နှမ်း အမြစ်နီ၊ ထိပ်ဝါလက္ခဏာ ... အာဟာရကြောင့်လား...ရောဂါလား??

15/06/2022 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

 

 

မြန်မာနိုင်ငံတွင် နှမ်းသီးနှံကို တနှစ်သုံးသီး စိုက်ပါတယ်။ နွေ ရေသွင်းနှမ်း၊ မိုးဦးနှမ်း၊ ဆောင်းနှမ်း ဆိုပြီး စိုက်ကြပါတယ်။  နှမ်းစိုက်ဧရိယာစုစုပေါင်း ၄ သန်းဝန်းကျင် ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန စာရင်းဇယားတွေအရ သိရပါတယ်။

မြန်မာနိုင်ငံအထက်ပိုင်း၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတွေမှာ အများဆုံးစိုက်ကြပါတယ်။

နှမ်းပင်ရဲ့သဘာဝအရ ရေဝပ်တာကြောက်ပြီး ရေငတ်တာကိုခံနိုင်ရည်ရှိပါတယ်။

ဒါကြောင့် တနှစ်ပတ်လုံး မိုးရေချိန် လက်မ ၁၀၀ ရတတ်တဲ့ မြန်မာနိုင်ငံအောက်ပိုင်းမှာ မိုးနှမ်းစိုက်ပျိုးဖြစ်ထွန်းမှု နည်းပါတယ်။

နှမ်းပင်ဟာ မြေမရွေး ဖြစ်ထွန်းနိုင်တယ်ဆိုပေမယ့် အကြိုက်နှစ်သက်ဆုံး pH က ၅.၈ မှ ၇.၀ ကြား၊ အနည်းငယ် အက်ဆစ်ဆန်တဲ့အခြေအနေကို ကြိုက်ပါတယ်။

နှမ်းသီးနှံဟာ အခြားသီးနှံတွေထက်၊ သွင်းအားစုကုန်ကျစရိတ် သက်သာတာရော၊ အပူပိုင်း ဒေသ ရာသီဥတုနဲ့ ကိုက်ညီတာရောမို့် တဖြည်းဖြည်း စိုက်ဧက များလာပါတယ်။

ယခု ဆောင်းပါးမှာ အထူးတင်ပြလိုတာကတော့ နွေနှမ်းနဲ့ ဆောင်းနှမ်းမှာ ပြဿနာ မရှိပေမယ့် မိုးဦးနှမ်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဒေသအခေါ်  “နှမ်းအမြစ်နီ၊ ထိပ်ဝါလက္ခဏာ" အ ကြောင်း ဖြစ်ပါတယ်။

အပင်ပြလက္ခဏာ

နာမည်အခေါ်မှာကိုပဲ ပင်ပြလက္ခဏာကိုကြည့်ပြီး ဒေသခံတောင်သူတွေက အမည်ပေးထားတာပါ။

နှမ်းပင်တလသားကျော်ကျော်ဝန်းကျင်မှာ အပင်ကြီးထွားမှု တန့်လာပါတယ်။

အပင်ထိပ်ဖျားပိုင်းအရွက်လေးတွေက သေးသွယ်ပြီး အနည်းငယ် တွန့်သယောင်ရှိပါတယ်။အရွက်နှုတ်ခမ်းနားလေးတွေ အနည်းငယ်ခြောက်လာပါတယ်။ အစိမ်းရောင်ကနေ အဝါ ဖျော့ရောင်ဖြစ်လာပါတယ်။

ဖော်ပြပါ လက္ခဏာတွေဟာ အပင်အပေါ်ပိုင်း မြင်သာထင်သာရှိတဲ့ အခြေအနေပါ။

နှမ်းပင်ကို နှုတ်ပြီး အမြစ်ကို ကြည့်မယ်ဆိုရင် အမြစ်မွေး (အစာစားမြစ်) လေးတွေကသာမန်အမြစ်တွေလို မလတ်ဆတ်ပါ။ အနည်းငယ် ကွေးကောက်သယောင်ရှိပြီး အရောင် နီကျင်ကျင်ရှိပါတယ်။

