တစ်နှစ်တာအတွက် လယ်ယာပို့ကုန်ဈေးကွက် သုံးသပ်ချက်

02/01/2026 11:39 AM တွင် AMIA AMIA မှ ရေးသား

 

နိုင်ငံတကာကုန်သွယ်ရေးစစ်ပွဲများ၊ နိုင်ငံကြီးများ၏ ပထဝီနိုင်ငံရေးနှင့် စီးပွားရေးမတည်ငြိမ်မှု၊ ဈေးကွက်မူဝါဒအပြောင်းအလဲများက ၂၀၂၅ခုနှစ် တစ်နှစ်တာ မြန်မာ့လယ်ယာပို့ကုန်များအပေါ် အကျိုးသက်ရောက်မှုများစွာရှိခဲ့သည်။

အိန္ဒိယ၊ တရုတ် နှင့် အာဆီယံအဖွဲ့၀င်နိုင်ငံအချို့၏ ၀ယ်လိုအားနှင့် ဈေးနှုန်းထိန်းညှိမှုများက (exporter) ပြည်ပတင်ပို့သူများ၊ ပြည်တွင်းကုန်သည်များ၊ သိုလှောင်သူများသာမက စိုက်ပျိုး‌သူတောင်သူများအထိ ဆုံးရှူံးမှုများ ခံစားခဲ့ရသည်။

အိန္ဒိယနိုင်ငံ၏ သွင်းကုန်မူဝါဒ အပြောင်းအလဲနှင့်ဈေး ကွက်ထိန်းညှိမှုကြောင့် မြန်မာနိုင်ငံမှတင်ပို့သည့် မတ်ပဲ၊ ပဲစင်းငုံများ၏ တန်ဖိုးလျော့ကျခဲ့ရသည်။ တရုတ်နိုင်ငံ၏ ပိုးသတ်ဆေး ဓာတ်ကြွင်း တင်းကြပ်စွာစစ်ဆေးလာမှုက မြန်မာ့ပဲတီစိမ်းဈေးကွက်အပေါ်သက်ရောက်မှုကြီးမားပြီး ဈေးနှုန်းများကျဆင်းခဲ့သည်။ ထို့ကြောင့် ၂၀၂၅ခုနှစ်သည် မြန်မာ့လယ်ယာပို့ကုန်များအတွက် ဆုံးရှုံးမှုကြီးမားသော နှစ်တစ်နှစ်ဖြစ်လာသည်။

မတ်ပဲဈေးကွက်

အိန္ဒိနိုင်ငံ၏ အဓိကစားသောက်ကုန် တစ်မျိုးဖြစ်သောမတ်ပဲက ၂၀၂၅ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်တွင်း၊ ပြည်ပဈေး ဆက်တိုက်ကျဆင်းခဲ့သည်။ အိန္ဒိယ အစိုးရက မတ်ပဲနှင့်ပက်သက်၍ ပြည်ပမှ၀ယ်ယူတင်သွင်းမှု ဈေးကွက်မဟာဗျူဟာအချို့ အပြောင်းအလဲများလည်း ပြုလုပ်ခဲ့သည်။ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်နိုင်ရန် ကြိုးစားခဲ့သည်။ ထို့အပြင် ပြည်ပမှတင်သွင်းမှုကိုလည်း မြန်မာအပြင် အခြားသောနိုင်ငံများမှပါ၀ယ်ယူတင်သွင်းလာသည်။ ဘရာဇီးနိုင်ငံမှ မတ်ပဲတင်သွင်းမှု တိုးမြှင့်လာသည်က သက်သေတစ်ခုဖြစ်သည်။ ထို့ကြောင့် ၂၀၂၅ ခုနှစ် မြန်မာ မတ်ပဲက ဈေးဆက် တိုက်ကျဆင်းလာသည်။ တစ်နှစ်တာအတွင်း မတ်ပဲ‌တစ်တန်၏ ဈေးနှုန်း၂၀ ရာခိုင်နှုန်း၀န်းကျင် လျော့နည်းပြီးကျပ် ၆ သိန်းကျော် ဈေးကျသွားသည်။

