ပို့ကုန်များ ပြည်တွင်းဈေးနှုန်း ကျဆင်းခဲ့ (၈ - ၁၂.၆.၂၀၂၆)

14/06/2026 14:40 PM တွင် AMIA AMIA မှ ရေးသား

မြန်မာနိုင်ငံမှ ပြည်ပဈေးကွက်သို့ အဓိကထား တင်ပို့နေသည့် ပဲအချို့သည် ဇွန်လဒုတိယရက်သတ္တပတ်တွင် ပြည်တွင်းဈေးကွက်၌ ဈေးအေးနေသည်။ ပြည်ပဝယ်လိုအား မျှော်လင့်ချက် သိသာစွာ ပြောင်းလဲနိုင်ခြင်း မရှိခြင်းက ပြည်တွင်းဈေးကွက်အပေါ် သက်ရောက်မှုများ ရှိလာစေသည်။ သို့သော် ပြည်တွင်းစားသုံးမှုများသည့် ပဲအချို့မှာမူ ဈေးနှုန်းအနည်းငယ် အတက်ပြနေကြောင်း သိရသည်။

မတ်ပဲဈေးနှုန်း အေးနေ

ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် ၈ သိန်းနီးပါး တင်သွင်းခဲ့သည့် အိန္ဒိယနိုင်ငံသည် လက်ရှိအချိန်တွင် မတ်ပဲဝယ်လိုအား ပျော့နေသည်။ နွေရာသီစိုက်ပျိုးသည့် မတ်ပဲများ ဈေးကွက်အတွင်း ဝင်ရောက်နေသည်ဟူသော သတင်းများက မြန်မာ့မတ်ပဲအပေါ် ဝယ်လိုအားကို ထိန်းချုပ်လာစေသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံအတွင်း မြန်မာ့မတ်ပဲဈေးနှုန်း တည်ငြိမ်နေသည်။

ယခုရက်သတ္တပတ် အိန္ဒိယဈေးကွက်တွင် မြန်မာမတ်ပဲ CNF (Cost and Freight) ဈေးနှုန်းမှာ မတ်ပဲ FAQ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၀၅၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၈၈၅ ဖြင့် ဈေးဖွင့်ထားသည်။

မြန်မာနိုင်ငံဈေးကွက်တွင်လည်း မတ်ပဲဈေးနှုန်းသည် (ဇွန်လ ၈ ရက်မှ ၁၁ ရက်အထိ) ပြည်ပသို့ ရောင်းချသည့် FOB ဈေးနှုန်း တည်ငြိမ်လုနီးပါး ဖြစ်နေပြီး ပြည်တွင်းဈေးမှာ အနည်းငယ် လှုပ်ခတ်မှု ရှိလာသည်။

မတ်ပဲပြည်ပရောင်းချသည့် FOB ဈေးနှုန်းမှာ မတ်ပဲ FAQ တစ်တန်လျှင် ဒေါ်လာ ၇၆၀ / ၇၇၀ ဈေးဖွင့်ထားပြီး၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၈၄၅ / ၈၅၅ မှ ၈၄၀ / ၈၅၀ သို့ ဈေးနှုန်းအနည်းငယ် ပြောင်းလဲသွားသည်။

ပြည်တွင်းဈေးကွက်တွင် မတ်ပဲဈေးနှုန်းမှာ မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၃,၀၆၅,၀၀၀ မှ ကျပ် ၃,၀၅၃,၀၀၀ သို့ ဈေးကျပြီး ကျပ် ၃,၀၅၈,၀၀၀ သို့ ဈေးပြောင်းလဲသွားသည်။ ထို့အတူ မတ်ပဲ SQ ဈေးနှုန်းမှာလည်း ကျပ် ၃,၃၆၂,၀၀၀ မှ ကျပ် ၃,၃၄၈,၀၀၀ သို့ ဈေးကျဆင်းကာ ကျပ် ၃,၃၅၃,၀၀၀ သို့ ဈေးပြောင်းလဲသွားသည်။

ပြည်တွင်းဈေးနှုန်း တက်လာသည့် မြေပဲ

ဆီထွက်သီးနှံအမျိုးအစားဖြစ်သော မြေပဲသည် ယခုရက်သတ္တပတ်တွင် ပြည်ပသို့ ရောင်းချသည့် FOB ဈေးနှုန်း ငြိမ်နေသော်လည်း ပြည်တွင်းဈေးနှုန်း မြင့်တက်လာသည်။ ရန်ကုန်ဈေးကွက်တွင် မြေပဲ FOB ဈေးနှုန်းမှာ လုံးဆန်တစ်တန်လျှင် ဒေါ်လာ ၁,၇၁၅ / ၁,၇၂၅ ဖြင့် ဈေးငြိမ်နေသည်။

