ဖေဖော်ဝါရီလ ၁၄ ရက်မှာ ကျရောက်တဲ့ ချစ်သူများနေ့ အထိမ်းအမှတ်အတွက် ဆောင်းပါးရေးပေးဖို့ အစိမ်းရောင်လမ်း ဝိုင်းတော်သားတွေက စာမူတောင်းခံလာပါတယ်။ ချစ်သူများနေ့လို့ မြန်မာမှုပြုထားတဲ့ ဗယ်လင်တိုင်းနေ့ (Valentine's Day) ဟာ ရောမခေတ် (Roman Empire) က ရိုမန်ခရစ်ယာန်ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်း (St. Valentine) ရဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံတဲ့ အာဇာနည်စိတ်ဓာတ်ကို ဂုဏ်ပြုတဲ့နေ့ ဖြစ်တယ်လို့ နားလည်ထားပါတယ်။ စိန့်ဗယ်လင်တိုင်း အကြောင်း မတူကွဲပြားတဲ့ ဇာတ်လမ်းတွေ အများကြီးထဲက ထင်ရှားတဲ့ တစ်ခုကတော့ စစ်မက်လိုလားတဲ့ ဧကရာဇ်က စစ်တပ်ချဲ့ထွင်ဖို့ လူငယ်တွေကို သူ့ရဲ့ စစ်တပ်ထဲ အတင်းသွတ်သွင်းချိန်မှာ အိမ်ထောင်သည်အမျိုးသားတွေကို စစ်သားအဖြစ်စုဆောင်းလို့ မရတာကြောင့် ချစ်သူတွေ ခရစ်ယာန်ဘာသာရဲ့ ထုံးစံအတိုင်း ဘုရားကျောင်းမှာ လက်မထပ်နိုင်အောင် ဘုန်းတော်ကြီးဗယ်လင်တိုင်းကို ဖိနှိပ်ခဲ့တယ်။ ခရစ်တော်အပေါ် သက်ဝင်ယုံကြည်မှုမပြုပါဘူးလို့ ဝန်ခံခိုင်းတယ်လို့ ဆိုပါတယ်။ ဘုန်းတော်ကြီးဟာ ဖိနှိပ်ဖမ်းဆီးခံထားတဲ့ကြားက လူငယ်ချစ်သူစုံတွဲတွေကို ပေါင်းဖက်နိုင်ဖို့ ကူညီခဲ့တယ်။ နောက်ဆုံး ဧကရာဇ် ကလောဒီးယက်စ် က ဘုန်းတော်ကြီး ဗယ်လင်တိုင်းကို သက္ကရာဇ် ၂၆၉ ခုနှစ် ဖေဖော်ဝါ ရီ ၁၄ ရက်မှာ သုတ်သင်ခဲ့တယ်။ သူ့ကိုဂုဏ်ပြုဖို့ နှောင်းလူတွေက Valentine's Day ကို နှစ်တိုင်း ဆင်နွှဲကြတယ်ဆိုတဲ့ လွမ်းမောထိရှဖွယ် ဇာတ်လမ်းပါ။ စာရေးသူတစ်ဦးတည်းရဲ့ အမြင်ရတော့ ဒီဇာတ်လမ်းကပဲ ချစ်သူများနေ့ ရဲ့ အနှစ်သာရလို့ ဆိုချင်ပါတယ်။
ဒါပေမယ့် အဲဒီသမိုင်းတွေကို အသေးစိတ် မပြောတော့ပါဘူး။ အစိမ်းရောင်လမ်းက စာရေးသူကို စာမူတောင်းရာမှာ စိုက်ပျိုးမွေးမြူရေးနဲ့သက်ဆိုင်တဲ့ ချစ်သူများနေ့အကြောင်း ရေးပေးပါလို့ အတိအကျ တောင်းဆို ထားတာကြောင့်ပါ။
ချစ်သူများနေ့နဲ့ စိုက်ပျိုးမွေးမြူရေး ဘယ်လို ဆက်စပ်ကြည့်ရမလဲ ရုတ်တရက် တွေးမရပါဘူး။ ဘုန်းတော်ကြီး ဗယ်လင်တိုင်းဟာ ပျားမွေးမြူသူ (beekeeper) တစ်ဦး ဖြစ်တာမို့ ဗယ်လင်တိုင်း ကိုယ်တိုင်က စိုက်ပျိုးမွေးမြူရေးသမား ဖြစ်တယ် ဆိုတဲ့အချက်တစ်ခုပဲ ခေါင်းထဲ ပေါ်လာပါတယ်။
