မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပျားရည်ကို ပြည်ပသို့ တင်ပို့မှုအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၏ ဧပြီလမှ ဖေဖော်ဝါရီလကုန်အထိ ၁၁ လတာ ကာလအတွင်း ပျားရည်တန်ချိန် ၉၈၆.၂၃ ကျော်ခန့် တင်ပို့နိုင်ခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားမွေးမြူရေး ဖွံ့ဖြိုးရေးဌာနခွဲ စာရင်းအရ သိရသည်။
အဆိုပါ ပျားရည်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၄၇၉ သန်း ရရှိခဲ့ပြီး ယခုနှစ်တွင် ပျားရည်တင်ပို့မှု ပမာဏမှာ ယခင်နှစ်များထက် လျော့ကျနိုင်ကြောင်း သိရသည်။
နှစ်စဉ် ပြည်ပသို့ ပျားရည်တင်ပို့မှုမှာ တန်ချိန် ၂,၆၀၀ ဝန်းကျင်အထိ ရှိခဲ့သော်လည်း ယခုနှစ်တွင်မူ ဘဏ္ဍာနှစ် ကုန်ဆုံးရန် ရက်ပိုင်းသာ ကျန်တော့သည့်အတွက် တန်ချိန် ၁,၀၀၀ ကျော်ခန့်သာ တင်ပို့နိုင်မည့် အခြေအနေရှိနေသည်။
"ပုံမှန်ဆိုရင် တန်ချိန် ၂,၀၀၀ ကျော် ပို့နိုင်တာပါ။ ဒီနှစ်ကတော့ ၁၁ လ ရှိပြီဖြစ်ပေမဲ့ တန်ချိန် ၁,၀၀၀ တောင် မပြည့်သေးတဲ့ အခြေအနေပါ" ဟု ပျားမွေးမြူရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ပြည်ပသို့ တင်ပို့သည့် ပျားရည်အမျိုးအစားများမှာ နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ ရော်ဘာပျားရည်နှင့် ပန်းပေါင်းစုံ ပျားရည်တို့ ဖြစ်သည်။ အဓိကအားဖြင့် ဂျပန်နိုင်ငံသို့ အများဆုံး တင်ပို့ရပြီး ထိုင်း၊ တရုတ်၊ ဂျာမနီနှင့် တောင်ကိုရီးယား နိုင်ငံများသို့လည်း တင်ပို့မှုရှိကြောင်း သိရသည်။
ပျားရည်သည် ပြည်တွင်းဈေးကွက်တွင်လည်း သုံးစွဲမှု အထိုက်အလျောက် ရှိနေပြီး ဈေးနှုန်းအနေဖြင့် တစ်လီတာဝင် တစ်ပုလင်းလျှင် ၁၅,၀၀၀ ကျပ်မှ ၂၀,၀၀၀ ကျပ်အထက် ရှိနေသည်။

"ပျားရည်အစစ်ရဖို့ ရှားသလို ဈေးလည်း မတူကြဘူး။ ပျားရည်က အဓိက ဆေးဖက်ဝင်သလို ဟင်းချက်ရာမှာလည်း သုံးကြတာရှိတယ်" ဟု ပျားရည်ရောင်းချသူ တစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံတွင် ပျားမွေးမြူရေးလုပ်ငန်းများမှ နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ ရော်ဘာပျားရည်၊ လိုင်ချီးပျားရည်နှင့် ပန်းပေါင်းစုံ ပျားရည်တို့ကို ထုတ်လုပ်ပြီး နှစ်စဉ် တန်ချိန် ၄,၀၀၀ မှ ၅,၀၀၀ ဝန်းကျင်အထိ ထွက်ရှိသည်။
လက်ရှိတွင် ပြည်တွင်း၌ ပျားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရန် ရွှေ့ပြောင်းသွားလာမှု အခက်အခဲရှိခြင်းနှင့် မွေးမြူရေးစရိတ် ကြီးမြင့်လာခြင်းတို့ကြောင့် တိုးချဲ့မွေးမြူမှု နည်းပါးလာကြောင်း သိရသည်။ ပျားမွေးမြူရေးလုပ်ငန်းကို မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် အဓိက လုပ်ကိုင်ကြပြီး လုပ်ငန်းလိုင်စင်ကို တစ်နှစ်လျှင် တစ်ကြိမ် လျှောက်ထားရခြင်း ဖြစ်သည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။