ရေရှည် အကျိုးပြုစေနိုင်မယ့် သီးနှံသစ်တော ရောနှော စိုက်ခင်း

15/01/2018 12:58 PM တွင် ဒေါက်တာစိန်လှဗိုလ် ဒေါက်တာစိန်လှဗိုလ် မှ ရေးသား

တောင်သူများဟာ ဒေသရဲ့အခြေအနေများနဲ့ ကိုက်ညီနိုင်မယ့် စိုက်ပျိုးရေး နည်းစနစ်များကို အစဉ်အလာအဖြစ် အသုံးပြုလာခဲ့ကြတာကို တွေ့ရပါတယ်။ အစဉ်အဆက်က ကျင့်သုံးလာခဲ့ကြတဲ့ သီးနှံများစိုက်ပျိုးထုတ်လုပ်မှု နည်းစနစ်များတွင်ပတ်ဝန်းကျင်ဂေဟစနစ်နဲ့ လိုက်လျောညီထွေ ရှိနေစေရေး၊ မြေဆီဩဇာ ပျက်သုဉ်းမှု မရှိစေဘဲ၊ ဇီဝမျိုးစုံ စနစ်ကို ထိန်းသိမ်းထားစေရေး၊ ရရှိလာတဲ့ သဘာဝ အခြေအနေများကို အကျိုးရှိစွာအသုံးပြုရေးစတဲ့လုပ်ငန်းများဟာ ရေရှည်အကျိုးပြုနိုင်မယ့်စိုက်ပျိုးရေးလုပ်ငန်းများဖြစ်လာစေရန် အထောက်အကူပြုပေးနိုင်မှာ ဖြစ်ပါတယ်။ ရှေးကာလကတည်းက ကျင့်သုံးဆောင်ရွက်လာခဲ့ကြတဲ့ စိုက်ပျိုးထုတ်လုပ်မှု နည်းစနစ်များ အနက် “သီးနှံသစ်တော ရောနှောစိုက်ခင်း” စနစ်ဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ သီးနှံသစ်တော ရောနှော စိုက်ခင်းစနစ်ကို မြန်မာနိုင်ငံမှာ ဘိန်းအစားထိုး စိုက်ပျိုးရေးလုပ်ငန်းများရဲ့ စီမံချက်တစ်ခုအဖြစ် ကျင့်သုံးဆောင်ရွက်ခဲ့ကြတာကို တွေ့ရပါတယ်။ ကုန်းမြင့် စိုက်ခင်းများ၊ အထူးသဖြင့် ကုန်းစောင်းမြေများမှာ ကွန်တိုအလိုက် ကန်သင်းများပေါ်တွင် ဒေသနဲ့ သင့်တော်ကိုက်ညီ ဖြစ်ထွန်းတဲ့ နှစ်ရှည်ပင်များ စိုက်ပျိုးပေးခြင်းကို အဓိကထား ဆောင်ရွက်ခဲ့ပါတယ်။

နှစ်ရှည်ပင်မျိုးများ အနက် မြေဆွေးပြုလုပ်ရန်၊ သစ်စိမ်းမြေဩဇာ ပြုလုပ်ရန်သင့်တော်တဲ့ အပင်မျိုးများကိုလည်း စိုက်ပျိုးနိုင်ပါတယ်။ အိမ်သုံး သစ်တောပင်များကို ဖြစ်စေ၊ စားသုံးသီးပင်မျိုးများကိုဖြစ်စေ စိုက်ပျိုးပေးခြင်းဖြင့် တောင်သူများအတွက် အပိုဝင်ငွေရရှိစေနိုင်မှာ ဖြစ်ပါတယ်။ နှစ်ရှည်ပင်များနှင့် အတူ ရာသီသီးနှံများကို စိုက်ပျိုးပေးထားခြင်းဖြင့် သီးနှံဝန်းကျင်ရှိ အနည်းကပ်ရာသီဥတုကို ပိုမိုကောင်းမွန်စေရန် ဖန်တီးပေးစေကာ ပတ်ဝန်းကျင်အခြေအနေဆိုးများမှ စိုက်ပျိုးထားတဲ့ သီးနှံပင်များကို
ကာကွယ်ပေးစေနိုင်မှာ ဖြစ်ပါတယ်။ အပင်ကြီးများနဲ့ ရောနှော စိုက်ပျိုးထားတဲ့အတွက် အပူချိန်အနိမ့်အမြင့်၊ နေရောင်ရရှိစေနိုင်မှု အနည်းအများ၊ မိုးရေပေါက်၊ မိုးသီးကျ ရောက်မှုများနဲ့ အတူ လေတိုက်ခတ်မှုများကိုလည်း ထိန်းသိမ်းကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ စိုက်ပျိုးထားတဲ့ အပင်အမျိုးအစားအလိုက် မြေရဲ့အရည်အသွေးကို တိုးတက် ကောင်းမွန်လာစေခြင်း၊ မြေကို ရေတိုက်စားမှုမှ ကာကွယ်ပေးခြင်းများအပြင်၊ ကာဘွန်ကိုလည်း သိုလှောင်ထားပေးစေနိုင်မှာ ဖြစ်ပါတယ်။

