ပြည်ပပို့ကုန်ရငွေတန်ဖိုး အားပျော့မှုနှင့်အတူ မြန်မာ့လယ်ယာ ပို့ကုန်ဈေးနှုန်းများ ကျဆင်းနေသည်။ ယခုရက်သတ္တပတ် ပဲ၊ ပြောင်း၊ ဆီထွက်သီးနံများ၏ ပြည်ပရောင်းချသည့် FOB (free on board) ဈေးသာမက ပြည်တွင်းဈေးပါ ကျဆင်းလာသည်။
မတ်ပဲဈေးပြန်ကျ
ယခုရက်သတ္တပတ် မတ်ပဲက ပြည်တွင်းဈေးသာမက ပြည်ပဈေးလည်းကျဆင်းလာသည်။ အိန္ဒိယကုန်သည်များ၏ ၀ယ်လိုအား အနည်းငယ်လျော့နည်းခြင်းကြောင့် ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ဈေးမြင့်တက်ခဲ့သည့်မတ်ပဲ ပြည်ပဈေးက ယခုရက်သတ္တပတ်တွင် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅ ဒေါ်လာ ပြန်လည်ကျဆင်းသည်။
ရန်ကုန်ဈေးကွက်တွင် ပြည်ပသို့ ရောင်းချသည့် မတ်ပဲ FAQ က တစ်တန် FOB ဒေါ်လာ ၇၁၀ - ၇၂၀မှ ၇၀၅ - ၇၁၅သို့ ဈေးပြောင်းလဲသွားသည်။ မတ်ပဲSQ ကလည်း တစ်တန် ဒေါ်လာ ၈၀၀ - ၈၁၀မှ ၇၉၅ - ၈၀၅ သို့ ဈေးပြောင်းလဲသည်။
မတ်ပဲပြည်ပဈေးကျသကဲ့သို့ ပြည်တွင်းဈေးကတစ်တန် ကျပ် ၄၀,၀၀၀ ခန့် ဈေးပြန်ကျလာသည်။ ရန်ကုန်ဈေးကွက်တွင် မတ်ပဲ FAQ တစ်တန် ကျပ် ၂,၇၂၇,၀၀၀ မှ ၂,၆၈၇,၀၀၀သို့ ဈေးပြောင်းလဲပြီး မတ်ပဲ SQ တစ်တန် ကျပ်သိန်း ၃၀ ၀န်းကျင် မှ ၂,၅၇၅,၀၀၀သို့ ဈေးပြောင်း လဲသည်။
မြန်မာနိုင်ငံ၏ စိုက်ဧက တစ်သန်းကျော်မှ စိုက်ပျိုးထုတ်လုပ်သော မတ်ပဲ၏ အဓိကပြည်ပဈေးကွက်သည် အိန္ဒိယနိုင်ငံဖြစ်နေသည်။ ယခုနှစ်တွင် အိန္ဒိယနိုင်ငံသည် ပြည်ပမှ မတ်ပဲကို ယခင်နှစ်ကထက် တိုးမြှင့်တင်သွင်းထားသည်။ မြန်မာနိုင်ငံအပြင် ဘရာဇီးနိုင်ငံမှစိုက်ပျိုးထုတ်လုပ်သည့် မတ်ပဲကို ပမာဏများစွာ ၀ယ်ယူတင်သွင်းနေသော နိုင်ငံဖြစ်သည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံမှ ကုန်သည်များ၏ ၀ယ်လိုအားအပြောင်းအလဲက ပြည်တွင်းမတ်ပဲ ဈေးကွက်အပေါ် သက်ရောက်မှုကြီးမားသည်။
ပြည်တွင်းဈေးအနည်းငယ်တက်သည့် ပဲစင်းငုံ(နီ)
