အမှန်တကယ်အကျိုးရှိသော်လည်း လူအများလက်လှမ်းမမီသေးသည့် အာဟာရဖြည့်ဆန်

22/01/2018 16:33 PM တွင် Myanmar Now Myanmar Now မှ ရေးသား

ကန်ကြီးထောင့်၊ ပုသိမ် (Myanmar Now) - နိုင်ငံအတွင်း မိတ်ဆက်ခဲ့သည်မှာ တစ်နှစ်ခွဲခန့် ရှိလာသည့် အာဟာရဖြည့်ဆန်၏ အကျိုးကျေးဇူးများကို သိနားလည်မှု အထိုက်အလျောက် ရှိလာသော်လည်း သမားရိုးကျဆန်များထက် ဈေးနှုန်းကြီးမြင့်နေမှုကြောင့် ထိရောက်မှု နည်းနေဆဲဖြစ်သည်ဟု အာဟာရဖြည့်ဆန် ထုတ်လုပ် ဖြန့်ဖြူးသူများနှင့် အထောက်အပံ့ပေးထားသည့် အဖွဲ့အစည်းတို့က ပြောကြားလိုက်သည်။

အာဟာရဖြည့်ဆန်ဆိုသည်မှာ သမားရိုးကျဆန်အစေ့ ၁ဝဝ လျှင် အာဟာရဖြည့်ဆန်စေ့ ၁-၂ အချိုးဖြင့် ရောမွှေထားခြင်းဖြစ်သည်။ အာဟာရဖြည့်ဆန်စေ့ကို ဆန်မှုန့်အခြေခံ၍ ဗီတာမင်နှင့် သတ္တုဓာတ်တို့ကို အပူပေး ပုံလောင်းသောနည်းဖြင့် ထည့်သွင်းပေါင်းစပ်ကာ ထုတ်လုပ်ရရှိသည်။ အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့ (LIFT) ၏ ငွေကြေးအကူအညီဖြင့် အပြည်ပြည်ဆိုင်ရာ အင်န်ဂျီအိုအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် Program for Appropriate Technology in Health (PATH) နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလကတည်းက ဆောင်ရွက်နေသည့် စီမံကိန်းတစ်ခုဖြစ်သည်။

ရင်ဆိုင်ရသည့် အခက်အခဲ

ကန်ကြီးထောင့်မြို့နယ်ရှိ အောင်ပြည့်ဆန်စက်နှင့် ဧရာဝင်းဆန်စက်သည် PATH အဖွဲ့၏ နည်းပညာ အကူအညီဖြင့် လိုအပ်သည့် စက်ပစ္စည်းများ တင်သွင်းကာ အာဟာရဖြည့်ဆန် ထုတ်လုပ်ဖြန့်ဖြူး နေသော ဆန်စက်လုပ်ငန်းအနည်းငယ်ထဲတွင် ပါဝင်သည်။ ထိုဆန်စက်တို့၏ ပိုင်ရှင် ဦးမောင်မောင်ဇော်က အာဟာရဖြည့်ဆန် ရောင်းချရာတွင် ဗဟုသုတရှိသည့် ပညာတတ်လူတန်းစားများကို စည်းရုံးရသည်က ပိုမို လွယ်ကူကြောင်း၊ အခြေခံလူတန်းစားများမှာမူ စျေးနှုန်းကွာဟခြင်း၊ အာဟာရဖြည့်ဆန်၏ အာနိသင်ပြမှု နှေးကွေးခြင်း တို့ကြောင့် ဝယ်ယူစားသုံးမှု နည်းနေသေးကြောင်း ပြောသည်။

“အောက်ခြေမှာတော့ ဈေးနှုန်းပိုင်းဆိုင်ရာမှာ တစ်ပြည်ကို ကျပ် ၁၅ဝ လောက် စျေးကြီးသွားတာရယ်၊ (အာနိသင်ကိုသိရဖို့) ခြောက်လလောက် စောင့်ရမယ် ဆိုတာရယ်ကြောင့် … နည်းနည်းလေး လက်ဝင်တဲ့ သဘောမှာရှိပါတယ်” ဟု ဦးမောင်မောင်ဇော်က ပြောသည်။

