သရက် ပြုပြင်ထုတ်လုပ်နည်းများ

09/01/2018 16:29 PM တွင် ဒေါ်သက်သက်နွယ် ဒေါ်သက်သက်နွယ် မှ ရေးသား

             သရက်သီးသည် မြန်မာ့နိုင်ငံတွင် ရှေးပဝေသဏီမှပင် ရှိခဲ့သောသီးနှံဖြစ်သည်။ မြန်မာစကားတွင် ‘အသီးမှာသရက်၊ အသားမှာဝက်၊ အရွက်မှာလဖက်’ ဟု ဆိုရိုးရှိသည်။ အသီးအားလုံးတွင် သရက်သီးသည် စား၍ အကောင်းဆုံးဟု ဆိုလိုသည်။ သရက်သီးကို မည်မျှပင် စားစေကာမူ မုန်းသွားသည်ဟူ၍ မရှိပါ။ လူငယ်စကားဖြင့်ပြောရလျှင်  အမုန်းဆွဲ လည်း  မမုန်းပါ။ သရက်သီး၏ ချိုချဉ်အရသာကြောင့်ပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် မှတ်တမ်းများအရ သရက်သီး အမျိုးအမည်ပေါင်း (၁၉၀) ကျော် ရှိကြောင်း သိရပါသည်။ မျိုးအားလုံး သူ့နေရာနှင့်သူ အသုံးတည့်သည်။ ဥပမာ သရက်ချဉ်သိပ်လျှင် ကောင်းသောမျိုး၊ သရက်သီး ဆီစိမ်လုပ်လျှင် ကောင်းသောမျိုး၊ အစိမ်းစား၍ ကောင်းသောမျိုး၊ အမှည့်စား၍ ကောင်းသောမျိုး၊ သရက်မျိုးပွားရာတွင် အောက်ခံပင်အဖြစ် အသုံးပြု၍ ကောင်းသောမျိုး၊ စောပေါ်သောမျိုး၊ နောက်ကျမှ ပေါ်သောမျိုး စသဖြင့် အသုံးဝင်ကြပါသည်။ စိန်တလုံး၊ ရွှေဟင်္သာ၊  ရင်ကွဲ၊ မြကျောက်၊ သံကွန်ချာ၊ မစောရင်၊ ပတ္တမြားငမောက်၊  မသီ၊ နို့ဆီ၊ သကြား၊ ဗြုတ်သီး စသည်တို့သည် အမှည့်စား၍ကောင်းသော နံမည်ကြီးမျိုးများ ဖြစ် ပါသည်။  စိမ်းစားသီး၊ မချစ်စု၊ ဝါဆိုသီး၊ စိုင်သီး စသည်တို့မှာ အစိမ်းစား၍ ကောင်းသော မျိုးများ ဖြစ်ကြသည်။