အိန္ဒိယဈေးကွက်သို့ အဓိကထား တင်ပို့ရောင်းချသည့် ပဲစင်းငုံ(နီ)က ယခုရက်သတ္တပတ်တွင် ပြည်ပဈေးငြိမ်နေသော်လည်း ပြည်တွင်းဈေးအနည်းငယ် မြင့်တက် သည်။
မြန်မာနိုင်ငံအလယ်ပိုင်းတွင် စိုက်ပျိုးထုတ်လုပ်သောပဲစင်းငုံကို အိန္ဒိယ နိုင်ငံသို့ အဓိကတင်ပို့ပြီး ပြည်တွင်း ၌ အနည်းငယ်သောပမာဏကိုသာ စားသုံးသည်။
ယခုနှစ် အိန္ဒိယတွင် မိုးများပြီးပဲစင်းငုံစိုက်ခင်းများပျက်ဆီးမှုရှိသဖြင့် အထွက်နှုန်းက ပြီးခဲ့သည့် နှစ်များထက်လျော့နည်းနိုင် ကြောင်း အိန္ဒိယသတင်းမီဒီယာများတွင်ဖော်ပြကြသည်။ သို့သော်အိန္ဒိယ အစိုးရကပဲစင်းငုံကို မြန်မာနိုင်ငံနှင့်အပြိုင် မိုဇမ်ဘစ်၊ မာလာဝီ စသော အာဖရိကနိုင်ငံများကပါ တင်သွင်းနေသဖြင့် ပဲစင်းငုံဈေးက သိသာစွာ မြင့်တက်လာခြင်း မရှိသေးပါ။
ယခုရက်သတ္တပတ်တွင်လည်း ပဲစင်းငုံ ပြည်ပရောင်းချသည့် FOBဈေးက တစ်တန် ဒေါ်လာ ၆၇၀ - ၆၈၀ ဖြင့် ဈေးငြိမ်နေသည်။ သို့သော် ပဲစင်းငုံ ပြည်တွင်း ဈေးက တစ်တန် ကျပ် ၃၀,၀၀၀ ကျော် ဈေးမြင့်တက်သည်။ ရန်ကုန်ဈေးကွက်တွင် ပဲစင်းငုံ တစ်တန် ကျပ် ၂,၅၄၀,၀၀၀မှ ၂,၅၇၅,၀၀၀ သို့ ဈေးပြောင်းလဲသည်။ မန္တလေးဈေးကွက်တွင်လည်း ပဲစင်းငုံ(နီ)သစ်က ဈေးအကျဘက်ကို ပြောင်းလဲသည်။ ပဲစင်းငုံ(နီ)သစ် တစ် တန် ကျပ် ၂,၅၂၁,၀၀၀ မှ ၂,၄၄၉,၅၀၀သို့ ဈေးပြောင်းလဲသည်။
ပြောင်းဈေးပြန်ကျ
ထိုင်းနိုင်ငံမှ ပြောင်း၀ယ်ရန် အချိန်နီးလာသဖြင့် ပြီးခဲ့သည့်လမှစတင်ပြီး ဈေးမြင့်တက်ခဲ့သော ပြောင်းက ယခုရင်သတ္တပတ်တွင်ပြည်တွင်းဈေးအနည်းငယ်ကျသည်။ နှစ်သစ်ကူးရုံးပိတ်ရက်များမတိုင်မီ ပြည်တွင်းပြောင်းဈေး အကျဘက်ပြောင်းလဲသော်လည်း ပြည်ပဈေးငြိမ်နေသည်။ ရန်ကုန်ဈေးကွက်တွင် ပြည်ပတင်ပို့သည့် ပြောင်း FOB ဈေး တစ်တန် ဒေါ်လာ၂၃၅ - ၂၄၅ ဖြင့် ဈေးငြိမ်နေသည်။ သို့သော် ပြည်တွင်းပြောင်းဈေးက တစ်ပိဿာ ကျပ် ၁,၄၅၀ - ၁,၄၇၀မှ ၁,၄၃၀ - ၁,၄၅၀သို့ ပြောင်းလဲသည်။
ထို့အတူ မန္တလေးဈေးကွက်တွင်လည်း ရှမ်းပြောင်တစ်တန် ကျပ် ၈၅၀,၀၀၀,ကျော်မှ ၈၃၉,၀၀၀ ကျော်၊ CP ပြောင်း သစ်တစ်တန် ကျပ် ၈၅၀,၀၀၀ ကျော်မှ ၈၃၉,၀၀၀ ကျော်သို့ ဈေးပြောင်းလဲသည်။