ရေသောက်မြစ်နဲ့ အမြစ်ဆုံတဝိုက်မှာ  အရွယ်မညီသောအနီစက်ငယ်များ တွေရလေ့ရှိပါတယ်။

အချိန်မီကုသခြင်း မပြုလုပ်နိုင်ပါက အပွင့်အသီးဆွံ့ပြီး တပင်လုံး ညှိုးသေကာ အထွက်နုန်းကျဆင်းစေပါတယ်။

ဖြစ်လေ့ဖြစ်ထရှိသော ရာသီဥတုနှင့် မြေအနေအထား

အပင်ငယ်စဥ် မိုးရေချိန်များထားပြီး ရုတ်တရက် မိုးခေါင်ကာလ ကြာမြင့်တဲ့ အခြေအနေမှာ အဖြစ်များတတ်ပါတယ်၊။

 

အထူသဖြင့် မကွေးတိုင်း၊ သစ်ရာကောက်၊ နတ်မောက်၊ ချောက်၊ ကျောက်ပန်းတောင်း ဒေသကဲ့သို့ သဲဆန်ပြီး မြေငန်ဒေသများ၊ အောက်စမ်းနီးသော(ဆားငွေ့ပျံလေ့ရှိသော) ဒေသများတွင် တွေ့ရများပါတယ်။

ဖြစ်ရခြင်းအကြောင်းရင်းများ

နှမ်းမြစ်နီထိပ်ဝါနှင့် ပတ်သက်တဲ့ သုတေသနစာတမ်း၊ သုတေသနဆောင်းပါး၊ သတင်း ဖော်ပြချက်တစုံတရာတော့ မတွေ့ရသေးပါဘူး။

 

ဒါကြောင့်လည်း အပင်ရောဂါဗေဒပညာရှင်များ၊ အပင်အာဟာရဗေဒနှင့် မြေအသုံးချသုတေသန ပညာရှင်များ၊ သုတေသန စာတမ်းပြုစုချက်များ သိရှိမယ်ဆိုရင် ဖြည့်စွက် ပါဝင်ဆွေးနွေးကြစေခြင်းငှာ ဤစာစုကို ရေးသားတင်ပြရခြင်းဖြစ်ပါတယ်။

အာဟာရကြောင့်လား၊ ရောဂါလား

ကွင်းဆင်းစိုက်ပျိုးရေးဝန်ထမ်းဘဝ အတွေ့အကြုံအရရော၊ ဒေသခံ မကွေးတိုင်းအတွင်းက စိုက်ပျိုးရေးကုမ္ပဏီမှ နည်းပညာရှင်များရဲ့ ယူဆချက်အရပါ ပေါင်းစပ်ပြီး ခြုံငုံသုံးသပ်ရရင်...

 

- မကွေးတိုင်းအတွင်း၊ မြစ်နီထိပ်ဝါ ကြုံတွေ့ရသော ဒေသအားလုံးသည် သဲဆန်သော မြေဖြစ်ခြင်း။

 

- မြေကြီးရဲ့ pH သည် ၈.၅ ဝန်းကျင် ရှိတတ်ပြီး များသောအားဖြင့် မြေငန်ဒေသလို့ ယူဆနိုင်ခြင်း။

 

- အပင်ငယ်စဥ်၊ မိုးရွာစဥ် အပင်ကောင်းပြီး မိုးပြတ်ချိန်ကြာမှ လက္ခဏာပြခြင်း။

 

- အပေါ်ပိုင်းအဖျားရွက်များ သေးသွယ်ပြီး အရောင်ဖျော့လာခြင်းသည် အာဟာရချို့တဲ့လက္ခဏာနှင့် ဆင်တူခြင်း။

(အချို့ တောင်သူများက အရွက်သေးပြီး တွန့်လာရင် စုပ်စားပိုးကြောင့်ဟု မှားယွင်းနိုင်ပါတယ်)

