Basic Agricultural Science – (155) Economic Botany (Part-2)
အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၅၅) စီးပွားရေးရာဆိုင်ရာ ရုက္ခဗေဒ (အပိုင်း-၂)
အခြားစီးပွားရေးအရအသုံးဝင်သော အပင်များ (Other Plants for Economic Uses)
(၂) အဝတ်အထည်ရရှိသောသီးနှံများ (Plants for Clothing)
(စားရေး) အစားအသောက်ပြီးသည်နှင့် (ဝတ်ရေး) အဝတ်အထည် ကဏ္ဍသို့ရောက်လာပါသည်။
(၂-က) အမျှင်ထွက်အပင်များ (Fibre and Fibre Yielding Plants)
ထပ်မံခွဲခြား၍ရပါသေးသည်။
(၂-က-၁) အထည်အလိပ်ဆိုင်ရာအမျှင်များ (Textile Fibres) အထည်အလိပ်လုပ်ငန်း (Textile Industry) နှင့် တိုက်ရိုက်ဆက်စပ်နေပါသည်၊ ၎င်းတွင် အထည်သား (Fabrics)၊ ယက်လုပ်ခြင်း (Netting)၊ ကြိုးများ (Cordage) စသည်တို့ပါဝင်ပါသည်။
အထည်အလိပ်ဆိုင်ရာအမျှင်ထွက်အပင်များတွင်
မျက်နှာပြင်ပေါ်ရှိအမျှင်ထွက်အပင်များ (Surface Fibres) ဥပမာ - ဝါ
နူးညံ့သောအမျှင်ထွက်အပင်များ (Soft Fibres) ဥပမာ - ဂုံလျှော်၊ ရာမီလျှော်၊ ဗီသွာလျှော်
မာကြော၊ ကြမ်းသောအမျှင်ထွက်အပင်များ (Hard Fibres) ဥပမာ - အုန်းလျှော်၊ ငှက်ပျောလျှော်၊ နာနတ်လျှော်၊
လယ်ယာသီးနှံအမျိုးအစားခွဲခြားခြင်း (Agronomic Classification) အရာ အမျှင်ထွက် သီးနှံအပင်များ (Fiber Crops) အကြောင်းတွင်ဆွေးနွေးပါမည်။
ပုံ - ၁ အထည်အလိပ်ဆိုင်ရာအမျှင်ထွက်အပင်များ
(၂-က-၂) သန့်ရှင်းရေးလုပ်သောပစ္စည်းများဆိုင်ရာအမျှင်များ (Brush Fibres) တံမြက်စည်း(Broom) စသည်တို့ ပြုလုပ်ရာတွင်အသုံးပြုသောအပင်များ ဥပမာ - အုန်း၊ ထန်း။
ပုံ - ၂ သန်းရှင်းရေးပစ္စည်းသုံးအမျှင်ထွက်အပင်များ
(၂-က-၃) အကြမ်းရက်လုပ်ခြင်းဆိုင်ရာ အမျှင်များ (Rough Weaving Fibres) ဖျာ၊ တောင်းများယက်လုပ်ရာတွင်အသုံးပြုသော အမျှင်ထွက်အပင်များ ဥပမာ - ဝါး၊ ကြိမ်။
ပုံ - ၃ အကြမ်းသုံးအမျှင်ထွက်အပင်များ
(၂-က-၄) ဖြည့်ခြင်း၊ ဖာခြင်းလုပ်ငန်းဆိုင်ရာအမျှင်များ (Filling Fibres) ခေါင်းအုံး၊ မွေ့ယာ၊ ကူရှင် စသည်တို့ အသုံးပြုရာတွင်သုံးသော အမျှင်ထွက် အပင်များဖြစ်သည်၊ ဥပမာ - လဲမှို့ပင် (Kapok)
(၂-က-၅) စက္ကူပြုလုပ်ခြင်းဆိုင်ရာအမျှင်များ (Paper-Making Fibres) စာရေးကိရိယာ အပါအဝင် စာအုပ်၊ စာရွက်၊ တစ်ရှူး (Tissue Papers) အစရှိသည်တို့ကို အသုံးပြုနေသော အပင်များမှာ ဥပမာ - သစ်အပိုင်းအစများ၊ ဝါး၊ အခြားပျော့ဖတ် (Pulp) သုံးပစ္စည်း များစွာကို ထုတ်လုပ်နိုင်သော အပင်များစွာရှိပါသည်။