ဈေးကျဆင်းလာသော မြေပဲနှင့် နှမ်း
ဆီထွက်သီးနှံ တစ်မျိုးဖြစ်သည့် မြေပဲက ယခုရက် သတ္တပတ်တွင် ပြည်ပဈေးသာမက ပြည်တွင်းဈေးပါ ကျဆင်းလာသည်။
ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ဆီစက်များ၏၀ယ်လိုအားနှင့် ပြည်တွင်းစားသောက်ကုန်လုပ်ငန်းများမှ ၀ယ်လိုအားကောင်းသဖြင့် မြေပဲဈေးမြင့်တက်ခဲ့သည်။ သို့သော် ယခုရက်သတ္တပတ်တွင် မြေပဲက ပြည်တွင်း၊ ပြည်ပ ၀ယ်လိုအားပျော့ခြင်းကြောင့် ဈေးအနည်းငယ်ပြန်ကျသည်။
ရန်ကုန်ဈေးကွက် ပြည်ပ၀ယ်အားပျော့ခြင်းကြောင့် မြေပဲ(လုံးဆံ) FOBတစ်တန် ဒေါ်လာ၂၀ ဈေးကျသွားသည်။ မြေပဲ(လုံးဆံ)တစ်တန် ဒေါ်လာ ၁,၃၉၅/ ၁,၄၀၅ မှ ၁,၃၇၅/၁,၃၈၅သို့ ဈေးပြောင်းလဲသည်။ မန္တလေးဈေးကွက်တွင်လည်း မြေပဲ S1(လုံးဆံ)ဈေးက တစ်တန် ကျပ် ၅,၃၈၀,၀၀၀ ကျော်မှ ၅,၃၂၀,၀၀၀ ကျော်၊ Mတွဲ(လုံးဆံ)တစ်တန် ကျပ်၅,၃၈၀,၀၀၀ ကျော်မှ ၅,၃၂၀,၀၀၀ ကျော်၊ အနီ(လုံးဆံ)တစ် တန် ကျပ် ၅,၁၄၀,၀၀၀ ကျော်မှ ၅,၀၈၀,၀၀၀ ကျော်သို့ ဈေးပြောင်းလဲသည်။
ထိုအပြင် မြေပဲ(ဆီဆန်)များကလည်း S1(ဆီဆန်) တစ်တန်ကျပ်၅,၂၆၀,၀၀၀ မှ ၅,၀၈၀,၀၀၀ ကျော်၊ Mတွဲ(ဆီဆန်) ရှမ်း တစ်တန် ကျပ် ၅,၂၀၀,၀၀၀ ကျော်၊ အနီ(ဆီဆံ)ဆစ်တန် ကျပ် ကျပ် ၅,၀၂၀,၀၀၀ မှ ၄,၈၉၀,၀၀၀ ကျော်သို့ဈေးပြောင်းလဲသည်။
ဆီထွက်သီးနှံ နောက်ထပ်တစ်မျိုးဖြစ်သည့် နှမ်းကလည်း ပြည်ပဈေးသာမက ပြည်တွင်းဈေးလည်း အမျိုးအစားအလိုက် ကျဆင်းနေသည်။
တရုတ်ဈေးကွက်ကို အဓိကတင်ပို့နေသည့် နှမ်းနက်(စမုံ)အသစ်များဈေး ကွက်၀င်နေပြီး ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ဈေးအနည်းငယ်မာခဲ့သည်။ သို့သော် ယခုရက်သတ္တပတ်တွင် ပြည်ပရောင်းချသည့်နှမ်းနက်(စမုံ)FOBဈေးက တစ်တန် ဒေါ်လာ ၄၀ဈေးကျသည်။ နှမ်းနက်(စမုံ)တစ်တန် ဒေါ်လာ ၂,၆၇၅/၂,၆၈၅မှ ၂,၆၃၅/၂,၆၄၅သို့ ဈေးပြောင်းသွားသည်။
မန္တလေးဈေးကွက်တွင်လည်း နှမ်းနက်(စမုံ)ပြည်တွင်းဈေးက တစ်တန် ကျပ်သိန်း ၁၀၀ ကျော်မှ ၉၇ သိန်းကျော်သို့ ဈေးပြောင်းသည်။