သို့သော် ပြည်တွင်းလုပ်ငန်းသုံး ဝယ်လိုအားနှင့် ဆီစက်များ၏ ဝယ်ယူမှုများ ရှိနေခြင်းကြောင့် မြေပဲပြည်တွင်းဈေးမှာ တစ်တန်လျှင် ကျပ် ၂ သိန်းဝန်းကျင် ခန့် ဈေးမြင့်တက်လာသည်။

မန္တလေးဈေးကွက်တွင် မြေပဲပြည်တွင်းဈေးနှုန်းမှာ မြေပဲ S1 (လုံးဆန်) တစ်တန်လျှင် ကျပ် ၆,၈၅၀,၀၀၀ ကျော်မှ ကျပ် ၇,၀၄၀,၀၀၀ ကျော်၊ မြေပဲအနီလုံးဆန် တစ်တန်လျှင် ကျပ် ၆,၆၇၀,၀၀၀ ကျော်မှ ကျပ် ၆,၇၃၀,၀၀၀ ကျော်သို့လည်းကောင်း ဈေးပြောင်းလဲသွားသည်။

ထို့ပြင် မြေပဲဆီဆန်ကလည်း ဈေးနှုန်းမြင့်တက်လာသည်။ မြေပဲ S1 ဆီဆန် တစ်တန်လျှင် ကျပ် ၆,၅၅၀,၀၀၀ ကျော်မှ ကျပ် ၆,၇၀၀,၀၀၀ ကျော်သို့လည်းကောင်း၊ အနီဆီဆန် တစ်တန်လျှင် ကျပ် ၆,၁၀၀,၀၀၀ ကျော်မှ ကျပ် ၆,၃၀၀,၀၀၀ ကျော်သို့လည်းကောင်း ဈေးပြောင်းလဲသွားသည်။

 

ပြည်တွင်းဈေး ကျရိပ်သန်းနေသည့် ပဲစင်းငုံ

အယ်လ်နီညိုရာသီဥတုကြောင့် မုတ်သုံရာသီတွင် မိုးနည်းပါးမည်ကို စိုးရိမ်မှုများ ရှိနေချိန်၌ အိန္ဒိယအစိုးရက ပဲစင်းငုံကို လုံလောက်စွာ သိုလှောင်ထားသည်ဟူသော သတင်းများက မျက်မှောက်ပဲစင်းငုံဈေးကွက်အပေါ် သက်ရောက်မှုများ ရှိနေသည်။ ထို့ကြောင့် အိန္ဒိယဈေးကွက်တွင် မြန်မာ့ပဲစင်းငုံဈေးနှုန်းမှာ အကျဘက်သို့ ပြောင်းလဲနေသည်။

ယခုရက်သတ္တပတ် အိန္ဒိယဈေးကွက်တွင် မြန်မာ့ပဲစင်းငုံ CNF ဈေးနှုန်း၌ ပဲစင်းငုံအဟောင်းများ ဈေးကျဆင်းနေသည်။ အိန္ဒိယဈေးကွက်တွင် မြန်မာပဲစင်းငုံ 2025 Crop တစ်တန်လျှင် ေဒေါ်လာ ၈၀၅ မှ ၈၀၀ သို့လည်းကောင်း၊ ပဲစင်းငုံ 2026 Crop တစ်တန်လျှင် ဒေါ်လာ ၈၈၅ ဖြင့်လည်းကောင်း ဈေးငြိမ်နေသည်။

မြန်မာနိုင်ငံဈေးကွက်တွင် ပဲစင်းငုံ ပြည်ပရောင်းချသည့် FOB ဈေးနှုန်း ငြိမ်နေပြီး ပြည်တွင်းဈေးမှာမူ အကျဘက်သို့ ပြောင်းလဲနေသည်။ ရန်ကုန်ဈေးကွက်တွင် ပဲစင်းငုံ (နီ) 2024-25 Crop တစ်တန်လျှင် ဒေါ်လာ ၇၄၀ / ၇၅၀၊ ပဲစင်းငုံ (နီ) 2025-26 Crop တစ်တန်လျှင် ဒေါ်လာ ၇၇၀ / ၇၈၀ ဖြင့် ဈေးဖွင့်ထားသည်။

ဇွန်လ ၈ ရက်တွင် ပြည်တွင်းဈေးကွက်၌ ပဲစင်းငုံ (နီ) ဈေးနှုန်းမှာ တစ်တန်လျှင် ကျပ် ၃,၁၁၅,၀၀၀ ရှိခဲ့ရာမှ ဇွန်လ ၁၁ ရက်တွင် ကျပ် ၃,၁၀၉,၀၀၀ သို့ ဈေးပြောင်းလဲသွားသည်။ မန္တလေးဈေးကွက်တွင် ပဲစင်းငုံ (နီ) သစ်ဈေးနှုန်းမှာ တစ်တန်လျှင် ကျပ် ၂,၉၄၀,၀၀၀ ကျော်မှ ကျပ် ၂,၉၂၀,၀၀၀ ကျော်သို့ ဈေးပြောင်းလဲသွားသည်။