စားရေးနှင့်ဝတ်ရေးပြီးပါက နေရေး (Living) အလှည့်ရောက်လာပါပြီ၊ အပင်များက လူ သားများ စားဝတ်နေရေးအတွက် အသုံးဝင်ခဲ့၊ အသုံးကြနေဆဲ၊ နောင်အနာဂါတ် အသုံးဝင်ဦးမှာ ဖြစ်ပါသည်။
(၃) သစ်သားများ (Woods)
စီးပွားရေးဆိုင်ရာ ရုက္ခဗေဒက စိုက်ပျိုးသီးနှံများအပြင် သစ်တော၊ သစ်ပင်များ (Forest Trees) နှင့်သစ်တော ထွက်ပစ္စည်း (Forest Products) များပါ ပါဝင်နေပါသည်၊ သစ်သား နှင့်ဝါး (Bamboo) တို့သည် ကျေးလက်နေတောင်သူလယ်သမားလူတန်းစား (Rural People) အများစု အတွက် အားကိုးနေရဆဲ အိမ်ဆောက်ပစ္စည်းများ ဖြစ်နေဆဲပင် ဖြစ်ပါသည်။
ပုံ - ၄ သစ်သားဖြင့်အိမ်ဆောက်ရာနှင့် ပရိဘောဂအသုံးပြုပုံများ
ယနေ့ခေတ် အိမ်ဆောက်ရာတွင်၎င်း၊ အိမ်တွင်းပရိဘောဂများ (Furnitures) ဖြင့်အလှ ဆင်ရာတွင်၎င်း သစ်သားများက ကွန်ကရစ်များ၊ သံထည်ပစ္စည်းများ၊ ပလတ်စတစ် ပစ္စည်းများထက် ကျန်းမာရေးအရ၎င်း၊ ရာသီဥတု ဖေါက်ပြန်မှုကြောင့် အပူအအေးဒဏ်ကို ကြံ့ကြံ့ခံနိုင်ပါသည်၊ သစ်သားနှင့်ပြုလုပ်သော ဈေးနှုန်းကလည်း အလွန်ဈေးကြီးသွားပါပြီ၊
အိမ်ဆောက်လုပ်မှုတွင် သစ်သား၏ အားသာချက်များ (Advantages of Using Woods)
(က) တာရှည်ခံမှုနှင့် သဘာဝဘေးအန္တရာယ်ပတ်ဝန်းကျင်နှင့်ညီအောင် ပြုလုပ်မှု
သစ်သားသည် တာရှည်ခံနိုင်သော သဘာဝ သယံဇာတအရင်းအမြစ်ဖြစ်ပြီး၊ သစ်တောများကို စနစ်တကျ စီမံခန့်ခွဲမှုဖြင့်ရရှိပါက ပြန်ဖြည့်နိုင်စွမ်းရှိပါသည်။ သစ်သားသည် သတ္တုများနှင့် ဘိလပ်မြေထက် ပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းပါသည်။ နည်းပညာအသစ် (Cross-Laminated Timber - CLT) နည်းပညာလိုက်နာမှုဖြင့် သစ်သားကို ပိုမိုခိုင်မာသော သဘာဝဘေးအန္တရာယ်အလျော့အပြောင်းဖြစ်သော အဆောက်အအုံအဖြစ် ဆောက်လုပ်နိုင်သည်။
(ခ) စွမ်းအင် ထိရောက်မှု
သစ်သားတွင် သဘာဝပေးသော အပူလွှဲပြောင်းထိန်းညှိမှုစွမ်းရည်ရှိပြီး ဆောင်းတွင်းတွင် အပူလုံခြုံစေကာ နွေရာသီတွင်အအေးခံစေပါသည်။ အပူပေးစက်နှင့် အအေးပေးစက်တို့၏ စွမ်းအင်အသုံးပြုမှုလျော့ကျစေသည်။
(ဂ) ပေါ့ပါးသောပစ္စည်းဖြစ်ခြင်း
သစ်သားသည် အုတ်၊ ဘိလပ်မြေ၊ သတ္တုထက် ပိုမိုပေါ့ပါးပြီး သယ်ယူပို့ဆောင်ရ လွယ်ကူသလို၊ အုတ်မြစ်အပေါ်ဖိအားကိုလည်း လျော့ကျစေပါသည်။