အမြစ်ကိုနုတ်ကြည့်ပါက လတ်ဆတ်မှုမရှိဘဲ နီရဲနေခြင်း စတဲ့အချက်တွေကို တွေ့ရပါတယ်။

ဆိုဒီယံ အဆိပ်သင့်ခြင်း

အထက်ဖော်ပြပါအချက်တွေကို အခြေခံပြီး အနီးစပ်ဆုံး ကောက်ချက်ချရရင်တော့ ဆိုဒီယံအဆိပ်သင့်လက္ခဏာလို့ ယူဆပါတယ်။

 

Sodic soil မြေငန်များတွင် အပင်မနှစ်သက်သော ဆိုဒီယံဆားများရှိနေပါတယ်။

 

မြေကြီးထဲမှာ ဆိုဒီယံများရင် အမြစ်တွေက ကယ်လစီယံ၊ မဂ္ဂနီစီယံ၊ ပိုတက်စီယံတွေကို မစားနိုင်ပါဘူး။

 

ကလိုရိုဖီးဖြစ်ဖို့ အဓိကလိုအပ်တဲ့ အိုင်းရွန်းဓာတ်လည်း မရနိုင်တော့ပါဘူး။

 

အမြစ်ဇုန်မှာရှိနေတဲ့ ဆိုဒီယံဆားငွေ့ တွေက မိုးခေါင်လေ ခြောက်သွေ့ လေ၊ အငွေ့ပျံလေဖြစ်ပါတယ်။

 

(ဒီအခြေအနေမှာ မိုးပြင်းရွာထားလို့ အပေါ်ယံမြေ ခါးကြပ်ရင် ပိုးဆိုးစေပါတယ်။)

 

ဆိုတော့ကား...

အမြစ်ဇုန်မှာ ဆိုဒီယံများလွန်းရင် ဘာဖြစ်တတ်သလဲ။

- အမြစ်မွေးလေးတွေ အစာမစားနိုင်တဲ့အတွက် အပင်ကြီးထွားမှု တန့်သွားပါတယ်။

- သံဓာတ်တွေကို မစုပ်ယူနိုင်လို့ ထိပ်ဖျားရွက်များမှာ အဝါဖျော့ရောင်လက္ခဏာပြပါတယ်။

ပိုတက်စီယံ၊ ကယ်လစီယံ၊ ဆာလဖာဓာတ် ချို့တဲ့ပါတယ်။

လတ်တလော ပြုပြင်ခြင်း

- ဆိုဒီယံဆားငွေ့များ အငွေ့ပျံနိုင်အောင် အပေါ်ယံမြေသားကို ထွန်ခြစ်ဖြင့် ဖွင့်ပေးပါ။

- အပင်ခြေကို ကယ်လစီယံ ဆာလဖိတ်(Gypsum)ထည့်ပေးပါ။

- အိုင်းရွန်းဆာလဖိတ်ပါသော ရွက်ဖျန်းမြေသြဇာ ဖျန်းပေးနိုင်ပါသည်။

- ဆိုဒီယံအဆိပ်သင့် အမြစ်များကို ပြန်လည်ကုစားရန် ၊ အထက်အောက် ပင်လုံးပြန့်မှိုသတ် ဆေး(ဖို့စီတိုင်းအလူမီနီယံ) ဖျန်းပေးပါ။

ရေရှည်အတွက်ပြုပြင်ခြင်း

- ဆိုဒီယံဓါတ် လျေ့ာပါးရန်၊ ဆားငန်ခံသီးနှံကို ကြားညှပ်စိုက်ပါ။ သို့မဟုတ် သီးလှည့်စိုက်ပါ။

- သဘာဝ မြေသြဇာ၊ သစ်စိမ်းမြေသြဇာ၊ များများထည့်ပါ။

- အိုင်းရွန်းဆာလဖိတ် မြေသြဇာ အသုံးပြုပါ။

ကိုးကား>>> 

-Aungminsoe(agronomist),BASF,Mgy,division

-Myintswe U,(agronomist)farmlink,Mgy,division

https://www.gardeningknowhow.com/garden-how-to/soil-fertilizers/iron-for-plants.htm

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်