲ့ မျိုးစေ့တွေကို စိုက်ပျိုးရာကနေ အထွက်ရာခိုင်နှုန်း သိသိသာသာ တိုးလာတဲ့ အကြောင်းနဲ့ မြေဆီလွှာကို မြေသြဇာကောင်းအောင်နဲ့ ရေငွေ့ထိန်းသိမ်းသွားနိုင်တဲ့ နည်းလမ်းတွေကို တင်ပြသွားတာ ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မြို့နယ်အတွင်းမှာ မျိုးစေ့၊ ပိုးသတ်ဆေး၊ မြေသြဇာနဲ့ အခြားပတ်သက်တဲ့ နည်းပညာများကို နိုင်ငံတကာနှင့် ချိတ်ဆက်ပြီး အကူအညီပေးနေပြီဖြစ်တဲ့အတွက် တောင်သူဦးကြီးများရဲ့ဘဝဟာ ပိုမိုတိုးတက် ကောင်းမွန်မှာပဲဖြစ်ပါတယ်ရှင်…..

ဇင်ဝိုင်း။ ။ဒါကတော့ မိုးနည်းရပ်ဝန်းဒေသမှာရှိကြတဲ့ တောင်သူတွေဟာ အကောင်းဆုံး အခြေအနေတစ်ရပ်ကို ရောက်အောင် ဘယ်လို ကြိုးစားလုပ်ဆောင်နေကြတယ် ဆိုတာတွေ နဲ့ပတ်သက်ပြီး စုစည်းတင်ပြပေးခဲ့တာပဲ့ ဖြစ်ပါ တယ်။ နောင်လာမယ့် သီတင်းပတ်တွေမှာလည်း မြန်မာ့အသံရဲ့ အကြီးတန်း အယ်ဒီတာ မနွဲ့နွဲ့ခိုင်က သောတရှင် တောင်သူဦးကြီးတွေကို ဘယ်လိုစိတ်ဝင်စားဖွယ်ရာ အစီအစဉ်တွေနဲ့ တင်ဆက်ပေး သွားမလဲဆိုတာကို စောင့်မျှော် နားသောတဆင်ကြပါဦး ခင်ဗျာ။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်