နောက်တော့မှ ကမ္ဘာတစ်လွှား နှစ်စဉ်ဆင်နွှဲကြတဲ့ ချစ်သူများနေ့တွေဟာ စိုက်ပျိုးမွေးမြူရေးအပေါ် ဘယ်လိုသက်ရောက်သလဲ။ ကမ္ဘာကြီးအပေါ် ဘယ်လိုသက်ရောက်သလဲ ဆိုတာကို ဆွေးနွေးဖို့ အကြံပေါ်မိပါတယ်။
၂၀၂၅ ခုနှစ် ချစ်သူများနေ့အတွက် အမေရိကန်နိုင်ငံတစ်နိုင်ငံတည်းကလူတွေဟာ အမေရိကန်ဒေါ်လာ ၂၇.၅ ဘီလီယံ သုံးစွဲကြလိမ့်မယ်လို့ အမေရိကန်ပြည်ထောင်စုလက်လီရောင်းချသူများအဖွဲ့ချုပ် (National Retail Federation – NRF) က ခန့်မှန်းထားပါတယ်။ ဒါဟာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရဲ့ တစ်နှစ်ဝင်ငွေ (ဂျီဒီပီ) ရဲ့ ၄၀ ရာခိုင်နှုန်းကျော်ပါတယ်။ အမေရိကန်ပြည်သူတစ်ဦးချင်းရဲ့ ချစ်သူများနေ့အတွက် ပျမ်းမျှသုံးစွဲငွေအနေနဲ့ တွက်ချက်ရင်တော့ တစ်ယောက်ကို အမေရိကန်ဒေါ်လာ ၁၈၈.၈၁ သုံးစွဲတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလို များပြားလှတဲ့ ငွေကြေးတွေကို ဘယ်လိုတွေ ခွဲဝေသုံးစွဲကြသလဲ လေ့လာကြည့်ရအောင်ပါ။
• သုံးစွဲငွေ စုစုပေါင်းရဲ့ ၂၂ ရာခိုင်နှုန်းဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၆.၅ ဘီလီယံကို ချစ်သူအချင်းချင်း လက်ဆောင်ပေးဖို့ ကျောက်မျက်ရတနာတွေဝယ်ယူရာမှာ သုံးစွဲလိမ့်မယ်လို့ ခန့်မှန်း တွက်ချက်ထားပါတယ်။
• ချစ်တဲ့သူတွေနဲ့အတူ ညစာထွက်စားဖို့ သုံးစွဲမယ့်ငွေပမာဏကတော့ ဒေါ်လာ ၅.၄ ဘီလီယံဖြစ် တာမို့ စုစုပေါင်းရဲ့ ၁၉-၂၀ ရာခိုင်နှုန်းလောက် ဖြစ်ပါတယ်။
• ချစ်သူအချင်းချင်း လက်ဆောင်ပေးတဲ့ ပန်းတွေအတွက်တော့ ၂.၉ ဘီလီယံ သုံးစွဲမှာဖြစ်ပြီး ၁၀ ရာခိုင်နှုန်းကျော် ဖြစ်ပါတယ်။ နှင်းဆီ၊ လီလီပန်းနဲ့ ကျူးလစ် ပန်းတွေကို အသုံးပြုကြမှာ ဖြစ်ပါတယ်။ အမေရိကန်ပန်းအလှ အသင်း (The Society of American Florists) ကတော့ ချစ်သူများနေ့အတွက် နှင်းဆီပန်း အပွင့်ပေါင်း သန်း ၂၅၀ ရောင်းချနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
• ချောကလက်တွေအတွက် သုံးစွဲငွေကတော့ ၂.၅ ဘီလီယံဖိုးဖြစ်ပြီး ၁၀ ရာခိုင်နှုန်း မပြည့်တစ်ပြည့် ဖြစ်ပါတယ်။ ချစ်သူများနေ့ အမှတ်တရ ကတ်လှလှလေးတွေအတွက် သုံးစွဲငွေကတော့ ၁.၄ ဘီလီ ယံ ဖြစ်ပါလိမ့်မယ်။