သီးနှံသစ်တော ရောနှော စိုက်ပျိုးထားခြင်းဖြင့် အိမ်သုံးသစ်၊ တိရစ္ဆာန်အစားအစာနဲ့ လူတို့အတွက် အစားအစာများကိုရရှိစေနိုင်မှာ ဖြစ်သကဲ့သို့ ကျန်းမာရေး အတွက် ဆေးဘက်ဝင် ပစ္စည်းများကိုလည်း ရရှိစေနိုင်ပါတယ်။ သီးနှံအစားအစာများ ရရှိစေရန်အတွက် လုံခြုံစိတ်ချမှုပေးနိုင်သကဲ့သို့ ပတ်ဝန်းကျင်ရှိ ဇီဝမျိုးကွဲမျိုးစုံကိုလည်း ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်အလန်းများကိုလည်း ဖန်တီးပေးစေနိုင်မှာ ဖြစ်သကဲ့သို့ လုပ်ကွက်ငယ် တောင်သူများအတွက်လည်း အကျိုးရှိစေနိုင်မှာဖြစ်
ပါတယ်။ မြန်မာနိုင်ငံမှာ သစ်တောပင်များနဲ့ နှစ်ရှည် စားသုံးသီးပင်များ ရောနှောစိုက်ပျိုးတဲ့သီးနှံသစ်တောရောနှောစိုက်ခင်းစနစ်ကို သစ်တောဦးစီးဌာနရဲ့ သစ်တောမြေများမှာ လုပ်ကိုင်ခွင့် ပေးနေကြောင်း သိရပါတယ်။ သီးနှံသစ်တော ရောနှောစိုက်ခင်းစနစ်များ အမျိုးမျိုး ရှိကြပါတယ်။ နှစ်ရှည်ပင်များကို အတန်းလိုက် စိုက်ပျိုးပြီးနောက်၊ နှစ်ရှည်ပင်တန်းကြားတွင် ရာသီသီးနှံများကိုစိုက်ပျိုးတဲ့စနစ်ကို “တန်းကြား စိုက်စနစ်” လို့ ခေါ်နိုင်ပါတယ်။ အပင်ကြီးများကြားတွင် ဒေသအလိုက် အသုံးပြုကြတဲ့ နှစ်ချင်းသီးနှံများကို စိုက်ပျိုးကြပါတယ်။ အထူးသဖြင့် ယာသီးနှံများ ဖြစ်ကြတဲ့ ပြောင်း၊ ဂျုံ စတဲ့ နှံစားသီးနှံများ၊ ပဲအမျိုးမျိုး၊ ပီလောပီနံ၊နာနတ်စတဲ့ သီးနှံများကို စိုက်ပျိုးနိုင် သကဲ့သို့ ဟင်းသီးဟင်းရွက်များကိုလည်း စိုက်ပျိုးနိုင်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းသော အားဖြင့် ထွန်ရေးမဲ့စနစ်ကို အသုံးပြုနိုင် သကဲ့သို့ ထွန်၊ ထယ် ကိရိယာများကိုအသုံးပြု စိုက်ပျိုးမှုများလည်း ရှိကြပါတယ်။

