အလိမ်မခံရဖို့အရေးကြီပါတယ်

20/01/2021 12:45 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Mother Finance Mother Finance မှ ပေးပို့ထားပါသည်။

    ယနေ့လောကမှာ နည်းပညာစနစ်နဲ့လုပ်ဆောင်ရတာတွေ များလာတဲ့အတွက် နည်းပညာအသုံးချပြီးလိမ်ညာနေသူတွေရဲ့ထောင်ချောက်ထဲမရောက်အောင် အလိမ်မခံရဖို့ကလည်း အဓိကအချက်ပါ သေချာအချိန်ပေးပြီးမျက်စိဖွင့်နားစွင့်လေ့လာထားဖို့လိုပါတယ်။ FB Viber WavePay KPay တွေ အသုံးချပြီး လိမ်လည်လှည့်ဖြားနေကြတာများပါတယ်။ FB Page အတုတွေဖွင့်ပြီး စစ်မှန်တဲ့လုပ်ငန်းတွေလိုဟန်ဆောင်ပြီးလည်း လိမ်နေကြပါတယ်။ ဖုန်းမသုံးတတ်ဘူး ဒါမျိုးတွေနားမလည်ဘူး မလုပ်တတ်ဘူးလို့ အမြဲပြောနေရင် အလိမ်ခံရဖို့များပါမယ်။ မလုပ်တတ်ရင် လုပ်တတ်အောင်ကြိုးစားပါ။ နားမလည်ရင် နားလည်အောင် သေချာအချိန်ယူလေ့လာပါ။ မကျွမ်းကျင်ရင် ကျွမ်းကျင်လာအောင် ဖြည်းဖြည်းချင်းအာရုံစိုက်ပြီး ကြိုးစားကြပါ။ မိမိကိုယ်ကိုကာကွယ်ပေးနိုင်မှာက မိမိဦးနှောက်နဲ့ အသိပညာပါပဲ။ အယုံမလွယ်ကြပါနဲ့။ အလကားအလွယ်လိုချင်စိတ်တွေ လောဘတွေလျှော့ပါ။ အသိဉာဏ်ပညာ တိုးမြှင့်အောင်လုပ်ကြပါ။

    ဒါ့ကြောင့် ဒီနေ့ အရမ်းခေတ်စားနေတဲ့လိမ်လည်မှုနည်းလမ်းအချို့ကို တင်ပြပေးလိုက်ပါတယ်။ 

(၁) ငွေကြိုပေးခိုင်းပြီး ချေးငွေရမယ်ဆိုသလိုလှည့်ဖြားနေတယ်။

    အခုထိလည်း လိမ်ခံနေရတာတွေ တွေ့နေရဆဲပဲ။ ချေးယူသူဘက်က လိုချင်စိတ်နဲ့ပဲလုပ်လို့မရပါဘူး။ အတိုးတွေ ဖောင်ကြေးတွေ စရံတွေ စပေါ်တွေ ဘယ်လိုပဲ အရင်လွှဲခိုင်းခိုင်း မယုံကြပါနဲ့။ ငွေချေးယူမဲ့သူကို ပိုက်ဆံအရင်လွှဲခိုင်းပြီး ဘလော့ပါတယ်။ ထပ်ခါထပ်ခါပြောပါမယ် ဘယ်သူတွေက ဘယ်လောက်ပဲပြောပြော ငွေအရင်ပေးခိုင်းရင် လုံးဝဆက်မလုပ်ပါနဲ့။ ဘာမှမသိဘဲ ကိုယ့်မှတ်ပုံတင်တွေ အထောက်အထားစာရွက် စာတမ်းတွေကို မက်ဆင်ဂျာကနေသွားမပေးပါနဲ့။ မိမိပေးပို့ထားသော မှတ်ပုံတင်နဲ့ ထပ်မံလုပ်စားတတ်ပါတယ် သတိထားနိုင်ကြပါစေ။ တရားဝင်ချေးငွေလုပ်ငန်းတွေကနေ ဘယ်တော့မှ ငွေအရင်ကြိုမပေးခိုင်းပါဘူး ငွေကြိုတောင်းရင် လူလိမ်တွေပါ။ 

(၂) နိုင်ငံတော်ကထောက်ပံ့ကြေးတွေရမယ် 

    ဘဏ်ကလိုလို မိုဗိုင်းလ်ဝေါလက်ကလိုလို ကံစမ်းမဲပေါက်တဲ့ ဆုလဒ်ရမယ်ဆိုပြီးဖုန်းဆက်သွယ်ပြီး OTP ဖုန်းထဲဝင်လာတဲ့ ကုဒ်ဂဏန်းတွေ မေးအကောင့်ထဲကပိုက်ဆံတွေယူသွားကြတယ်။