သို့သော် နှမ်းဖြူက ပြည်ပဈေးငြိမ်နေပြီး ပြည်တွင်းဈေးကျသည်။ ပြည်ပသို့ရောင်းချသည့် နှမ်းဖြူFOB ဈေးက တစ်တန် ဒေါ်လာ ၁,၁၁၅ - ၁,၁၂၅ ဖြင့် ဈေးငြိမ်နေသည်။ ပြည်တွင်းဈေးက နှမ်းဖြူ (ဂျပန်)တစ်တန် ကျပ် ၃,၉၄၀,၀၀၀ ကျော်မှ ၃,၈၇၀,၀၀၀ ကျော်သို့ဈေးပြောင်းသွားသည်။
နှမ်းညိုကလည်း ပြည်ပဈေးငြိမ်ပြီး ပြည်တွင်းဈေးအနည်းငယ်တက်လာသည်။ ပြည်ပသို့ရောင်းချသည့် နှမ်းညို FOB ဈေးက တစ်တန် ဒေါ်လာ ၁,၀၃၀ - ၁,၀၄၀ ဖြင့်တည်ငြိမ်နေသော် လည်း ပြည်တွင်းဈေးက တစ် တန် ကျပ် ၃,၇၄၀,၀၀၀ ကျော်မှ ၃,၈၁၀,၀၀၀ ကျော်သို့ဈေး ပြောင်းလဲသည်။
ပဲကြီးဈေးအနည်းငယ်ပြောင်းလဲ
ပြည်တွင်းအဓိကစားသုံးသည့် ပဲကြီးက ယခုရက် သတ္တပတ်တွင် ဈေးအနည်း ငယ်အပြောင်းအလဲရှိလာသည်။ ရန်ကုန်ဈေးကွက်တွင် ပဲကြီး(ရွှေကျွန်း) ဈေးအနည်းငယ်တက်သော်လည်း မန္တလေးဈေးကွက်တွင် ပဲကြီး အမျိုးအစားအချို့ ဈေးကျသည်။ ပြည်ပရောင်းချသည့် ပဲကြီးက ဈေးတည်ငြိမ်နေသည်။
ပဲကြီးကိုပြည်တွင်းစားသုံးမှုများပြီး ပဲကြော်၊ပဲလှော်လုပ်ငန်းများအပါအ၀င် စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်းများမှ၀ယ်လိုအားရှိနေသည်။ လက်ရှိပဲကြီးအသစ်များ ဈေးကွက်အ၀င်များသော်လည်း ရန်ကုန်ဈေးကွက်တွင် ပဲကြီး(ရွှေကျွန်း) တစ်ပိဿာ ကျပ် ၉,၇၃၀ - ၁၀,၆၂၀ မှ ၁၀,၂၆၅ - ၁၀,၆၂၀ သို့ဈေးပြောင်းသွားသည်။
မန္တလေးဈေးကွက်တွင်လည်း ပဲကြီး(လတ်) တစ်မျိုးသာ တစ်တန် ကျပ် ၆,၃၁၀,၀၀၀ ကျော်မှ၆,၂၆၀,၀၀၀ ကျော်သို့ဈေးပြောင်းသည်။ ကျန်အမျိုးအစားများဖြစ်သော ပဲကြီး(ကြီး) တစ်တန် ကျပ် ၆,၆၅၀,၀၀၀ ကျော်၊ ပဲကြီး(သေး) တစ်တန် ကျပ် ၄,၉၈၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသည်။ ယခုရက်သတ္တ ပတ်ပြည်ပရောင်းချသည့် ပဲကြီးFOB ဈေးက တစ်တန် ဒေါ်လာ ၁,၂၀၅ - ၁,၂၁၅ဖြင့် ဈေးငြိမ်နေသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။