၂၀၂၅ ခုနှစ်စပိုင်းတွင် မတ်ပဲတစ်တန် ကျပ် ၃,၂၂၀,၀၀၀ ၀န်းကျင်းဈေးရှိခဲ့သည်။ ၎င်းမတ်ပဲဈေးက၂၀၂၄ခုနှစ်ထက် များစွာ‌လျော့နည်းသွားသည်။ ထို့ကြောင့် ဧပြီမှစတင်ပြီး အိန္ဒိယအစိုးရ၏ မတ်ပဲလွတ် လပ်စွာ၀ယ်ယူခွင့် သက်တမ်းတိုးမည့်ကို စောင့်မျှော်ခဲ့သည်။ အိန္ဒိယအစိုးရကလည်း မတ်လတွင် မတ်ပဲလွတ်လပ်စွာတင်သွင်းခွင့်ကို တစ်နှစ်သက်တမ်းတိုးပေးသည်။ သို့သော် မတ်ပဲဈေးက ပြန်တက်မလာလာဘဲ ဆက်တိုက်ကျဆင်းပြီး ဒီဇင်ဘာနောက်ဆုံစရက်တွင် မတ်ပဲတစ်တန် ကျပ် ၂,၇၀၀,၀၀၀ ကျော်သို့ရောက်ရှိလာသည်။

မတ်ပဲဈေးကျဆင်းသော်လည်း ၂၀၂၅ခု နှစ် ဇန်နဝါရီမှ စက်တင်ဘာအထိ ၉လအတွင်း မြန်မာနိုင်ငံမှ အိန္ဒိယသို့ မတ်ပဲတန်ချိန် ၆သိန်းကျော်တင်ပို့‌ရောင်းချထားကြောင်း အိန္ဒိယ ဈေးကွက်သုတေနသထုတ်ပြန်ချက်အချို့တွင် ဖော်ပြထားသည်။

မတ်ပဲကိုတစ်နှစ် ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှု တန်ချိန် ၁ဒသမ၃သန်းကျော်ထွက်ရှိပြီး ၂၀၂၄-၂၅ဘဏ္ဍာနှစ်တွင်ပြည်ပဈေးကွက်ကိုတန်ချိန် ၆သိန်းအထက် တင်ပို့ရောင်းချသည်။

ပဲစင်းငုံ(နီ)

မြန်မာနိုင်ငံအလယ်ပိုင်း တိုင်းကြီး ၃ တိုင်းတွင် မိုးရာသီစိုက်ပျိုးသော ပဲစင်းငုံ၏အဓိက ပြည်ပဈေးကွက်ကလည်း အိန္ဒိယနိုင်ငံပင်ဖြစ်သည်။တစ်နှစ် တန်ချိန် ၄ သိန်းခွဲကျော် ထုတ်လုပ်သော ပဲစိမ်းငုံကလည်း အိန္ဒိယနိုင်ငံ၏ ၀ယ်လိုအား ထိန်းမှုကြောင့် ၂၀၂၅ခုနှစ်တွင် ဈေးကျဆင်းလာပြီး ဇွန်လတွင် ပဲစင်းငုံ(နီ)တစ်တန် ကျပ်၄၀၀,၀၀၀ ကျော်အထိ ရုတ်တရပ်‌ဈေးပြုတ်ကျခဲ့သည်။

အိန္ဒိယအစိုးရသည် မြန်မာပဲစင်းငုံကိုလည်း မတ်ပဲကဲ့သို့ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွက် လွတ်လပ်စွာ၀ယ်ယူတင်သွင်းခွင့် တစ်နှစ်သက်တမ်းတိုးခွင့်ပြုထားသည်။ သို့သော် အိန္ဒိယကုန်သည်များ၏ ၀ယ်လိုအားထိန်းမှု၊ မိုဇမ်ဘစ်၊ မာလာဝီ၊ ဆူဒန်စသော အာဖရိကနိုင်ငံများနှင့် ဈေးကွက်ပြိုင်ဆိုင်ရမှုကြောင့် ပဲစင်းငုံဈေးကကျဆင်းခဲ့သည်။ ၂၀၂၅နှစ်စတွင်ပြည်တွင်းဈေးကွက်တွင်  ပဲစင်းငုံ(နီ) တစ်တန် ကျပ် ၃,၀၇၅,၀၀၀ ကျော် ဈေးရှိခဲ့သော်လည်း နှစ်ကုန်ဆုံးချိန်တွင် ကျပ် ၂,၅၉၅,၀၀၀သို့ ရောက်ရှိခဲ့သည်။ အိန္ဒိယနိုင်ငံ၏ မဟာဗျူဟာသီးနှံဖြစ်သော ပဲစင်းငုံသည် ၂၀၂၅ခုနှစ်တွင် ဈေးပျော့နေသော်လည်း ၂၀၂၆ ခုနှစ်တွင် ဈေးကွက်မျှော်လင့်ချက်ရှိနေသည်ဟု ကုန်သည် အချို့ကသုံးသပ်မှုများရှိနေသည်။