    နိုင်ငံတော်လည်း အရမ်းမွဲတေနေပါပြီ။ အလှူတောင်နေ့တိုင်းပြန်ခံနေပါတယ်။ ဘယ်သူကိုမှ ထောက်ပံ့ပေးနိုင်တဲ့အခြေအနေမရှိဘူးဆိုတာ သိဖို့လိုပါတယ်။ ကိုယ့်လျှို့ဝှက်နံပတ်ကို ဘယ်သူမှမသိပါစေနဲ့။ မသိတဲ့ဖုန်းနံပတ်တွေဆိုရင် မယုံပါနဲ့ အကောင့်ထဲကိုငွေတိုက်ရိုက်လွဲကြပါ။ လျှို့ဝက်နံပတ်အလွယ်တစ်ခုနဲ့ ငွေမလွှဲကြပါနဲ့။ ကြားဖြတ်လူတွေ ခိုးယူသွားနိုင်ပါတယ်။ ဘယ်သူ့ကိုမှမယုံပါနဲ့။ ဖြစ်နိုင်ရင် ဘဏ်တွေ၊ သက်ဆိုင်ရာဖုန်းတွေကိုမှတ်ထားပါ။ ပြဿနာရှိရင် အဲဒီနံပတ်တွေကိုပဲဆက်သွယ်လိုက်ပါ။ ကိုယ့်ပိုက်ဆံကို ကိုယ်ကိုယ်တိုင်သာထိန်းသိမ်းကြပါ။ 

(၃) FB မှ အွန်လိုင်းရှော့ထောင်ပြီး လိမ်နေပါတယ်။

    အွန်လိုင်းရှော့မှာ အမှန်အကန်ရှိသလို လိမ်လည်ရောင်းချသူတွေကလည်း ဒုနဲ့ဒေးပါ။ FB အကောင့်အသစ် အမြဲနေ့တိုင်းဖွင့်လို့ရပါတယ်။ ပစ္စည်းတွေရဲ့ပုံတွေဆိုတာလဲအလွယ်တကူ တခြားနေရာတွေကနေ ကော်ပီယူပြီး တင်လို့ရပါတယ်။ ငွေလွှဲပေးပြီး ပစ္စည်းမပို့တဲ့သူတွေရှိတာ ပြဿနာပေါင်းများစွာ လတ်တလောဖေါင်းပွနေပါတယ်။ Cash on delivery (COD) ဝယ်ကြပါ။ ပစ္စည်းရမှ ငွေရှင်းပါ။ ကြိုလွှဲခိုင်းရင် မယုံကြပါနဲ့။ ကိုယ့်အသိမိတ်ဆွေ ဘယ်သူတွေဝယ်ဖူးလဲစစ်ပါ။ လိုက်မေးမြန်းစုံစမ်းပါ။ FB page အသစ်တွေဆိုရင် လုံးဝစမ်းမဝယ်ပါနဲ့။  ဝယ်တဲ့လူတွေဘက်ကလည်း တာဝန်သိကြပါ။  လာပို့တော့မှ ဖုန်းမကိုင်တာတွေ မလိုချင်တော့လို့ ငွေမရှင်းတာတွေ အဆက်အသွယ်ဖျောက်လိုက်တာမျိုးတွေ မလုပ်သင့်ပါဘူး။

(၄) နံမည်ကျော်ကြားနေတဲ့ သူဌေးတွေအနုပညာရှင်မင်းသားမင်းသမီးဆီက အလှူငွေရမယ်ဆိုပြီး ဖုန်းတွေလိပ်စာတွေ မှတ်ပုံတင်တွေလိမ်ယူသွားကြတယ်။

    အဲဒီအချက်အလက်တွေနဲ့ အကောင့်အတုတွေ လုပ်ခံရလိမ့်မယ်။ ကိုယ့်နံမည်အစားထိုးပြီး အလွဲသုံးစားပြုလုပ်ခံရလိမ့်မယ်။ အခုအချိန်မှာ အစိုးရမပြောနဲ့ သူဌေးတွေတောင်စီးပွားရေးလည်ပတ်ဖို့ အခက်အခဲတွေရှိနေကြပါတယ်။ သိန်းသန်းရာထောင်ချီ ဘယ်သူကိုမှ မှတ်ပုံတင်နဲ့ ဖုန်းကနေ အလကား အလှူမလုပ်ပေးနိုင်ဘူးဆိုတာ သဘောပေါက်ကြပါ။ မြန်မာပြည်ကမဟုက်တဲ့လူတွေကို သင့်မှတ်ပုံတင်တွေကို ရောင်းစားလိုက်ပြီး သင့်နံမည်သုံးပြီး တရားဝင် မြန်မာပြည်မှာလာနေထိုင်လို့ရသွားနိုင်တယ်။

