မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်

26/01/2026 15:30 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဇီဝမျိုးစုံမျိုးကွဲများ အကြွယ်ဝဆုံးနိုင်ငံများအနက် တစ်နိုင်ငံအပါအဝင်ဖြစ်ပြီး မြစ်၊ ချောင်း၊ အင်း၊ အိုင်ပေါများသည့်အတွက် ကုန်းနေ၊ နေရေသတ္တဝါတို့ ကျက်စားနေထိုင်ရာ နေရာတစ်ခုလည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကုန်းလိပ်နှင့်ရေချိုလိပ်မျိုးစိတ်ပေါင်း ၂၆ မျိုးရှိသည့်အနက် ကြယ်လိပ်အပါအဝင်မျိုးစိတ်ခြောက်မျိုးသည် မြန်မာနိုင်ငံ၌သာတွေ့ရသော ရှားပါးမျိုးစိတ်များဖြစ်သည်။

ချစ်စရာကောင်းသော မြန်မာ့ကြယ်လိပ်များကို မြန်မာနိုင်ငံ၏ အပူပိုင်းရွက်ပြတ်တော၊ ဆူချုံတော၊ အင်တိုင်းတောနှင့် သန်းဒဟတ်တောများတွင် တွေ့ရမည်ဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း ပူပြင်းခြောက်သွေ့သောဒေသများဖြစ်သည့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် အများဆုံး တွေ့နိုင်ပါသည်။ ကြယ်လိပ်များသည် အအေးဒဏ်ကို မခံနိုင်သည့်အပြင် ၄င်းတို့ဘာသာ ဆောင်းခိုခြင်းလည်း မလုပ်ကြပေ။သို့သော် ခြောက်သွေ့သော ပတ်ဝန်းကျင်နှင့် စိုစွတ်သော ပတ်ဝန်းကျင်၂ မျိုးလုံးတွင် အဆင်ပြေအောင် နေနိုင်ကြပါသည်။

အမည်အမျိုးမျိုး မှည့်ခေါ်ပုံ

ကြယ်လိပ်ကို အင်္ဂလိပ်လို”Burmese Star Tortoise”ဟု အမည်တွင်ပြီး သိပ္ပံအမည်မှာ “Geochelone platynota”ဖြစ်သည်။ ကြယ်လိပ်ကို မြန်မာနိုင်ငံတွင် ဒေသအလိုက် ကြယ်လိပ်၊ ဆီးချိုလိပ်၊ ပင့်ကူလိပ်၊ ပန်းလိပ်၊ ရွှေလိပ်၊ နတ်လိပ်ဟူ၍ အမည်အမျိုးမျိုးဖြင့်လည်း ခေါ်ဆိုကြပါသည်။

ပုံသဏ္ဌာန် ဖော်ပြချက်

မြန်မာနိုင်ငံ၌သာ တွေ့ရှိရသော မြန်မာ့ကြယ်လိပ်တို့၏ ကျောခွံသည် ခုံးနေပြီး အညိုရင့်ရောင် (သို့မဟုတ်) အနက်ရောင်ရှိသည်။ ကျောခွံပေါ်ရှိ အကွက်တိုင်းတွင် အဝါရောင်အစင်းများ ပါရှိပါသည်။ အမြီးအဖျားတွင် ဦးချို(ဂျို)ကဲ့သို့ မာကြောသော အကြေးခွံပါရှိပါသည်။ ကျောခွံ၏ထိပ်တွင် ကြယ်ပုံသဏ္ဌာန်အမှတ်အသားကို ထင်ရှားစွာ တွေ့ရှိရသဖြင့် ကြယ်လိပ်ဟု တင်စားခေါ်ဝေါ်ကြပါသည်။ ထို့အပြင် ကျောခွံပေါ်ရှိ အဝါရောင်အစင်းများသည် ပင့်ကူပုံသဏ္ဌာန် ဖြစ်နေသောကြောင့် ပင့်ကူလိပ်ဟူ၍လည်း ခေါ်ဆိုကြသည်။ 

အစာစားသည့်အလေ့အထ

ကြယ်လိပ်သည် ၄င်းတို့၏အစာအဖြစ် အသီးအနှံ၊ ကျောရိုးမဲ့၊ ကျောရိုးရှိ သတ္တဝါငယ်များနှင့် အင်းဆက်ပိုးမွှားများကိုလည်း စားသောက်တတ်သည့်အပြင် မှို၊ အသီးအရွက်၊ ပန်းပွင့်တို့ကိုသာမက တီကောင်၊ ခရုတို့ကိုပါ စားသောက်လေ့ရှိသည့် အစုံစားသတ္တဝါမျိုး ဖြစ်သည်။ 