အာဟာရဖြည့်ဆန်သည် လက်လီဈေးကွက်အတွင်း တစ်ပြည်လျှင် အနိမ့်ဆုံး ကျပ် ၁,၈ဝဝ မှ အမြင့်ဆုံး ၂,၅ဝဝ အထိ ရှိနေသည်။ ထိုဆန်ကိုစားသုံးခြင်းကြောင့် ရရှိလာမည့် အဏုအာဟာရ အသစ်ပြန်လည်သိုလှောင်နိုင်မှု အကျိုး ကျေးဇူး ဖြစ်ပေါ်လာရန် ရက်သတ္တနှစ်ပတ်မှ လေးလ၊ ခြောက်လခန့် အထိ စောင့်ဆိုင်းရသည်ဟု PATH အဖွဲ့၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

အာဟာရဖြည့်ဆန်မှာ သာမန်ဆန်များနှင့် ဈေးနှုန်း အနည်းငယ်သာ ကွာခြားပါက ပိုမို ရောင်းရနိုင်ခြေရှိသည်ဟု ပုသိမ်မြို့ ရာမညရပ်ကွက်နေ ကုန်စုံဆိုင်ပိုင်ရှင် ဦးအောင်သက်ဦးက ပြောသည်။

“စရောင်းခါစက စျေးနှုန်းကလည်း ကျပ် ၁,၄ဝဝ ဆိုတော့ တော်တော်ရောင်းရတယ်ဗျ။ နောက်ပိုင်းမှာ ၁,၈ဝဝ ဆိုတော့ ပြင်ပမှာပေါ်ဆန်းဆန်တွေကလည်း ကျပ် ၁,၅ဝဝ - ၁,၆ဝဝ - ၁,၇ဝဝ အစားစား ဖြစ်နေတော့ ဒီ ၁,၈ဝဝ ကို တချို့ကလည်း မြင်ကြတယ်” ဟု ၎င်းက ပြောသည်။

ပုသိမ်မြို့ ကျောက်ငူရပ်မှ ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်ဆုမွန်ထက်က ၎င်း၏ဆိုင်တွင် လစဉ် လက်လီရောင်းရတဲ့ အာဟာရဖြည့်ဆန် ပမာဏမှာ အိတ် ၃ဝ ခန့် ရှိသည်ဟု ပြောသည်။

အားဖြည့်ဆန် ဘာကြောင့် လိုအပ်

မြန်မာသည် အဏုအာဟာရချို့တဲ့မှုအမြင့်မားဆုံး အာရှနိုင်ငံများထဲတွင် ပါဝင်ပြီး နိုင်ငံတွင်း ကလေးငယ် သုံးဦးတွင်တစ်ဦးမှာ အာဟာရချို့တဲ့လျက်ရှိကြောင်း၊ ကလေးငယ်စုစုပေါင်း၏ ၈ ရာခိုင်နှုန်းမှာ အဏုအာဟာရချို့တဲ့မှု ဝေဒနာကို ခံစားနေရကြောင်း ၂ဝ၁၅-၂ဝ၁၆ အတွင်း အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID)၊ မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။

အသက်ခြောက်လမှ ၂၃ လကြား ကလေးငယ်များ၏ ၄ဝ ရာခိုင်နှုန်းကျော်နှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ၏ ၅ဝ ရာခိုင်နှုန်းကျော်မှာ သွေးအားနည်းရောဂါကို ခံစားနေရသည်ဟု ထိုစစ်တမ်းက ဆိုသည်။

အဏုအာဟာရချို့တဲ့မှု ဆိုသည်မှာ ကစီဓာတ်နှင့် အသားဓာတ်ချို့တဲ့ခြင်းဖြစ်ပြီး ကိုယ်ဝန်ဆောင် မိခင်များတွင် ၎င်းဓာတ်များချို့တဲ့ပါက ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ ကိုယ်ခန္ဓာကြီးထွားမှုတို့ကို ထိခိုက်စေနိုင်သည်ဟု ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ အာဟာရအဖွဲ့ ခေါင်းဆောင် ဒေါ်ဝေမာလွင်က ပြောသည်။