ယခုနှစ်မိုးနှောင်းပိုင်းတွင် အိန္ဒိယ နိုင်ငံ၌ ရေကြီးမှုများကြောင့် ပဲစင်းငုံစိုက်ခင်းများ ပျက်ဆီးမှုများပြီး အန္ဒိယ၏ ပဲစင်းငုံအထွက် တန်ချိန် ၃၅သိန်းကျော်လျော့ နည်းမည်ဟု အိန္ဒိယ ဈေးကွက်သုတေသနတစ်ခုကခန့်မှန်းထားသည်။

ပဲတီစိမ်းဈေး အတက်အကျ

‌မြန်မာနိုင်ငံတွင် စိုက်ဧက ၂ ဒသမ ၈ သန်းကျော်ရှိသည့် ပဲတီစိမ်းက ၂၀၂၅ ခုနှစ်တွင် ဈေးနှုန်းအတက်အကျ၊ ပို့သတ်ဆေး ဓာတ်ကြွင်း ပြဿနာများကိုကြုံခဲ့ရသည်။ တစ်နှစ် စိုက်ပျိုးထုတ်လုပ်မှု တန်ချိန် ၁ ဒသမ ၅ သန်း နီးပါးရှိနေပြီး မြန်မာနိုင်ငံ တိုင်းနှင့်ပြည်နယ် ၈ ခုတွင် စိုက်ပျိုးထုတ်လုပ်သော ပဲတီစိမ်းများ၏ အဓိက ပြည်ပဈေးကွက်က တရုတ်နိုင်ငံဖြစ်သည်။ 

စိုက်ပျိုးထုတ်လုပ်မှု စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းကျော်ကို ၀ယ်ယူနေသည်။ ထို့အပြင် ဥရောပနှင့် အာရှနိုင်ငံအချို့ကိုလည်း တင်ပို့နေသည်။ဈေးကွက်ကျယ်ပြန့်ပြီး ဈေးကောင်းရလေ့ရှိသော ပဲတီစိမ်းက ယခုနှစ်တွင် ဈေးနှုန်းအပြောင်းအလဲများလည်းကြုံတွေ့ခဲ့ရသည်။

ဇန်နဝါရီလ ရန်ကုန်ဈေးကွက်တွင် ပဲတီစိမ်း(ခရမ်းရွှေဝါ)တစ်ပိဿာလျှင် ကျပ်၅,၅၈၀ မှဇွန်လတွင် ကျပ်၇,၃၃၀ သို့‌‌ ပြောင်းလဲသည်။ ထို့အတူပဲတီစိမ်း(ပဲခူးရွှေဝါ)က တစ်ပိဿာ ကျပ် ၅,၃၀၀ မှ ၇,၃၃၀၊ ပဲတီစိမ်းဝါးခယ်မ (FAQ) ကတစ်ပိဿာ ကျပ်၄,၇၅၀ - ၄,၇၇၀မှ ၆,၃၃၀ -  ၆,၃၅၀ သို့ ဈေးပြောင်းလဲသည်။ ထိုဈေးနှုန်းများဖြင့် လအနည်းငယ် ကြာသည်အထိ တည်ငြိမ်နေပြီး မိုးရာသီစိုက်ပျိုးသည့် ပဲအသစ်များဈေးကွက်၀င်ချိန်၊ တရုတ်နိုင်ငံမှ ပဲတီစိမ်းတန်၁၀,၀၀၀ ကျော် ပိုးသတ်ဆေးဓာတ်ကြွင်းကြောင့် ပြန်ပို့သည့် ဖြစ်စဉ်အပြီး ပဲတီစိမ်းအမျိုးအစားအားလုံးဈေးပြန်ကျလာသည်။