စိုက်ပျိုးထားတဲ့ နှစ်ရှည်သစ်ပင်များမှ သစ်ရွက်များဖြင့် မြေကို ဖုံးပေးထားခြင်း၊ မိုးရေတိုက်စားမှုမှ ကာကွယ်ပေးထားခြင်းတို့ကြောင့် ထွန်ယက်ရန် မလိုဘဲ၊ ရာသီသီးနှံများကို ကြားတွင် လွယ်ကူစွာ စိုက်ပျိုးနိုင်တယ်လို့ ပြောပါတယ်။ နှစ်ရှည်ပင်များအဖြစ် ကြီးထွားမှုမြန်ပြီး မြစ်ဖုဘက်တီးရီးယားများ တွဲဖက်ရှိနေနိုင်တဲ့ လေထဲမှ နိုက်တြိုဂျင်ဓာတ်ကို ဖမ်းယူပေးနိုင်ကြတဲ့ ပဲမျိုးရင်းဝင် အပင်များ၊ ဥပမာ ညံပင်၊ ဘောစကိုင်းပင်၊ မြေနိမ့်ချယ်ရီလို့ ခေါ်တဲ့ အပင်များကို စိုက်ပျိုးပေးနိုင် သကဲ့သို့ ဘက်စုံအသုံးပြုနိုင်
မယ့် ဒန့်သလွန်ပင်များကိုလည်း စိုက်ပျိုးနိုင်ပါတယ်။ ပဲမျိုးရင်းဝင် အပင်ကြီးများမှ ကြားထဲမှာ စိုက်ပျိုးတဲ့ သီးနှံများအတွက်လိုအပ်တဲ့ နိုက်တြိုဂျင်ဓာတ်ကို ပေးနိုင်တဲ့အပြင် ထိုက်သင့်တဲ့ အရိပ်ကိုလည်း ရစေနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီအပင်များကို နှစ်စဉ်အကိုင်းချိုင်ပေးကာ သစ်စိမ်းမြေဩဇာ ပြုလုပ်ပေးနိုင်တဲ့ အတွက် ကြားမှာ စိုက်ပျိုးထားတဲ့ သီးနှံများအတွက် အနှောင့်အယှက်ဖြစ်စေနိုင်မယ့် အရိပ်ကျရောက်မှုကိုလည်း ထိန်းချုပ်နိုင်မှာ ဖြစ်သကဲ့သို့၊ သစ်ရွက်များဖြင့် မြေဖုံးပေးမှုကိုလည်း ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။ အော်ဂဲနစ် စနစ်နဲ့ စိုက်ပျိုးမယ့် သီးနှံများမှာ သီးနှံသစ်တော ရောနှော စိုက်ခင်းစနစ်ကို အသုံးပြု စိုက်ပျိုးသင့်ပါတယ်။ နှစ်ရှည်အပင်ကြီး မျိုးများတွင် ဒေသနဲ့ကိုက်ညီတဲ့ သစ်သီးပင်များကိုလည်း ရွေးချယ်တွဲဖက် စိုက်ပျိုးနိုင်ပါတယ်။ အပင်ကြီးမျိုးများကို ရွေးချယ်ရာတွင် အဓိက သတိထားရန်မှာ အမြစ်မြေအောက်နက်စွာ ထိုးဆင်းကြီးထွားတဲ့ အပင်မျိုးများကိုရွေးချယ်စိုက်ပျိုးရန်ဖြစ်ပါတယ်။