ထိုသို့ အာဟာရ ချို့တဲ့မှုဒဏ်ကို ခံစားနေကြရသူများထဲတွင် နာဂစ်မုန်တိုင်းဒဏ်ကို အပြင်းအထန် ခံစားခဲ့ရသည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနေ ကလေးငယ်များလည်း အပါအဝင်ဖြစ်သည်။ ဒေသတွင်း ငါးနှစ်အောက် ကလေးများ၏ သုည ဒသမ ၂ ရာခိုင်နှုန်းမှာ အပြင်းအထန် အာဟာရချို့တဲ့ အဆင့်တွင် ရှိပြီး ၁ ဒသမ ၈ ရာခိုင်နှုန်းမှာ အတော်အသင့် ချို့တဲ့အဆင့်တွင်ရှိသည်ဟု ဒေါ်ဝေမာလွင်က ၎င်းတို့၏ ၂၀၁၆ ခုနှစ် သုတေသနစစ်တမ်းကို ကိုးကား၍ပြောသည်။

“ကလေးတွေမှာ အာဟာရဓာတ်ချို့တဲ့တာကြောင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေးကစပြီး နိုင်ငံရဲ့ ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နိုင်တာကြောင့် အလွန် အရေးပါပါတယ်။ အာဟာရဖြည့်ဆန် ဝယ်စားနိုင်ရင်တော့ အကောင်းဆုံးပေါ့” ဟု ၎င်းက မှတ်ချက်ပေးသည်။

ပုသိမ်မြို့၊ ကျောက်ငူရပ်ကွက်နေ ကားဝပ်ရှော့လုပ်ငန်းလုပ်ကိုင်သူ ဦးသိန်းစိုးက အာဟာရဖြည့်ဆန်ကို ခြောက်လကျော် ဆက်တိုက် စားသုံးလာသူဖြစ်သည်။

“ပုံမှန်ဆန်က (နို့ဆီဗူး) သုံးလုံးလောက်ချက်မှ ကျွန်တော်တို့လေးယောက် ဗိုက်ဝတယ်။ အာဟာရဖြည့်ဆန်ကတော့ နှစ်လုံးချက်လောက်နဲ့တောင် လူလေးယောက် စားလို့ရပါတယ်။ ရိုးရိုးဆန်က ဗိုက်ပြန်ဆာတယ်။ ဒီဆန်ကတော့ အာဟာရဓာတ်ရှိလို့ထင်တယ် ဗိုက်ပြန်မဆာတော့ဘူး”ဟု ၎င်းကဆိုသည်။

PATH အဖွဲ့အကူအညီဖြင့် အာဟာရဖြည့်ဆန်ကို ထုတ်လုပ်ရင်း ကိုယ်တိုင်လည်းစားသုံးနေသူ ပုသိမ်မြို့၊ ဦးချိုဆန်စက်မှ ပိုင်ရှင် ဦးမျိုးဝေသည် ထိုဆန်ကို အောက်ခြေလူတန်းစား ကလေးငယ်များ စားသုံးနိုင်ရန် အတွက် အားကြိုးမာန်တက်ရှိသူဖြစ်သည်။ သူက မြန်မာကဲ့သို့ ဖွံ့ဖြိုးစနိုင်ငံအတွက် အာဟာရဖြည့်ဆန် ကဲ့သို့သော ဗီတာမင်ဓာတ်ဖြည့်စွက် စီမံကိန်းမျိုးမှာ နိုင်ငံ၏ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပါ ဆက်စပ်နေသည်ဟု ယုံကြည်သူဖြစ်သည်။

“ဥရောပနဲ့ အာရှက ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ ရှိတဲ့ကလေးတွေနဲ့ ယှဉ်ရင် ကျွန်တော်တို့ နိုင်ငံက ကလေးတွေက ညှက်နေပြီးတော့ ဉာဏ်ရည်လည်း သူတို့လောက် မပွင့်ဘူး” ဟု ၇၅ နှစ်ရှိပြီဖြစ်သည့် ၎င်းက ဆိုသည်။