ဒါက အမေရိကန်တစ်နိုင်ငံတည်းရဲ့သုံးစွဲမှု ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးသုံးစွဲမှုဟာ ဖော်ပြခဲ့တဲ့ကိန်း ဂဏန်းတွေထက် အများကြီး ပိုမှာ သေချာပါတယ်။
ဒီမှာအရေးကြီးတဲ့အချက်ကတော့ သုံးစွဲငွေတွေရဲ့ ၂၂ ရာခိုင်နှုန်းဖြစ်တဲ့ ကျောက်မျက်ရတနာအတွက် သုံးစွဲငွေကလွဲလို့ ကျန်တဲ့ သုံးစွဲငွေ ၇၈ ရာခိုင်နှုန်းဟာ စိုက်ပျိုးမွေးမြူရေးနဲ့ ဘယ်လိုမှ မကင်းလွတ်နိုင်တဲ့ သုံးစွဲငွေ တွေဖြစ်တယ် ဆိုတာပါပဲ။ အဲဒီငွေတွေဟာ ချစ်သူများနေ့ တစ်ရက်တည်းနဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍနဲ့ ဆက်စပ်လုပ်ငန်းကဏ္ဍတွေထံကို စီးဝင်လာမယ့် ငွေကြေးတွေပဲ ဖြစ်ပါတယ်။
ဒါကြောင့် ချစ်သူများနေ့ဟာ စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက် ဈေးကွက်ဖော်ဆောင်ပေးနေတဲ့နေ့ တစ်နေ့လည်းဖြစ်နေပြီး၊ အဲဒါကို ဘယ်လောက်အသုံးချနိုင်သလဲဆိုတာက သက်ဆိုင်ရာနိုင်ငံအလိုက် စိုက်ပျိုး မွေးမြူရေးကဏ္ဍတွေက စဉ်းစားရမယ့် အချက်တစ်ချက် ဖြစ်ပါတယ်။ အသုံးချနိုင်တဲ့နိုင်ငံတွေအတွက်တော့ ချစ်သူများနေ့ဟာ စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက် ဆုလာဘ်တစ်ခုပါပဲ။ ဥပမာ အမေရိကန်နိုင်ငံဟာ ၂၀၂၃ ခု နှစ်က ချစ်သူများနေ့အတွက် ပြည်ပကနေ တင်သွင်းတဲ့ ပန်းဟာ တန်ဖိုးအားဖြင့် ဒေါ်လာ ၂ ဘီလီယံ နီးပါးရှိခဲ့ ပြီး ပန်းပင်ပေါက် တင်သွင်းမှုတန်ဖိုးကလည်း ဒေါ်လာ ၁.၈ ဘီလီယံ ဝန်းကျင်ဖိုး ရှိခဲ့ပါတယ်။ အဲဒီပန်းတွေကို တင်ပို့ခွင့် ရခဲ့တဲ့နိုင်ငံတွေက ပန်းစိုက်ပျိုးသူတွေအတွက်တော့ ကြီးမားတဲ့ဈေးကွက်ကြီး တစ်ခုပါပဲ။ တင်ပို့မှု အများဆုံးကတော့ တောင်အမေရိကနိုင်ငံတွေ (အထူးသဖြင့် ကိုလံဘီယာနဲ့ အီကွေဒေါ) ကဖြစ်ပြီး ၉၂ ရာခိုင် နှုန်းလောက် ရှိတယ်လို့ ဆိုပါတယ်။ မြောက်အမေရိက (ကနေဒါ)၊ ဥရောပ (နယ်သာလန်)၊ အရှေ့အလယ်ပိုင်း (အစ္စရေးလ်) နဲ့ အာရှ (ထိုင်း) တို့ဆီကလည်း အနည်းငယ်ဆီ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ အဓိကပြောချင်တာက ချစ်သူများနေ့ဟာ နိုင်ငံတွေအကြား စိုက်ပျိုးမွေးမြူရေးထွက်ကုန်တွေ ကုန်သွယ်ကူးသန်းမှုကိုလည်း မြှင့်တင်ပေးတယ် ဆိုတဲ့အချက်ပါ။