ဥအုခြင်းနှင့် သားပေါက်ခြင်း

ကြယ်လိပ်များသည် သဘာဝအရ ဇွန်လ မှ စက်တင်ဘာလအတွင်း မိတ်လိုက်ကြပြီး၊ မေလလယ်မှ စက်တင်ဘာလအတွင်း ဥအုချ၍ တစ်ကြိမ်လျှင် ဥအလုံးရေ (၁) လုံးမှ (၁၆) လုံးအထိ ဥလေ့ရှိကြောင်း သိရသည်။ ကြယ်လိပ်သည် တောရိုင်းသဘာဝတွင် တစ်နှစ်လျှင်တစ်ကြိမ်မှ လေးကြိမ်အထိ ဥဥလေ့ရှိ သည်။

ကြယ်လိပ်များ၏ ကိုယ်ဝန်ဆောင်ချိန်မှာ ၁၉၇ ရက်ဖြစ်ပြီး မိခင်နှင့် ပတ်ဝန်းကျင် အခြေအနေပေါ်မူတည်၍ ၁၇၂ ရက်မှ ၂၅၁ ရက်အတွင်း ပြောင်းလဲနိုင်သည်။ မေလ၊ ဇွန်လနှင့် ဇူလိုင်လများအတွင်း မိုးရွာသော အချိန်များ၌ ၎င်းတို့ဥထားသော ဥများမှ သားပေါက်ပြီး သားပေါက်များ ဥကျင်းမှထွက်လာကြကြောင်း သိရသည်။ သားပေါက်များတွင် အထီးနှင့် အမ အချိုးသည် အပူချိန်ပေါ်မူတည်၍ ပြောင်းလဲနိုင်ပြီး၊ ဟန်ချက်ညီသည့် အထီးအမအချိုးမှာ ခန့်မှန်းအပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်ခန့်ဖြစ်ကာ အပူချိန်နိမ့်လျှင် အထီးအရေအတွက် ပိုများပြီး၊ အပူချိန်မြင့်လျှင် အမအရေအတွက် ပိုများကြောင်း သိရသည်။

ကြယ်လိပ်များ၏သက်တမ်း

မြန်မာ့ကြယ်လိပ်များသည် မြန်မာနိုင်ငံအတွင်းတွင်သာ ရှင်သန်ကျက်စားသည့် ဒေသရင်းဖွားမျိုးစိတ် (Endemic Species) တောရိုင်းတိရစ္ဆာန်မျိုးစိတ်ဖြစ်ကြောင်း သိရသည်။ မြန်မာ့ကြယ်လိပ်သည် သုတေသန မှတ်တမ်းများအရ နှစ်ပေါင်း ၅၀ ကျော် ခန့် ရှင်သန်နိုင်ပြီး အသက်ရှည်မှုမှာ ၎င်းအပေါ်စောင့်ရှောက်မှုနှင့် ၎င်းနေထိုင်သည့် ပတ်ဝန်းကျင် အပေါ်အခြေအနေပေါ်များစွာ မူတည်ကြောင်း သိရသည်။

ကြယ်လိပ်မျိုးစိတ်များအပါအဝင် လိပ်မျိုးစိတ်များသည် အပင်မျိုးစိတ်များနှင့် မှိုမျိုးစိတ်များ မျိုးပျံ့ပွားနိုင်ရန်အတွက် မျိုးစေ့များ၊ ဝတ်မှုန်၊ ဝတ်ဆံများနှင့် ပိုးမွှားများကို ပျံ့နှံ့သယ်ဆောင်ပေးနိုင်ကြောင်းလည်း သိရသည်။ လိပ်များသည် ရှေးအစဉ်အဆက်ကတည်းက လူသားမျိုးနွယ်ကို တိုက်ရိုက်နည်းဖြင့်သော်လည်းကောင်း၊ သွယ်ဝိုက်သောနည်းဖြင့်သော်လည်းကောင်း အကျိုးပြုလျက်ရှိပြီး၊ ရေကိုညစ်ညမ်းစေသော ဓာတ်သတ္တုများ၊ ရေညှိရေမှော်များ၊ အင်းဆက်ပိုးမွှားများကို စားသည့်အတွက် လူသားများ မှီခိုအသုံးပြုနေသော မြစ်၊ ချောင်း၊ အင်း၊ အိုင် များကို သန့်စင်ပေးသည့် ဂေဟစနစ်များကို ထိန်းသိမ်းစောင့်ရှောက်ပေးနေပြီး လူသားများအပေါ် အကျိုးကျေးဇူးများ များစွာ ရှိသည့်အတွက် စဉ်ဆက်မပြတ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့ လိုအပ်လှသည်။