ဈေနှုန်းကြီးမြင့်နေရခြင်းမှာ အဓိက ကုန်ကြမ်းပစ္စည်းဖြစ်သည့် သာမန်ဆန်နှင့်ရောစပ်ရသည့် ဗီတာမင်ဆန်၏ စျေးနှုန်း မြင့်တက်မှုကြောင့် ဖြစ်သည်ဟု ၎င်းကပြောသည်။

ဈေးကွက် အလားအလာ

တစ်ကီလို နှစ်ဒေါ်လာ ပေါက်စျေးရှိသော အာဟာရဆန် တစ်ဒေါ်လာအောက်သို့ ရောက်ရှိမှသာ သမားရိုးကျ ဆန်များနှင့် ဈေးနှုန်းများစွာ ကွာဟမှုမရှိဘဲ ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ PATH အဖွဲ့က အာဟာရ ဆန်တောင့် တစ်တန်ခန့် ထောက်ပံ့နေခြင်းကြောင့် သာမန်ဆန်နှင့် ဈေးနှုန်းပိုင်း များစွာ ကွာဟမှုမရှိခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ မိမိဘာသာ ဝယ်ယူ တင်သွင်းရသည့်အခါတွင် အာဟာရဖြည့်ဆန် တစ်ပြည်၏ စျေးနှုန်းမှာ အနိမ့်ဆုံး ကျပ် ၂,ဝဝဝ ကျော် အထိ မြင့်တက်သွားနိုင်ကြောင်း ဆန်စက်ပိုင်ရှင်ဦးမျိုးဝေက ခန့်မှန်းသည်။
“PATH အနေနဲ့ တကယ်တန်းကူညီမယ်ဆိုရင် အာဟာရဖြည့်ဆန်အတွက် လိုအပ်တဲ့ ဗီတာမင်ဆန် … အဲဒါကို တစ်ဆင့်ဝယ်ရတယ်။ အဲဒါကို ဈေး လျှော့ပေးပါ” ဟု ၎င်းက တောင်းဆိုလိုက်သည်။

PATH အဖွဲ့၏ အာဟာရဖြည့်ဆန်စီမံကိန်း ဒါရိုက်တာ ဒေါက်တာမျိုးမြင့်အောင်ကမူ စိတ်ရှည်သူဖြစ်သည်။ အာဟာရဖြည့်ဆန်ကို အခြေခံလူတန်းစားများ လက်လှမ်းမီရန်မှာ ခက်ခဲနေဦးမည်ဖြစ်ကြောင်း၊ လုပ်ငန်းစတင် လုပ်ဆောင်နေသည့် အချိန်ဖြစ်ခြင်းကြောင့် တစ်ပြည်လုံး အတိုင်းအတာဖြင့် ၁၅ တန်မှ တန် ၂ဝ ခန့်သာ ရောင်းချနိုင်သေးပြီး အခြေခံလူတန်းစားများလက်ထဲ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိရန် အချိန်ယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

သို့သော်လည်း အဏုအာဟာရချို့တဲ့မှုကို ကမ္ဘာပေါ်ရှိ လူဦးရေ သန်း ၂,ဝဝဝ ခန့် ခံစားနေရပြီး ထိုအချိုးအစားမှာ လူသုံးဦးလျှင် နှစ်ဦးခံစားနေရခြင်းဖြစ်ခြင်းကြောင့် အာဟာရဖြည့်ဆန်ကို လူတိုင်း စားသုံးရန် သင့်တော်သည်ဟု သူက ထောက်ပြသည်။

“ချမ်းသာတဲ့လူတွေနဲ့ လူလတ်တန်းစားတွေမှာလည်း အစားအသောက်ကို အာဟာရပြည့်အောင် အချိုးအစား မျှတအောင် မစားနိုင်တဲ့ အတွက်ကြောင့် … အားဖြည့်ဆန်က လူတိုင်းအတွက်တော့ စားလို့ရတယ်။ ရောင်းတာကလည်း အားလုံးကို ဦးတည်ပြီးတော့လုပ်တဲ့ သဘောပေါ့” ဟု ၎င်းကပြောသည်။