ဒါပေမယ့်…..။
ချစ်သူများနေ့ဟာ အခြားတစ်ဖက်မှာတော့ ကမ္ဘာမြေအတွက် ဆိုးကျိုးအချို့ကို သယ်ဆောင်လာပေးပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေပါ။
၂၀၂၄ ခုနှစ်မှာ အမေရိကန်နိုင်ငံတစ်နိုင်ငံထဲမှာ ချစ်သူများနေ့ကို ပြည်သူ ၁၂၄ သန်းကျော်က ဆင်နွှဲခဲ့ကြပြီး အသည်းပုံလက်ဆောင်ဗူးပေါင်း ၃၆ သန်း၊ အမှတ်တရကတ်ပြား သန်း ၁၈၀၊ နှင်းဆီပွင့်ပေါင်း ၁၉၈ သန်း၊ ဝိုင်ပုလင်းပေါင်း ၈၈၁၀၀၀၊ ချောကလက်ပေါင်ချိန် ၅၈ သန်း အသုံးပြုဆင်နွှဲခဲ့ပါတယ်တဲ့။ အဲဒီထုတ်ကုန်တွေကြောင့် ထွက်ရှိတဲ့ ကာဗွန်ပမာဏဟာ ကမ္ဘာကြီးကို တစ်ပတ်ပတ်ပြီး မော်တော်ကားမောင်းလို့ ထွက်ရှိလာတဲ့ ကာဗွန်ပမာဏထက် ၃၉၉၃ ဆ ပိုများတယ်လို့ Waste 360 က ဆိုပါတယ်။
သန့်ရှင်းသော သယ်ယူပို့ဆောင်ရေးဆိုင်ရာ နိုင်ငံတကာကောင်စီ (The International Council on Clean Transportation) ရဲ့ လေ့လာမှု တစ်ရပ်အရ အမေရိကမှာ ချစ်သူများနေ့ ဆင်နွှဲဖို့အတွက် နှင်းဆီပန်းတွေ ကိုလံဘီယာနိုင်ငံကနေ ဝယ်ယူရတာမို့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မတိုင်မီ ၃ ပတ်အတွင်း ကိုလံဘီယာနဲ့ အမေရိကန်လေဆိပ်တွေအကြား နှင်းဆီပန်းသယ်ယူပို့ဆောင်မှုကနေ ကာဗွန်ဒိုင်အောက်ဆိုဒ် မက်ထရစ်တန်ချိန်ပေါင်း ၃၆၀,၀၀၀ ထုတ်လွှတ်တယ်လို့ ဆိုပါတယ်။ ဒီကာဗွန်ပမာဏဟာ ကားအစီးရေ ၇၈,၀၀၀ က တစ်နှစ်အတွင်း ထုတ်လွှတ်တဲ့ ကာဗွန်ပမာဏနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။ ပြဿနာက ဒီလောက်နဲ့ မပြီးပါဘူး။ အမေရိကန် လေဆိပ်တွေရောက်တဲ့အခါ နှင်းဆီပန်းတွေကို အအေးခန်းကုန်တင်ကားတွေနဲ့ သယ်ဆောင်ပြီး အအေးခန်းသိုလှောင်ရုံတွေမှာ သိုလှောင်ရပြန်ပါတယ် အဲဒီကနေလည်း ကာဗွန်တွေ အများကြီးထွက်ဦးမှာ ဖြစ် ပါတယ်။
The Daily Orange က သဘာဝပတ်ဝန်းကျင်ရေးရာ ဆောင်းပါးရှင် Conor Sarasin ကတော့ ပန်းတွေကို ဝယ်ယူပြီး ချစ်သူများနေ့လက်ဆောင်ပေးချိန်မှာ ပန်းစိုက်ပျိုးထုတ်လုပ်ရသူတွေအကြောင်းလည်း သတိတရတွေးပေးဖို့ တောင်းဆိုပါတယ်။ ပန်းစိုက်ခင်းလုပ်သားတွေဟာ အန္တရာယ်များလှတဲ့ ဓာတုပိုးသတ်ဆေးတွေကို ထိတွေ့ကိုင်တွယ်ပြီး အန္တရာယ်ကြားကနေ အဲဒီပန်းတွေကို ထုတ်လုပ်ပေးခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကလည်း သတိပြုစရာပါ။