ကြယ်လိပ်မျိုးစိတ်များကို ထိန်းသိမ်းခြင်းအားဖြင့် ကြယ်လိပ်များသည် မြန်မာနိုင်ငံမှာသာ ရှင်သန်ကျက်စားသည့် ဒေသမျိုးရင်းမျိုးစိတ်များဖြစ်သည့်အတွက် နိုင်ငံ၏တန်ဖိုးရှိသည့် ဇီဝမျိုးစုံမျိုးကွဲ သယံဇာတများ ပျောက်ကွယ်သွားနိုင်မှု လျော့နည်းသွားပေမည်။

သဘာဝတောများအတွင်း ကြယ်လိပ်ကောင်ရေ ပြန်လည်တိုးပွားလာစေရန်အတွက် အစဉ်တစိုက် ဆောင်ရွက်လျက်ရှိရာ မြန်မာကြယ်လိပ်များ ကောင်းမွန်စွာ ရှင်သန်ကျက်စားနိုင်မည့် ၎င်းတို့၏ နေရင်းဒေသများသို့ ပြန်လွှတ်ခြင်းလုပ်ငန်းကို ရွှေစက်တော်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် ၂၇၅၀ ကောင်နှင့်၊ မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် ၁၁၀၀ ကောင် စုစုပေါင်း ၃၈၅၀ ကောင်ကို သဘာဝတောအတွင်းသို့ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ သိရသည်။

မြန်မာ့ကြယ်လိပ်များကို ၁၉၉၉ ခုနှစ်၌ ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ကြယ်လိပ် အထီး ၆ ကောင်၊ အမ ၆ ကောင် စုစုပေါင်း ၁၂ ကောင်၊ မင်းစုံတောင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ကြယ်လိပ် အထီး ၆ ကောင်၊ အမ ၆ ကောင် စုစုပေါင်း ၁၂ ကောင်နှင့် ၂၀၀၁ ခုနှစ်၌ လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် ကြယ်လိပ် အထီး ၄၂ ကောင်၊ အမ ၄၀ ကောင် စုစုပေါင်း ၈၂ ကောင် စတင်မွေးမြူခဲ့ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်အထိ ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ၁၆၆၆ ကောင်၊ မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် ၄၀၅၈ ကောင်နှင့် လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် ၈၅၉၇ ကောင်ရှိခဲ့ကာ စုစုပေါင်းမြန်မာ့ကြယ်လိပ် ၁၄၃၂၁ ကောင်အထိ တိုးပွား လာခဲ့ကာ ခြံလှောင်မွေးမြူထိန်းသိမ်းထားလျက်ရှိကြောင်း သိရသည်။

တာဝန်ရှိသူများအနေဖြင့်လည်း မြန်မာ့ကြယ်လိပ်များရေရှည်တည်တံ့ရှင်သန်နိုင်စေရန် ကာကွယ်ထိန်းသိမ်းသင့်သလို ပြည်သူလူထုကိုလည်း တောရိုင်းတိရစ္ဆာန်လေးများအပေါ် မြတ်နိုးတတ်သည့် စိတ်ဓာတ်များဖြစ်ပေါ်လာစေရန်ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးလုပ်ငန်းများကို လုပ်ဆောင်ပေးသင့်ပါသည်။ ဤနည်းကလည်း ထိန်းသိမ်းစောင့်ရှောက်မှုတစ်မျိုးပင်ဖြစ်ပါသည်။ မြန်မာ့ကြယ်လိပ်များ မျိုးမသုဥ်းစေရန် သက်ဆိုင်ရာကထိန်းသိမ်းမွေးမြူခဲ့သဖြင့် နှစ်ပေါင်း ၂၀အတွင်း အရွယ်စုံကြယ်လိပ်အကောင်ရေ ထောင်ချီတိုးပွားခဲ့ရာမှ ယခုအခါ သောင်းဂဏန်းအထိရှိလာခဲ့ပြီးဖြစ်ပါသည်။ မျိုးသုန်းလုနီးပါး အန္တရာယ်ကျရောက်နေသော မြန်မာ့ကြယ်လိပ်များ ပျောက်ကွယ်မသွားစေရေးအတွက် မြန်မာနိုင်ငံတွင် ကြယ်လိပ်မွေးမြူခြင်းများကို ၂၀၀၄ ခုနှစ်တွင် ကောင်ရေ ၂၀၀ ဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတွင် လိပ်ကောင်ရေ ၁၄,ဝဝဝ ထိ တိုးတက်လာခဲ့ကာ လိပ်အကောင် ၁၀၀၀ ကိုလည်း မူရင်းဒေသ တောရိုင်းများသို့ ပြန်လည်ထားရှိပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