သို့မှသာ ကြားမှာ စိုက်ပျိုးမယ့် သီးနှံပင်များရဲ့ အမြစ်ကြီးထွားမှုနဲ့ မရောယှက်စေနိုင်မှာ ဖြစ်ပါတယ်။ မြေပေါ်ပိုင်းမှာသာ အမြစ်အဖွဲ့အစည်းရှိကြတဲ့ ရာသီသီးနှံမျိုးများကို ရွေးချယ်စိုက်ခြင်းဖြင့်လည်း ပိုမိုအဆင်ပြေစေနိုင်ပါတယ်။ နှစ်ရှည်ပင်အမြစ်များမှမြေအောက်မှာရှိတဲ့ အစာအာဟာရများကို စုပ်ယူပြီး မြေပေါ်ပိုင်းမှာ စိုက်ပျိုးထားတဲ့ သီးနှံပင်များအတွက် ပေးပို့ရရှိစေနိုင်ပါတယ်။ ဒီစနစ်ကို တောင်စောင်းမြေများမှာ ကွန်တိုအလိုက် နှစ်ရှည်ပင်များကို စိုက်ပျိုးပြီး ကြားမှာ ရာသီသီးနှံများကို စိုက်ပျိုးခြင်းဖြင့် မြေ၊ ရေ တိုက်စားမှုကို ကာကွယ်ပေး နိုင်ပါတယ်။ ရာသီသီးနှံများတွင် နွယ်ပင်မျိုးများကိုပါ ရောနှောစိုက်ပျိုးနိုင်ပြီး၊ဘေးမှာစိုက်ပျိုးထားတဲ့ နှစ်ရှည်ပင်များကိုနွယ်တက်စေခြင်းဖြင့်စင်များ၊ တန်းများအတွက်အသားများ၊ အကိုင်းများကိုသီးခြားသုံးရန် မလိုတော့ပါ။ သီးနှံမျိုးစုံရောနှော စိုက်ပျိုးထားခြင်းဖြင့် ပိုးကျရောက်မှုကို သက်သာစေနိုင်ပါတယ်။ မိတ်ဆွေပိုးများနဲ့ငှက်မျိုးများလည်း များပြားလာစေတဲ့ အတွက် ဇီဝမျိုးကွဲများစွာ ရှိနေစေပါတယ်။ လုပ်သားများ အနေနဲ့လည်း အရိပ်ရတဲ့အပင်များကြားမှာ သီးနှံများကို စိုက်ပျိုးပြုစုရတဲ့ အတွက် အပူဒဏ်သက်သာစေပြီး၊ လုပ်ကိုင်ရပိုမိုအဆင်ပြေစေနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ သီးနှံသစ်တော ရောနှောစိုက်ခင်းများကို မိုးနည်းရေရှား ရပ်ဝန်းများဖြစ်ကြတဲ့ အညာဒေသများမှာ တွေ့နိုင်ပါတယ်။ ထန်းပင်များကို ကန်သင်းများပေါ်မှာ အတန်းလိုက် စိုက်ပျိုးထားသကဲ့သို့ ယာခင်းအတွင်းမှာလည်း စိုက်ပျိုးပြီး ယာသီးနှံများကို ကြားမှာ စိုက်ပျိုးနေကြပါတယ်။ ဒါကိုလည်း သီးနှံသစ်တော ရောနှောစိုက်ခင်းအဖြစ် သတ်မှတ်နိုင်မယ် ထင်ပါတယ်။ အထူးသဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် ယာမြေများမှာ နှစ်ရှည်ပင်များကို အတန်းလိုက်စိုက်ပျိုးထားပြီးကြားမှာ နှစ်ချင်းသီးနှံများကို စိုက်ပျိုးကြတာ ဖြစ်ပါတယ်။ နှစ်ရှည်ပင်များအဖြစ် လျှော်ဖြူပင်များကို အဓိကထားစိုက်ပျိုးနေကြသကဲ့သို့ သနပ်ခါးပင်များကိုလည်း ကျယ်ပြန့်စွာ စိုက်ပျိုးနေကြကြောင်း တွေ့ရပါတယ်။ လျှော်ဖြူပင်နဲ့ သနပ်ခါးပင်များဟာဈေးကောင်းရနိုင်တဲ့ အပင်များ ဖြစ်ကြပါတယ်။ ကြားသီးနှံအဖြစ် ယာသီးနှံများကို စိုက်ပျိုးနေကြသကဲ့သို့ ဈေးကောင်းရနိုင်တဲ့ဟင်းသီးဟင်းရွက်များကိုလည်း စိုက်ပျိုးကြပါတယ်။ ယခုအခါ ယာမြေများမှာ နှစ်ရှည်ပင်အဖြစ် ငှက်ပျောကို စိုက်ပျိုးပြီး ကြားမှာ နှစ်ချင်းသီးနှံများကို စိုက်ပျိုးမှုများကိုလည်း တွေ့ရပါတယ်။ သို့သော် မြေဩဇာအဖြစ်ပြန်လည်အသုံးပြုနိုင်တဲ့ နှစ်ရှည်ပင်များနဲ့ တွဲဖက်စိုက်ပျိုးမှုမှာမူ နည်းပါးနေပါသေးတယ်။