အားဖြည့်ဆန်သုံး အခမဲ့နေ့လယ်စာ

ဝါရှင်တန် အခြေစိုက် PATH အဖွဲ့မှာ ဘရာဇီး၊ အိန္ဒိယ၊ ကမ္ဘောဒီးယားနှင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးကို အာဟာရဖြည့်ဆန် မိတ်ဆက်ရန် ပံ့ပိုးကူညီပေးခဲ့သည့်အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး ကျန်းမာရေးအခန်းကဏ္ဍ မြှင့်တင်ရန် အတွက် အခြေခံအစားအစာကို အာဟာရဖြည့်ရေး အဓိကထား အကူအညီပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

အာဟာရဖြည့်ဆန်ကို မြန်မာပြည်တွင်းဖြစ်ဆန်နှင့် စင်ကာပူအခြေစိုက် DSM ကုမ္ပဏီက ဝယ်ယူတင်သွင်းသော အဏုအာဟာရမှုန့်တို့ကို အသုံးပြုကာ ထုတ်လုပ်လျက်ရှိကြောင်း၊ PATH အဖွဲ့သည် လိုအပ်သော စက်ပစ္စည်းများ ဝယ်ယူ တင်သွင်းခြင်းအတွက် နည်းပညာပံ့ပိုးပေးခဲ့ပြီး အာဟာရဖြည့်ဆန်စေ့ ထုတ်လုပ်တတ်စေရန်နှင့် သမားရိုးကျဆန်နှင့် ရောမွှေတတ်စေရန်အတွက် မြန်မာပြည်တွင်း ကုမ္ပဏီများကို သင်တန်းပေးထားကြောင်း ယင်းအဖွဲ့၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

အာဟာရဖြည့်ဆန် လုပ်ငန်းကို စိတ်ဝင်စားသည့် ဆန်စက်များကို PATH အဖွဲ့က အားဖြည့်ဆန်နှင့် သာမန်ဆန်များ ရောနှောပေးသည့် စက်များကို ထောက်ပံ့ပေးလျက်ရှိသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုသိမ်မှ ဦးချိုဆန်စက်၊ ကန်ကြီးထောင့်မှ အောင်ပြည့်ဆန်စက်၊ MAPCO က ထူထောင်ထားသည့် ကျိုက်လတ်မှ ဆန်စက် သုံးလုံးကို စက်ပစ္စည်း များ ထောက်ပံ့ပေးထားသည်။

ဧရာဝတီတိုင်းဒေသကြီး လက်လုပ်လက်စားများအတွက် တန်ဖိုးသင့် ညစာ ဖန်တီးရှင် ဒေါက်တာ ဦးနန္ဒဝင်းက အင်္ဂပူမြို့နယ် စာသင်ကျောင်း တချို့ရှိ နွမ်းပါးသည့် ကလေး ၁၉၆ ဦး အတွက် ထမင်းချိုင့် အခမဲ့ ပို့ပေးနေသည်မှာ တစ်နှစ်ကျော်ပြီဖြစ်သည်။ ထိုကလေးများအတွက် နေ့လယ်စာအတွက် အဟာရဖြည့်ဆန်ကို အသုံးပြုသည်ဟု သူက ပြောသည်။
"ကလေးတွေက ကျောင်းတက်ရတာ ပိုပျော်လာပြီး တက်ကြွလာတယ်။ ပိုပြီးလည်း ကျန်းမာ သန်စွမ်းလာကြပါတယ်။ ဒါပေမယ့်လည်း အဲဒါသည် အားဖြည့်ဆန်ကြောင့်ပဲ သေချာပေါက်ဖြစ်သလားဆိုတာ ပြောနိုင်ဖို့အတွက် သုတေသန အထောက်အပံ့တွေ မရသေးပါဘူး" ဟု နေဖြစ်မယ့်လ ပရဟိတအဖွဲ့၏ ဦးဆောင်သူ ဒေါက်တာ ဦးနန္ဒဝင်းက ပြောသည်။ ။

ဖြိုးသီဟချို (Myanmar Now)


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်