(ဃ) အလှအပစွဲဆောင်မှု
သစ်သားသည် သဘာဝအလှဖြစ်စဉ်ကို ပေးစွမ်းနိုင်ပြီး စတိုင်အမျိုးမျိုးနှင့် သင့်လျော်စေသည်။ သဘာဝအရောင်ဖြင့်ထားနိုင်ခြင်း၊ အရောင်တင်ဆေးအမျိုးမျိုး (Polish) အသုံးပြုနိုင်ခြင်း သို့မဟုတ် ပန်းဆေးသုတ်မှုဖြင့် အသုံးပြုနိုင်ပါသည်။
(င) ဆောက်လုပ်ရန် လွယ်ကူမှု
သစ်သားအစိတ်အပိုင်းများသည် လှီးခြင်း၊ တုံးထွင်းခြင်း၊ သတ်မှတ်ပုံစံအတိုင်း ချိန်ညှိခြင်းတို့ကို လွယ်ကူစေသည်။ ကြိုတင်ထုတ်လုပ်ထားသော (Prefabricated) သစ်သားအစိတ်အပိုင်းများဖြင့် ဆောက်လုပ်မှုအချိန်လျှော့ချနိုင်သည်။
(စ) မြေငလျင်ဒဏ်ခံနိုင်မှုနှင့် ကွေးနိုင်၊ ဆန့်နိုင် ခံနိုင်ရည်ရှိမှု
သစ်သားသည် အလွယ်တကူကွေးနိုင်ပြီး၊ ငလျင်ဒဏ်ခံနိုင်စွမ်းလည်းရှိသည်။
(ဆ) အပူနှင့် အအေးထိန်းညှိမှု
သတ္တုများနှင့်ဘိလပ်မြေထက် သစ်သားသည် နွေးနေသောနေရာများတွင် အပူကိုသာမန်ထိန်းထားနိုင်သည်။
ပရိဘောဂများတွင် သစ်သား၏ အားသာချက်များ
(၁) သင့်လျော်စွာ ထိန်းသိမ်းမှုနှင့်အတူ တာရှည်ခံမှု
သစ်သားပရိဘောဂကို ကောင်းစွာ ထိန်းသိမ်းမှုဖြင့် စဉ်ဆက်မပြတ် အသုံးပြုနိုင်ပါသည်။ ဥရောပနိုင်ငံများတွင်ဝက်သစ်ချသား (Oak)၊ မြန်မာနိုင်ငံအပါအဝင် အာရှတိုက်တွင်ကျွန်း၊ မဟော်ဂဏီ ကဲ့သို့ သစ်မာသား (hardwoods) များမှာ အထူးတန်ဖိုးရှိပါသည်။
(၂) အလှအပနှင့် သုခမပုံမှန်စတိုင်မပျက်သောပုံစံ
သစ်သားပရိဘောဂသည် အိမ်တွင်း အလှဆင်မှုကို မြှင့်တင်စေပြီး၊ သဘာဝသားထွက် ပုံစံများ အရ တစ်ခုစီ၊ အမျိုးအစားချင်းမတူညီသော ဖွဲ့စည်းမှုရှိသည်။
(၃) ဒီဇိုင်းဖန်တီးနိုင်မှု ယှဉ်ပြိုင်စွမ်းရည်
သစ်သားကို ပုံမှန်မဟုတ်သော တီထွင်မှုများမှ ခေတ်မီဒီဇိုင်းများအထိ ဖန်တီးနိုင်သည်။ အိမ်အတွင်းနှင့် ခေတ်မီထုတ်ကုန်များနှင့် ပြည့်စုံသည်။
(၄) သတ္တုများထက် ပေါ့ပါးမှု
သံ၊ သတ္တုများဖြင့်ပြုလုပ်ထားသည့်ပရိဘောဂထက် ပိုမိုလွယ်ကူစွာ လှုပ်ရှားနိုင်သည်။
(၅) ဆိုးဝါးသောရာသီဥတုအတွက် သက်တောင့်သက်သာဖြစ်စေမှု
သစ်သားပရိဘောဂသည် သံနှင့် ကျောက်များထက် ပိုမိုနွေးထွေးသောခံစားချက် ပေးနိုင်သည်။
(၆) ပြုပြင်နိုင်ခြင်းနှင့် ပြန်လည်အသုံးပြုနိုင်ခြင်း
သစ်သားပရိဘောဂအပေါ် အကွက်ရိုက်ခြင်း၊ သစ်သား အစအနများကို တုံးထွင်း၍ ပြင်ဆင်နိုင်ပါသည်။