ချစ်သူများနေ့အတွက် အပြင်ဆင်တွေ၊ လက်ဆောင်ထုပ်ပိုးမှုတွေအတွက် လူတွေက ငွေတွေသုံးစွဲတာမို့ စီးပွားရေးအတွက် အထောက်အကူပြုသလို၊ အလုပ်အကိုင်နဲ့ စီးပွားရေးအခွင့်အလမ်းတွေ မြင့်တက်လာတာတော့ မှန်ပါတယ်။ ဒါပေမယ့် တစ်ဖက်ကတော့ အဲဒါတွေကြောင့် ပတ်ဝန်းကျင်ကို ညစ်နွမ်းစေတာကို သတိပြုသင့်တယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေ၊ အဖွဲ့အစည်းတွေက သတိပေးပါတယ်။ ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းဖို့ ပေးတဲ့ လက်ဆောင်ပစ္စည်းတွေရဲ့ အစိတ်အပိုင်းအတော်များများဟာ အမှိုက်ပုံမှာ အဆုံးသတ်သွားပြီး အများစုက ပလပ်စတစ်ပစ္စည်းတွေ ဖြစ်နေတာပါတဲ့။ ချစ်သူများနေ့ ပတ်ဝန်းကျင်မှာ တစ်ခါသုံး ပလတ်စတစ်ပစ္စည်းတွေရဲ့ သုံးစွဲမှုဟာ သိသိသာသာ မြင့်တက်လာတယ်လို့ ဆိုပါတယ်။ ဒါက ပတ်ဝန်းကျင်ညစ်နွမ်းမှု အတွက် ကြီးမားတဲ့ အကြောင်းအရင်းတစ်ရပ်ပါ။ အမေရိကန်ပြည်ထောင်စုက လေ့လာမှုတစ်ရပ်မှာ စည်ပင် သာယာအမှိုက်အားလုံးရဲ့ ၄၉.၈ ရာခိုင်နှုန်းဟာ ပလပ်စတစ်တွေ၊ သတ္တုပစ္စည်းတွေ၊ အဝတ်စတွေ၊ စာရွက်တွေ၊ ကတ်ထူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ချစ်သူများနေ့အတွက် ပန်းတွေကို ထုတ်ပိုးရာမှာ ပလပ်စတစ်နဲ့ အထပ် သားပြားတွေကို အသုံးပြုကြတာလို့ ဆိုပါတယ်။ တစ်ဦးချင်းရဲ့ ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းဖို့ တစ်ကမ္ဘာလုံးရဲ့ သဘာဝဝန်းကျင်ကြီးကို ထိခိုက်သွားစေနိုင်တယ်ဆိုတာကို သတိပြုစရာပါ။
ပြန်ချုပ်ပြောရရင်
(၁) ချစ်သူများနေ့ဟာ မတရားမှုကို တွန်းလှန်တဲ့ ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်းကို ဂုဏ်ပြုတဲ့နေ့သာ ဖြစ်ပါတယ်။
(၂) မိမိရဲ့ ချစ်ခင်မြတ်နိုးရသူတွေအတွက် ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြသဖို့ အခွင့်အရေးလည်း ဖြစ်ပါတယ်။
(၃) အဲဒီလို ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြသရာမှာ နှင်းဆီပန်း၊ ချောကလက်မှသည် လက်ဆောင်မျိုးစုံကိုပေးပြီး ဖော်ပြကြပါတယ်။