ပဲပုပ်ဈေးနှုန်း ကျဆင်း

ဆီထွက်သီးနှံအမျိုးအစားဖြစ်ပြီး ပြည်တွင်း၌ အဓိကအသုံးပြုသည့် ပဲပုပ်သည် ယခုရက်သတ္တပတ်တွင် ရန်ကုန်ဈေးကွက်၌ ဈေးအနည်းငယ် ကျဆင်းလာသည်။

ရန်ကုန်ဈေးကွက်တွင် ပဲပုပ် (မြစ်ဝကျွန်းပေါ် ဆီတိုး) တစ်ပိဿာလျှင် ကျပ် ၇,၅၈၀ / ၇,၇၅၀ မှ ကျပ် ၇,၃၃၀ / ၇,၅၀၀ သို့လည်းကောင်း၊ ပဲပုပ် (မြစ်ဝကျွန်းပေါ် ထွက်တိုး) တစ်ပိဿာလျှင် ကျပ် ၇,၅၀၀ / ၇,၅၈၅  မှ ကျပ် ၇,၁၆၅ / ၇,၅၀၀ သို့လည်းကောင်း ဈေးပြောင်းလဲသွားသည်။

သို့သော် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးဈေးကွက်တွင် ပဲပုပ်ဈေးနှုန်းသည် ဇွန်လ ၁၀ ရက်အထိ ဈေးငြိမ်နေသည်။ ဈေးကွက်အတွင်း ရှမ်းပဲပုပ်အဝင်ရှိနေပြီး ဈေးကျနေသော်လည်း ဝယ်လိုအားရှိနေဆဲ ဖြစ်သည်။ လက်ရှိ ပဲပုပ်ဈေးနှုန်းများမှာ ပဲပုပ် (ဗမာ) တစ်တန်လျှင် ကျပ် ၄,၄၈၀,၀၀၀ ကျော်နှင့် ပဲပုပ် (ရှမ်း) တစ်တန်လျှင် ကျပ် ၄,၁၄၀,၀၀၀ ကျော်ဖြင့် ဈေးဖွင့်ထားသည်။

ပြည်တွင်းဈေး ကျလာသည့် ပြောင်း

ထိုင်းနိုင်ငံမှ ဝယ်လိုအားကြောင့် ဈေးနှုန်းဆက်တိုက် မြင့်တက်ခဲ့သော ပြောင်းသည် ယခုရက်သတ္တပတ်တွင် ပြည်ပသို့ ရောင်းချသည့် FOB ဈေးနှုန်း ငြိမ်သက်သွားပြီး ပြည်တွင်းပြောင်းဈေးမှာ အနည်းငယ် ကျရိပ်သန်းလာသည်။

ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပြောင်း FOB ဈေးနှုန်းမှာ တစ်တန်လျှင် ဒေါ်လာ ၂၈၅ / ၂၉၅ ဖြင့် ဈေးဖွင့်ထားသည်။ သို့သော် ပြည်တွင်းပြောင်းဈေးမှာ တစ်ပိဿာလျှင် ကျပ် ၁,၈၈၀ / ၁,၉၀၀ မှ ကျပ် ၁,၈၅၀ / ၁,၈၇၀ သို့ ဈေးနှုန်းအနည်းငယ် ပြောင်းလဲသွားသည်။

ထိုင်းနိုင်ငံ၏ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းဝယ်ယူမည့် ရာသီကုန်ဆုံးရန် ရက်ပိုင်းမျှသာ လိုတော့သည့်အတွက် ပြောင်းဈေးနှုန်း အနည်းငယ် ပြန်လည်အေးလာခြင်း ဖြစ်သည်။ သို့သော် ကျန်ရှိနေသည့် ရက်သတ္တပတ် ၂ ပတ်ကျော်အတွင်း ဝယ်လိုအား အခြေအနေပေါ် မူတည်၍ ဈေးနှုန်းပြောင်းလဲမှုများ ရှိနိုင်သည်ဟူသော သုံးသပ်ချက်များလည်း ရှိနေသည်။

မန္တလေးဈေးကွက်တွင်လည်း ပြောင်းသည် အမျိုးအစားအလိုက် ဈေးနှုန်းကျဆင်းနေသည်။ ဇွန်လ ၈ ရက်တွင် ရှမ်းပြောင်းတစ်တန်လျှင် ကျပ် ၉၅၀,၀၀၀ ကျော်ရှိရာမှ ဇွန်လ ၁၁ ရက်တွင် ကျပ် ၉၄၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။ ထို့အတူ CP ပြောင်းသစ်သည်လည်း တစ်တန်လျှင် ကျပ် ၉၇၅,၀၀၀ ကျော်မှ ကျပ် ၉၆၃,၀၀၀ ကျော်သို့ ဈေးပြောင်းလဲသွားသည်။ သို့သော် အထွက်တိုးပြောင်းနီမှာမူ တစ်တန်လျှင် ကျပ် ၁,၆၇၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်