ကြီးထွား ဖွံ့ဖြိုးမှုမတူတဲ့ နှစ်ရှည်ပင်များကို ရောနှောစိုက်ပျိုးပေးမှုများကိုလည်း ကျင့်သုံးလာခဲ့ကြတာကို တွေ့ရပါတယ်။အထူးသဖြင့် ကော်ဖီ စိုက်ပျိုးထုတ်လုပ်ရာတွင် အရိပ်ပင်များအဖြစ် အပင်မြင့်မားပြီး အရိပ်သင့်တင့်စွာ ပေးနိုင်တဲ့ နှစ်ရှည်ပင်များကို စိုက်ပျိုးကာ အောက်မှာ ကော်ဖီပင်များကို စိုက်ပျိုးကြတာ ဖြစ်ပါတယ်။ နှစ်ရှည်သစ်သီးပင်များကြားတွင် နာနတ်ကဲ့သို့သော အပင်ငယ်များ၊ ကိုကိုးကဲ့သို့သော နှစ်စဉ်အကိုင်းဖြတ် ပြုပြင်ပေးကာ အပင်ပုံသွင်းပေးနိုင်တဲ့ အပင်များကိုလည်းတွဲဖက် စိုက်ပျိုးနိုင်ကြပါတယ်။ အပင်ကြီးများမှာ ငရုတ်ကောင်းပင်များကို တွယ်ကပ်စိုက်ပျိုးမှုဟာလည်း သီးနှံသစ်တောရောနှော စိုက်ပျိုးတဲ့ နည်းစနစ်တစ်ခုလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ ယခုအခါ ကော်ဖီစိုက်ပျိုးတဲ့ နိုင်ငံများမှာ အသုံးပြုလာတာကတော့ မက်ကာ ဒေးမီးယားပင်များကို ကော်ဖီအရိပ်ပင်အဖြစ် အသုံးပြုစိုက်ပျိုးလာခြင်းဖြစ်ပါတယ်။ အပင်မျိုးနှစ်မျိုးလုံးမှ ဝင်ငွေရရှိစေနိုင်တဲ့အတွက် စိုက်ပျိုးသူများ ဝင်ငွေပိုမို ရရှိစေနိုင်ပါတယ်။

မိုးခေါင်ရေရှား ဒေသများမှာ မြေနိမ့်ချယ်ရီကဲ့သို့ အပင်များကို ယာကန်သင်းများပေါ်တွင် အတန်းလိုက် စိုက်ပျိုးထားပြီး ကြားမှာ ယာသီးနှံများကို စိုက်ပျိုးပေးခြင်း၊ သရက်ပင်၊ ဆီးသီးပင်ကဲ့သို့ သစ်သီးပင်များကို အတန်းလိုက် စိုက်ပျိုးထားကာ ကြားမှာယာသီးနှံများ၊ ဟင်းသီးဟင်းရွက် များကို စိုက်ပျိုးခြင်းဖြင့် ဝင်ငွေပိုမိုရရှိစေနိုင်မှာ ဖြစ်ပါတယ်။ ယာသီးနှံ နှစ်မျိုး၊ သုံးမျိုးကို သီးရော စိုက်ပျိုးပေးခြင်းဖြင့် လည်း ရာသီဥတုဖောက်ပြန်မှုကြောင့် သီးနှံတစ်မျိုး ထိခိုက်ဆုံးရှုံးသွားသည့် တိုင်ကျန်သီးနှံများမှဝင်ငွေရရှိစေနိုင်မှာ ဖြစ်တဲ့အတွက် မိုးခေါင်ရေရှားဒေသများမှာ သီးနှံသစ်တော ရောနှောစိုက်ပျိုးတဲ့စနစ်ကို ကျယ်ပြန့်စွာအသုံးပြုသင့်ပါတယ်။

- ဒေါက်တာ စိန်လှဗိုလ်

မြန်မာတောင်သူကြီးများ ဂျာနယ်

အတွဲ(၁၈) အမှတ်(၂၆၈)၊ စက်တင်ဘာ ၁၈ - ၂၄၊ ၂၀၁၇ ခုနှစ်     


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်