(၄) အဲဒီရဲ့ နောက်ဆက်တွဲအဖြစ် စိုက်ပျိုးမွေးမြူရေးကဏ္ဍရဲ့ စီးပွားရေးကို အထောက်အကူပြုနိုင်ပါတယ်။
(၅) ဒါပေမယ့် သဘာဝပတ်ဝန်းကျင် ညစ်နွမ်းမှုကိုလည်း ဖြစ်ပေါ်စေပါတယ်။
(၆) ချစ်သူများနေ့ကို ဆင်နွှဲမယ့်သူတွေအတွက် မိမိတို့ရဲ့ ချစ်ခြင်းမေတ္တာကိုလည်း ဖော်ပြ၊ စိုက်ပျိုးမွေးမြူရေးကိုလည်း အထောက်အကူပြု၊ သဘာဝပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေတဲ့ နည်းလမ်းတွေကို ရှာဖွေပြီး ချစ်သူများနေ့ကို ဆင်နွှဲသင့်ပါတယ်။
အဲဒါမှသာ တာဝန်သိစိတ်ရှိတဲ့ ချစ်သူများနေ့ (Responsible Valentine’s Day)၊ ရေရှည်တည်တံ့တဲ့ ချစ်သူများနေ့ (Sustainable Valentine’s Day) ဖြစ်နိုင် ပါလိမ့်မယ်။ အဲဒီအတွက် ဆန်းသစ်တဲ့ ချစ်သူများနေ့ လက်ဆောင်တွေကို ရှာဖွေကြဖို့ လိုအပ်ပါတယ်။
ချစ်သူအတွက် ပန်းတစ်ပွင့်လက်ဆောင်ပေးမယ့် အစား၊ ပန်းပင်တစ်ပင်ပေးရင် မကောင်းဘူးလား၊ ချစ်သူကို ရည်စူးပြီး ကမ္ဘာမြေရှင်သန်ရေးအတွက် အထောက်အကူပြုမယ့် သစ်ပင်တစ်ပင်ကို စိုက်ပျိုးကြရင် ပိုမကောင်းဘူးလား၊ ပလတ်စတစ်ပန်းတွေကို သုံးမယ့်အစား တကယ့်ပန်းအစစ်တွေကို အားမပေးသင့်ဘူးလား။ မြန်မာပြည်က ထွက်တာမဟုတ်ဘဲ နိုင်ငံခြားကမှာယူတင်သွင်းရတဲ့ ချောကလက် လက်ဆောင်အစား ပြည်တွင်းမှာပဲ ထုတ်လုပ်တဲ့ စိုက်ပျိုးမွေးမြူရေးထုတ်ကုန် လက်ဆောင်တွေကို ချစ်သူများနေ့လက်ဆောင်အဖြစ် မပေးသင့်ဘူးလား ပလတ်စတစ်တွေ၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့အရာတွေကို အသုံးပြုမယ့်အစား recy-cle လုပ်ထားတဲ့ အရာတွေနဲ့ လက်ဆောင်လှလှလေးတွေ ထုပ်ပိုးကြရင် မကောင်းဘူးလားစသည်ဖြင့် စဉ်းစားကြည့်ဖို့ကောင်းပါတယ်။
ချစ်ခြင်းမေတ္တာဟာ လူသားတိုင်းနဲ့ သက်ဆိုင်တာမို့ ချစ်သူများနေ့ဟာလည်း လူသားတိုင်းနဲ့ ဆိုင်ပါတယ်။ အထူးသဖြင့် လူငယ်များနဲ့ ပိုပြီး သက်ဆိုင်နေတဲ့ ချစ်သူများနေ့မှာ မြန်မာ့လူငယ်တွေအနေနဲ့ မြန်မာ့စိုက်ပျိုးမွေးမြရေးကဏ္ဍနဲ့ ကမ္ဘာမြေအတွက် အရွေ့တစ်ခုကို ဖော်ဆောင်နိုင်ကြစေလိုတဲ့ စေတနာနဲ့ မျှဝေလိုက်ရကြောင်းပါ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။