ထို့ကြောင့် ယခုနှစ်ကုန်ဆုံးရန်နီးလာချိန်တွင် ရန်ကုန်ဈေးကွက်တွင်  ပဲတီစိမ်းဈေးက ပဲတီစိမ်း(အညာ)တစ်ပိဿာ ကျပ် ၅,၆၆၅ - ၅,၆၈၅၊ ပဲတီစိမ်း(ခရမ်းရွှေဝါနှင့်ပဲခူးရွှေဝါ)တစ်ပိဿာ ကျပ်၆,၅၈၀၊ ပဲတီစိမ်း(ဝါးခယ်မ) FAQ တစ်ပိဿာ ကျပ် ၆,၂၅၀ - ၆,၂၇၀ ဈေးပြောင်း လဲသည်။

ပြောင်းဆံဈေးကျ

တစ်နှစ် နိုင်ငံခြား၀င်ငွေ အမေရိကန်‌ဒေါ်လာ သန်း၄၀၀ ကျော် ရရှိနေသည့် ပြောင်းဆံက ၂၀၂၅ ခုနှစ်တွင် ဈေးနှုန်း အတက်အကျများရှိနေသည်။ နှစ်စပိုင်းတွင် ပြောင်းဈေးက ရန်ကုန်ဈေးကွက်တွင် တစ်ပိဿာ ကျပ် ၁,၆၆၀ - ၁,၆၈၀မှ ဇွန်လတွင် ၁,၇၅၀ -  ၁,၇၇၀အထိမြင့်တက်ပြီး နှစ်ကုန်ဆုံးချိန်တွင် ၁,၄၄၀ -  ၁,၄၆၀သို့ ရောက်ရှိလာသည်။

ထို့အတူမန္တလေး ဈေးကွက်တွင်လည်း ရှမ်းပြောင်တစ်တန် ကျပ် ၉၄၀,၀၀၀ကျော်မှ ဇွန်လတွင် ကျပ် ၁၀ သိန်းကျော်အထိဈေးမြင့်ပြီးနောက် ၈၃၀,၀၀၀ ကျော်သို့ ဈေးပြောင်းလဲသည်။  CP ပြောင်းက တစ်တန်ကျပ် ၉၂၀,၀၀၀ ကျော်မှ ကျပ်၁၀သိန်းကျော်အထိမြင့်တက်ပြီး ၈၂၇,၀၀၀ကျော်သို့ ပြန်လည်ကျဆင်းသည်။ မြန်မာ့လယ်ယာပို့ကုန်များထဲတွင် ပဲမျိုးစုံပြီးလျှင် ပြောင်းသည် နိုင်ငံခြား၀င်ငွေ ရရှိသော အဓိက သီးနံအမျိုးအစားဖြစ်သည်။ မြန်မာနိင်ငံတွင် ပြောင်းကို ရှမ်းပြည်နယ်တွင် အဓိကစိုက်ပျိုးပြီး ကျန်တိုင်းနှင့်ပြည်နယ် ၄ ခုတွင်လည်းစိုက်ပျိုးသည်။ တစ်နိုင်ငံလုံးတွင် ပြောင်းစိုက်ဧက ၃ဒသမ၈သန်းကျော်ရှိပြီး တစ်နှစ် ပြောင်းတန်ချိန်စုစုပေါင်း ၂ သန်းကျော်ထွက်သည်။

ရရှိလာသည့်ပြောင်းကို ပြည်ပသို့၆၅ရာခိုင်းနှုန်းတင်ပို့ပြီး ကျန် ၃၅ရာခိုင်နှုန်းကို ပြည်တွင်း၌သုံးစွဲသည်။ ပြည်ပသို့ ပြောင်းတင်ပို့ရာတွင် ထိုင်းနိုင်ငံသို့ ၅၀ ရာခိုင်နှုန်း၀န်းကျင် တင်ပို့ရောင်းချပြီး တရုတ်၊ ဖီလစ်ပိုင်၊ ဗီယက်နမ်၊ အိန္ဒိယနိုင်ငံတို့ကိုလည်း တင်ပို့ရောင်းချသည်။ နှစ်စဉ်ထိုင်းနိုင်ငံက မြန်မာ့ပြောင်းကို ဖေဖော်ဝါရီမှ ဩဂုတ်လကုန်အထိ အခွန်ကင်းလွတ်ခွင့်ဖြင့် ၀ယ်ယူသည်။

