ယခုနှစ်တွင် ပြည်ပသို့ ထောပတ်သီးတင်ပို့မှုအနေဖြင့် တန်ချိန် ၁၀,၀၀၀ အထိ တိုးမြှင့်တင်ပို့နိုင်သည့် အခြေအနေရှိကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။
ပြည်ပဈေးကွက်သို့ ထောပတ်သီးတင်ပို့ရာတွင် နယ်စပ်လမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံတစ်ခုတည်းသို့သာ အဓိကတင်ပို့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် စိုက်ပျိုးထွက်ရှိသည့်အထဲမှ Hass အမျိုးအစား ထောပတ်သီးကို တင်ပို့ရောင်းချခြင်းဖြစ်သည်ဟု သိရသည်။
ယခင်နှစ်က ပြည်ပသို့ ထောပတ်သီး တန်ချိန် ၈,၀၀၀ ခန့်သာ တင်ပို့နိုင်ခဲ့သဖြင့် ယခုနှစ်နှင့် နှိုင်းယှဉ်ပါက တန်ချိန် ၂,၀၀၀ ခန့် တိုးမြှင့်တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။
"စီးပွားကူးသန်းဌာနက ခန့်မှန်းတာကတော့ ဒီနှစ် တန် ၁၀,၀၀၀ လောက် ပို့နိုင်တဲ့အခြေအနေ ရှိတယ်။ အရင်နှစ်ထက် ပိုတိုးပို့နိုင်တာပေါ့။ စာရင်းအတိအကျကတော့ ဒီလကုန်လောက်မှ သိရမယ်" ဟု မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းဝင် တစ်ဦးက ပြောသည်။
ယခုနှစ် ထိုင်းဈေးကွက်တွင် ထောပတ်သီး တစ်ကီလိုလျှင် အရည်အသွေးနှင့် အလုံးအရွယ်အစားပေါ် မူတည်၍ ၅၀ ဘတ်မှ ၈၀ ဘတ်အတွင်း ဈေးနှုန်းရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ပြည်တွင်း၌ Hass အမျိုးအစား ထောပတ်သီး ရာသီချိန် ကုန်ဆုံးသွားပြီဖြစ်သည့်အတွက် ပြည်ပတင်ပို့မှုလည်း ရပ်နားသွားပြီဖြစ်သည်။

"အခုက Hass ထောပတ်သီးလည်း ကုန်ပြီ၊ မရှိတော့ဘူး။ ဒေသသီးတွေပဲ ရှိတော့တယ်။ ဒီနှစ်ဈေးကွက်ကတော့ အရှုံးအမြတ် မျှရင်းနဲ့ပဲ ပြီးသွားတာပါပဲ" ဟု ကုန်သည်တစ်ဦးက ဆိုသည်။
ပြည်တွင်း၌ ထောပတ်သီး အထွက်နှုန်းကောင်းသော်လည်း အရည်အသွေး ကောင်းမွန်သည့်အသီး နည်းပါးသောကြောင့် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားမျိုးစပ်ဖြစ်သည့် Hass အမျိုးအစား ထောပတ်သီးကို တင်သွင်းစိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ပြည်ပသို့လည်း အဆိုပါအမျိုးအစားကိုသာ အဓိက တင်ပို့နေခြင်းဖြစ်သည်။
ယခင်က ထောပတ်သီးကို ထိုင်းနိုင်ငံအပြင် အိန္ဒိယ၊ မလေးရှားနှင့် စင်ကာပူနိုင်ငံများသို့ တင်ပို့မှုရှိခဲ့သော်လည်း လက်ရှိတွင် ထိုင်းနိုင်ငံတစ်ခုတည်းသို့သာ တင်ပို့နိုင်သည့် အခြေအနေဖြစ်နေသည်။
ထောပတ်သီးကို ပြည်တွင်းစားသုံးမှုအနေဖြင့် ဖျော်ရည်လုပ်ငန်းများတွင်သာ အဓိကသုံးစွဲကြပြီး အခြားတန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်မှုနှင့် စားသုံးမှု နည်းပါးနေသေးသည့်အတွက် ပြည်ပဈေးကွက်ကိုသာ အဓိက အားထားနေရခြင်းဖြစ်ကြောင်း သိရသည်။
ထောပတ်သီးကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် မန္တလေးတိုင်းဒေသကြီး (ပြင်ဦးလွင်) တို့တွင် အများဆုံး စိုက်ပျိုးကြသည်။ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်း၊ ဖယ်ခုံနှင့် လွိုင်လင်မြို့နယ်များတွင်လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါနှင့် နောင်ချိုမြို့နယ်များတွင်လည်းကောင်း အများဆုံး စိုက်ပျိုးကြကြောင်း သိရသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။