(၅) Multi-level Marketing (MLM) သို့မဟုက် ငွေစုဒိုင်စနစ်လိမ်လည်နေကြပါတယ်။

    ဒါတွေက အားလုံးအလိမ်တွေလို့ မပြောလိုပါဘူး။ MLM တွေက ponzi pyramid scheme တွေလို့ ခေါ်ပါတယ်။ မန်ဘာဝင်ပစ္စည်းဝယ်စနစ်ဟာလည်း လိမ်နည်းတစ်မျိုးမို့ မဝင်သင့်ပါဘူး။ တစ်ချိန်ကျရင် အဆင့်တစ်ခုခုကြောင့် ပြိုကွဲပျက်စီးတဲ့အခါ သင့်ထည့်ထားတဲ့ငွေ လုံးဝအာမခံမရှိတဲ့အတွက် ပြန်ရမှာမဟုတ်ပါဘူး။ မပါဝင်ခင် အရင်လေ့လာလိုက်ပါ။ သတိထားကြပါ။  အစစ်အမှန်လုပ်ချင်ရင် ကိုယ့်အသိုင်းအဝိုင်းထဲကယုံကြည်ရတဲ့ အသိမိတ်ဆွေတွေနဲ့ လုပ်ကြပါ။ မသိမမြင်ဘဲနဲ့စလုပ်ပြီး ဒိုင်ပြေးလို့ငွေဆုံးရှုံးသွားတာ ဘယ်နှစ်ယောက်ဖြစ်ပြီးပြီလဲ။ အလှည့်ရောက်တာနဲ့ ငွေယူပြီးပျောက်သွားတယ် ရှာလို့မရဘူး။ ဥပဒေဘောင်ဝင်တဲ့ တရားဝင်လုပ်ငန်းမဟုတ်တဲ့အတွက် တရားစွဲဖို့လည်း မဖြစ်နိုင်ပါဘူး။ ငွေလှည့်စားတယ်ဆိုတာ အဲလောက်မလွယ်ပါဘူး။ နောက်ဆုံး ပမာဏများလာတဲ့အခါ ကံမကောင်းသူတွေထိခိုက်မှာပါဘဲ။ ဒိုင်လုပ်ပြီး သန်းကြွယ်သူဌေးဖြစ်သွားသူတွေ တွေ့ဖူးလို့လား။ 

    လိမ်စားနေတဲ့လူတွေကိုလည်း တိုက်တွန်းပါရစေ။ ဘယ်မိဘအသိုင်းအဝိုင်းတွေက မွေးဖွားလာလို့ ကောင်းတဲ့အလုပ်နဲ့ မကောင်းတဲ့အလုပ်ကို မခွဲခြားတတ်တာပါလဲ။ စီးပွားရေးလုပ်ချင်ရင် သေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ မှန်ကန်တဲ့လမ်းကနေ ရပ်တည်ပါ။ ဒါမှလည်း လုပ်ငန်းရေရှည်အောင်မြင်မှာပါ။ လွယ်လို့ဆိုပြီး လိမ်မစားပါနဲ့ မရှိလို့ဆိုပြီးလိမ်စားပါနဲ့။ ဒီလောက်လိမ်တာကျွမ်းကျင်ရင် အဲဒီဦးနှောက်တွေကိုအသုံးချပြီး မှန်မှန်ကန်ကန်ရပ်တည်ပါ။ အလုပ်လုပ်ပါ။ ငွေမရှိရင် ကိုယ့်အင်အားအချိန်သုံးပြီး ငွေရှာစားပါ။ ပေါ်တင်တောင်းစားပါ။ လှူမယ့်လူတွေရှိပါတယ်။ ၅,၀၀၀၊  ၁၀,၀၀၀၊ ၁၀၀,၀၀၀ လောက်နဲ့ သူများမျက်ရည်ကျ စိတ်ဆင်းရဲမှရတဲ့ငွေတွေကို မမက်ပါနဲ့။ ခေတ်တွေပြောင်းလို့ ယုတ်မာတဲ့အကျင့်စရိုက်တွေ မလေ့ကျင့်ကြပါနဲ့။ လိမ်ခံရတဲ့လူတွေဟာ ကိုယ့်ဖိုးဖွားမိဘ ဆွေမျိုး ညီ ညီမ ဦးလေးအဒေါ်တွေဆိုရင်ရော ခံချင်မှာလား ကိုယ်ချင်းစာစိတ်မွေးကြပါ။ အလိမ်လုပ်ငန်းတွေမှာဝင်လုပ်နေရင် အလုပ်ပြောင်းကြပါ။ ကလိမ်ကကျစ်လုပ်တာတွေရဲ့ကုသိုလ်ကံရလဒ်တွေဟာ ကိုယ့်အနောက်ကအမြဲရှိနေမှာပါ။ တစ်ချိန်မှာ ကိုယ့်ကိုလာထိရောက် တိုက်ခိုက်စရာတွေပေါ်လာမှာပါ။ ၂၀၂၁ နှစ်သစ်ကစပြီး ရွေးချယ်မှုတွေမှန်ကန်ကြပါစေ။

Mother Finance

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်