ယခုနှစ် ပြည်ပ ပြောင်းတင်ပို့မှုတွင် ဇန်နဝါရီမှ ဩဂုတ်လအထိ ပြောင်းတန်ချိန် ၁၂ သိန်းကျော် တင်ပို့ရောင်းချနိုင်သည်။ လအလိုက် ပြောင်းတင်ပို့မှုက ဖေဖော်ဝါရီတွင် တန်ချိန် ၃ သိန်းကျော် ၊ မတ်လ၌ တန်ချိန် ၂ သိန်းကျော်တင်ပို့ပြီး ကျန်လများတွင် တစ်လပြောင်းတန်ချိန် တစ်သိန်းကျော် တင်ပို့နိုင်ခဲ့သည်။

ဆီထွက်သီးနံဈေးအပြောင်းအလဲ

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် အများဆုံးစိုက်ပျိုးသည့် ဆီထွက်သီးနှံ တစ်မျိုးဖြစ်သည့် နှမ်းက ၂၀၂၅ ခုနှစ်တွင် ဈေးနှုန်းအတက်အကျ အပြောင်းအလဲများရှိနေသည်။ 

ပြည်တွင်းဈေးကွက်တွင် နှမ်းနက်(စမုံ)က မိုးရာသီ ဇူလိုင်လတွင် ဈေးနှုန်းအမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီးနောက် ပြန်လည်ကျဆင်းလာသည်။သို့သော် နှမ်းဖြူက ဈေးဆက်တိုက်ကျဆင်းနေသည်။

ပြည်တွင်းဈေးကွက်တွင် နှမ်းဖြူ(ဂျပန်)က ၂၀၂၅ခုနှစ်စပိုင်းတွင် တစ်တန် ကျပ် ၅,၄၄၀,၀၀၀ ကျော်ရှိခဲ့ပြီးနှစ်ကုန်ဆုံးချိန်တွင် ၃၉သိန်းကျော်သို့ကျဆင်းလာသည်။

နှမ်းနက်(စမုံ)က နှစ်စတွင် တစ်တန် ကျပ်၉၁သိန်း မှ ဇူလှိုင်တွင် ကျပ်၁၁၇သိန်းကျော်အထိ မြင့်တက်ပြီးနောက် နှစ်ကုန်ဆုံးချိန်တွင် တစ်တန် ကျပ်၉၇သိန်းကျော်သို့ ဈေးပြောင်းလဲသည်။

နှမ်းနက်(စမုံ)သည် တရုတ်၀ယ်လိုအားအပေါ် မူတည်၍ ဈေးအပြောင်းအလဲ၊ အတက်အကျများဖြစ်ခဲ့သည်။

မြန်မာနိုင်ငံတွင် နှမ်းစိုက်ဧက ၃ ဒသမ၈ သန်းကျော်ရှိနေပြီး မကွေး၊ စစ်ကိုင်း၊ မန္တလေးတိုင်းတို့တွင် အများဆုံးစိုက်ပျိုးသည်။ တစ်နှစ်နှမ်းတန်ချိန် ၆ သိန်းခွဲကျော်ထုတ်လုပ်ပြီး တရုတ်နိုင်ငံကိုအဓိကတင်ပို့သည်။ ထို့ အပြင် စင်္ကာပူ၊ ထိုင်း၊ ဂျပန်၊ ကိုရီးယားတို့ကိုလည်းတင်ပို့သည်။

မြန်မာ့လယ်ယာထွက်ကုန်များဖြစ်သည့်ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံများသည် ၂၀၂၅ခုနှစ်ဇွန်၊ဇူလှိုင်လများတွင် ဈေးအမြင့်ဆုံး မြင့်တက်ခဲ့ပြီးနောက် နှစ်ကုန်ဆုံးချိန်အထိ ဈေးများပြန်လည်ကျဆင်းလာသည်။ ပို့ကုန့်ရငွေတန်ဖိုးအားပျော့မှု၊ ပြည်ပ၀ယ်လိုအား၊ ပြည်တွင်းလိုအပ်ချက်ပေါ်မူတည်ပြီး လယ်ယာထွက်ကုန်များ အနာဂတ်ဈေးနှုန်း အ‌ခြေအနေကို ခန့် မှန်းရခက်နေပါသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်