ကြယ်လိပ်များမှာ တောမီးလောင်ခြင်း၊ နေထိုင်ရာတောများ ဆုံးရှုံးခြင်း၊ နိုင်ငံတကာ ရောင်းဝယ်ဖောက်ကားခြင်းများကြောင့် အရေအတွက် နည်းလာခဲ့သည်။ သို့အတွက် ကြယ်လိပ်များကို စနစ်တကျကာကွယ်ထိန်းသိမ်းထားခြင်း ဖြစ်သည်။ မြန်မာ့ကြယ်လိပ်များကို ထိန်းသိမ်းသည့်နေရာ ၃ခု ရှိသည်။ လောကနန္ဒာဘေးမဲ့တောဥယျာဥ်၊ ရွှေစက်တော် တောရိုင်းတိရစ္တာန်ဘေးမဲ့တော၊ မင်စုံတောင် တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောများတွင် ထိန်းသိမ်းစောင့်ရှောက်မွေးမြူလျက်ရှိသည်။ ထို့အပြင် လက်ရှိတွင် မန္တလေးမြို့၊ ရတနာပုံတိရစ္ဆာန်ဥယျာဥ်မှလည်း မြန်မာ့ကြယ်လိပ်များ မျိုးသုဥ်းမသွားစေရန် အကောင်ရေတိုးလားစေရေး စောင့်ရှောက်မွေးမြူလျက်ရှိသည်ဟု သိရသည်။

ကြယ်လိပ်အပါအဝင် လိပ်မျိုးစိတ်များသည် ဂေဟစနစ်ကိုအကျိုးပြုနေသည်။ လိပ်များသည် အပင်မျိုးစိတ်များနှင့် မှိုမျိုးစိတ်များပျံ့ပွားအောင်မျိုးစေ့များကို ဝတ်မှုံကူးပေးခြင်း၊ဝတ်ဆံများနှင့်ပိုးမွှားများကို ပျံ့နှံ့သယ်ဆောင်ပေးနိုင်သည်။ လိပ်မျိုးစိတ်များသည်လူသားများကို သွယ်ဝိုက်၍လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း အကျိုးပြုနေသည်။

ကြယ်လိပ်များသည် ရေထုကိုညစ်ညမ်းစေသည့် ဓာတ်သတ္တုများ၊ရေညှိရေမှော်များ၊ အင်းဆက်များကို စားသောက်သည့်အတွက် မြစ်၊ချောင်း၊ အင်း၊ အိုင်များကို သန့်စင်ပေးပြီးဂေဟစနစ်ကို ထိန်းသိမ်းပေးသည်။ အင်း၊ အိုင်များကိုညစ်ညမ်းစေသည့်ရေညှိ၊ ရေမှော်ပင်များကိုစားသုံးပေးသည့်အတွက် အင်း၊ အိုင်များကို သန့်ရှင်းစေသည်။

ငါးသေ၊ ငါးပုပ်များကို စားသုံးပစ်သည့်အတွက် ကန်ရေ၏အရည်အသွေးကို ကောင်းစေပြီး ရေထုကို သန့်ရှင်းစေသည်။ လိပ်များသည် မြစ်ကမ်းအတွင်းကျရောက်လာသည့် အသီးများကိုစားသုံးကာ မိမိတို့ လှည့်လည်သွားလာရာနေရာ ဒေသအသီးသီး၌ မစင်စွန့်သောအခါ ထိုနေရာဒေသအသီးသီးတွင် အပင်ပြန်ပေါက်သဖြင့် သဘာဝပတ်ဝန်းကျင်၏ ဥယျာဥ်မှုးသဖွယ်လည်းဖြစ်ပါသည်။ လိပ်တို့ပြန်လည်စွန့်ပစ်သောမစင်များကို ရေနေငါးသတ္တဝါများပြန်လည်း စားသုံးနိုင်ကြသဖြင့် အစာကွင်းဆက်ကိုလည်ဖန်တီးပေးသည်။ ထို့ကြောင့် လိပ်များသည် သဘာဝပတ်ဝန်းကျင်နှင့်ဂေဟစနစ်ကိုထိန်းသိမ်းပေးပါသည်။

အချုပ်အားဖြင့်ဆိုရလျှင်-

အရောင်အသွေးလှပသည့် မြန်မာ့ဒေသမျိုးရင်းကြယ်လိပ်များသည် မျိုးသုဥ်းလုစာရင်းဝင် ဖြစ်လာသဖြင့် စနစ်တကျထိန်းသိမ်းမွေးမြူလာခဲ့ရသော မျိုးစိတ်လည်း ဖြစ်သည်။ ထို့ပြင် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကိုပါ ကာကွယ်ပေးသဖြင့် မြန်မာ့ကြယ်လိပ်များကို အားလုံးဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြမှသာ မြန်မာ့ဒေသမျိုးရင်းဖြစ်သည့်ကြယ်လိပ်များမှာ မျိုးသုဥ်းမှု အန္တရာယ်မှကာကွယ်နိုင်မည်ဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။

မှီငြမ်း-ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှထုတ်ဝေသော စာစောင်များ

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်