(၇) သဘာဝနှင့် သဟဇာတဖြစ်စေမှု
အတိအကျပြုလုပ်ထားပါက သစ်သားပရိဘောဂသည် ပတ်ဝန်းကျင်ဆိုးဝါးမှု အပေါ် သက်ရောက်မှု နည်းပါးသည်။
သစ်သားများ အသုံးပြုခြင်း၏ အားနည်းချက်များ
ထိန်းသိမ်းမှု: သစ်သားကို ပိုမိုထိန်းသိမ်းရန် လိုအပ်ပြီး ပိုးမွှားများ ဖျက်စီးမှုနှင့် ရာသီဥတုဒဏ်ကို တားဆီးရန် လိုအပ်ပါသည်။
မီးဘေးအန္တရာယ်: သစ်သားသည် မီးလောင်စေသည်၊ သို့သော် အထူးဆေးပြုလုပ်မှု များဖြင့် ကာကွယ်နိုင်ပါသည်။
ကုန်ကျစရိတ်: အရည်အသွေးမြင့်သစ်သားများ ပြုလုပ်မှုမှာ စျေးကြီးနိုင်သည်။
သတ္တု၊ ဘိလပ်မြေ၊ အုတ်များနှင့် နှိုင်းယှဉ်ပါက သစ်သားသည် ရောင်ပြန်သော အလှ၊ ပတ်ဝန်းကျင်အကျိုးသက်ရောက်မှုနည်းပြီး ဒီဇိုင်းဖန်တီးမှုစွမ်းရည် မြင့်မားသည့်အတွက် ဆောက်လုပ်ရေးနှင့် ပရိဘောဂအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။
(၄) ဝါးများ (Bamboos)
ကျေးလက်ဒေသများတွင် သစ်သား အပြင်ဝါးအမျိုးမျိုးကလည်း အိမ်ဆောက် တဲဆောက် လုပ်ငန်းများ အပြင် လယ်ယာလုပ်ငန်းများအတွက် စကော၊ ဇကာ၊ တောင်း၊ ခြင်း စသည် တို့ကိုလည်း ယက်လုပ်အသုံးချနိုင်ပါသည်။ ဝါးပင်ငယ်စဉ် ထွက်ရှိသော မျှစ် (Bamboo Shoots) ကလည်း နိုင်ငံခြားသို့ ပို့နိုင်သည်အထိ စီးပွားဖြစ်နိုင်ပါသည်။
ပုံ - ၅ ဝါးနှင်မျှစ်အသုံးပြုပုံများ
(၅) ဆေးဘက်ဝင်အပင်များ (Medicinal Plants)
အပင်နှင့် အပင်ထွက်ပစ္စည်းများ (အမြစ်၊ ပင်စည်၊ အရွက်၊ အပွင့်၊ အသီး စသည်ဖြင့်) မှ ကျန်းမာရေးကောင်းမွန်ရန်နှင့် ဆေးဝါးအနေဖြင့် များစွာကုသပေး၍ ရရှိပါသည်၊ ဆေးဝါး အပင်များထဲမှ အချို့ကျန်းမာရေးကောင်းမွန်စေသော အပင် အချို့ အကြောင်းကို အခြေခံ စိုက်ပျိုးရေး သိပ္ပံပညာ အမှတ် (၁၄၇) မှ အမှတ် (၁၅၁) အထိ တွင်ဖတ်ရှူနိုင်ပါသည်၊ ဆက်လက်ရေးသားပါဦးမည်၊
(၆) အယ်ကိုဟောမပါသော အဖျော်ယမကာအပင်များ (Non-alcoholic Beverages and Beverage Plants)
ကျွန်တော်တို့နေ့စဉ် သောက်သုံးနေသော လဘက်ရည်၊ ကော်ဖီတို့ အတွက် လဘက်ပင် (Tea)၊ ကော်ဖီပင် (Coffee)၊ ချောကလက်လုပ်သော ကိုကိုးပင် (Cocoa) နှင့် အသီးဖျော် ရည် ရရှိနိုင်သော အပင်များသည် ဤအုပ်စုထဲတွင် ပါဝင်ပါသည်။ (သီးသန့်ရေးပါမည်)
ပုံ - ၆ အဖျော်ယမကာနှင့် လက်ဖက်ပင်
(၇) အယ်ကိုဟောပါသော အဖျော်ယမကာအပင်များ (Alcoholic Beverages and Beverage Plants)
ဘီယာရနိုင်သော ဘာလီ (Barley)၊ ဗျစ်ပွင့် (Hops)၊ ဝိုင်ချက်နိုင်သော စပျစ်၊ မြန်မာ့ ထန်းရေရ ထန်းပင် (Toddy Palm)၊ ဓနိရေရသော ဓနိပင် (Nipa Palm) စသည်တို့ ဖြစ်ပါသည်။
ပုံ - ၇ အယ်ကိုဟောပါအဖျော်ယမကာနှင့် ဘီယာရ မုယောစပါးနှင့်ဗြစ်ပွင့်
(၈) ကြက်ပေါင်စေးနှင့် အစေးထွက်အပင်များ (Latex, Gums and Resins Plants)
မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ စက်ဘီး စသည်တို့အတွက် မရှိမဖြစ်လိုအပ်သော တိုင်ရာ (Tyre) ၏လိုအပ်ချက် ၉၈-ရာခိုင်နှုန်းကို ကြက်ပေါင်စေးပင်/ရော်ဘာပင် (Rubber – Hevea brasilensis) မှရရှိပါသည်၊ ရော်ဘာတု (Synthetic Rubber) များ ထုတ်လုပ်နေသော်လည်း သဘာဝရော်ဘာ (Natural Rubber) ကို မမှီပါ၊ ရော်ဘာ စိုက်ပျိုးရေး အကြောင်း ကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ ၁၂၀ နှင့် ၁၂၁ တွင် ဆွေးနွေး ရေးသားထားပြီးဖြစ်ပါသည်၊ ကျန်အစေးထွက်အပင်များ အကြောင်း ဆက်လက်ဆွေးနွေးပါမည်၊
(၉) သဘာဝဆိုးဆေး ရရှိသောအပင်များ (Tannins and Dyes Plants)
သစ်ရွက်၊ သစ်ခေါက်များမှရရှိသော သဘာဝဆိုးဆေးများကို ရှေးနှစ်ပေါင်းများစွာ ကတဲ က မြန်မာနိုင်ငံတွင် အသုံးပြုခဲ့ပါသည်၊ ယခုခေတ်တွင် သဘာဝမှရရှိသော အစားအ သောက် သဘာဝဆိုးဆေး (Food Dyes) အသုံးပြုသည့်ရမည့် အစား ဓာတုဆိုးဆေးများကို စည်းကမ်းမဲ့စွာ အသုံးပြုနေသဖြင့် ကင်ဆာအစရှိသော ရောဂါများလွယ်ကူစွာ ဖြစ်ပေါ်လျက်ရှိပါသည်။
ပုံ - ၈ သဘာဝဆိုးဆေးနှင့် ရရှိသောအပင်များ
မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)
Hill, A.F. (1952) Economic Botany: A Textbook of Useful Plants and Plant Products. 2nd Edi. McGraw Hill, NY. 560p.
Pandy, S.N. and Chadha, A. (1999) Economic Botany. Vikas Publishing House. New Delhi. 394p.
Pandey, B.P. (2007) Economic Botany (for B.Sc. and M.Sc. Students) S. Chand & Co. New Delhi. 628p.
(ဘာသာရပ်ဆိုင်ရာဝေါဟာရများကို ကူညီဖြေဆိုပေးပါသော ဒေါက်တာမင်းဇာနီအောင်၊ ပါမောက္ခ၊ ဒေါ်တင်လဲ့လဲ့ထွေး၊ ကထိက၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ဦးစိန်မိုး၊ ဒုတိယညွန်ကြားရေးမှူး၊ သစ်တောဦးစီးဌာန တို့အား ကျေးဇူးတင်ရှိပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။