    မြန်မာပြည် မှ ထွက်သည့် သရက်သီးများအနက် မန္တလေးတိုင်းမှ ထွက်သော စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ မျိုးတို့ကို လွန်ခဲ့သော(၂၇)နှစ် (၁၉၈၉) ခုနှစ် မှစ၍ တရုတ်ပြည်သို့ နယ်စပ်ကုန်သွယ်ရေးအဖြစ် တွင်ကျယ်စွာ ရောင်းချခဲ့သည်။ ထိုသို့ ရောင်းချ လာကြသော်လည်း ဈေးနှုန်းများမှာ ကိုယ်ကြိုက်ဈေး မရရှိဘဲ တရုတ်လက်ဝယ်သာ ရှိနေသေးကြောင်း သိရှိရပါသည်။ သို့ဖြစ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊  စိုက်ပျိုးရေးဦးစီးဌာန မှ ထုံးဘို ဥယျာဉ်ခြံတွင် ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့အစည်း (KIOCA) နှင့် ပူးပေါင်း၍ ရိတ်သိမ်းချိန်လွန် နည်းပညာ သင်တန်းကျောင်းကို ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်နေ့က စတင် ဖွင့်လှစ် ပေးခဲ့ပြီး တောင်သူများ၊ စိုက်ပျိုးထုတ်လုပ်သူများနှင့် ဝန်ထမ်းများကို ရိတ်သိမ်းချိန်လွန် နည်းပညာ များ သင်တန်း ပို့ချပေးလျှက်ရှိပါသည်။ ထိုသို့သင်တန်းများ ပို့ချပေးပြီးချိန်မှ စတင်၍ တောင်သူများ လိုက်နာကျင့်သုံးမှုများကြောင့် ရင့်မှည့်ချိန် မှန်မှန်ကန်ကန် ခူးဆွတ်ခြင်း၊ စနစ်တကျခူးဆွတ်ခြင်း၊ စနစ်တကျရွေးချယ်၍ အလုံးအရွယ်အစား ညီညီ ထည့်ခြင်း၊ စနစ်တကျ ထုတ်ပိုးစနစ်များ အသုံးပြုခြင်း တို့ကြောင့် ၂၀၁၇ ခုနှစ်တွင် တရုတ်နိုင်ငံသာမက စင်္ကာပူနိုင်ငံနှင့် အခြားနိုင်ငံများသို့လည်း တင်ပို့ရောင်းချ နိုင်ခဲ့ သော ကြောင့် သရက်တောင်သူများ ဝင်ငွေ တိုးတက်လာကြောင်း သိရှိရပါသည်။ ယခုအခါ မြန်မာ့သရက်ကို အနောက် နိုင်ငံများကလည်း အလိုရှိလာသောကြောင့် တင်ပို့  ရောင်းချ နိုင်ရန်အတွက် လည်းကောင်း၊ ပြည်တွင်းစားသုံးသူများ အန္တရာယ်ကင်းစွာ စားသုံးနိုင်ရန် အတွက်  လည်းကောင်း ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ GAP စနစ်ဖြင့် စနစ်တကျ စိုက်ပျိုးစေလျှက် GAP အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးလျှက်ရှိပါသည်။

    သရက်သီးပို့ကုန် တနှစ်ထက်တနှစ် တိုးတက်ပို့ခဲ့သလို သရက် စိုက်ဧက များလည်း တိုးတက်ခဲ့သည်။ ရှမ်းပြည် တောင်ပိုင်းတွင် သရက်စိုက်ဧက အများအပြား တိုးတက် လာခြင်း၊ နေပြည်တော်တွင် စိုက်ဧက အများအပြား တိုးတက်လာခြင်းတို့မှာ  သာဓက ဖြစ်သည်။ သရက်သီးစိုက်ဧက တိုးတက်လာသလို အရည်အသွေးကောင်း သရက်သီးများ ထုတ်လုပ်နိုင်ရန်လည်း ကြိုးစားဆောင် ရွက်ခဲ့ကြသည်။ ထိုသို့ တိုးတက်လာသည်နှင့်အမျှ အသီး ထွက်နှုန်းများလည်း တိုးတက်လာခဲ့သည်။

သို့သော်လည်း သရက်ထွက်ချိန် ရာသီသည် မြန်မာနိုင်ငံတွင် မိုးဦးလေဦး ကျချိန် ဖြစ်ခြင်း၊  ရာသီဥတုဖောက်ပြန်ခြင်း၊ လေကြီးမိုးကြီးကျခြင်း၊ မိုးသီးများကျခြင်း တို့ကြောင့် သရက်တောင်သူများမှာ တခါတလေ မှန်းချက်နှင့် နှမ်းထွက် မကိုက် ဖြစ်ရတတ်ပါသည်။ ထိုသို့ဖြစ်ရပါက တောင်သူများကိုယ်ပိုင် တပိုင်တနိုင် စီပွားရေးလုပ်ငန်းများ ဆောင်ရွက်၍ သရက် အထွက်ဆုံးရှုံးခြင်းများ ကာမိစေရန် သရက် ပြုပြင်ထုတ်လုပ်နည်းများကို ရေးသား ဖော်ပြ လိုက်ရပါသည်။

 

သရက်ပြင်ပြုလုပ်နည်း

လိုအပ်သောပစ္စည်းများ

သရက်သီးအမှည့်

သကြား               -  သရက်သီးအမှည့် အနှစ် အလေးချိန်၏ ၁၀ - ၁၅ %

လိမ္မော်ရည်           -  သရက်နှစ်  ၆၀ ကျပ်သား လျှင်  ဇွန်းကြီး (၂) ဇွန်း

တာရှည်ခံဆေး (ပိုတက်ဆီယမ်မက်တာဘိုင်ဆာလဖိုက်) - သရက်သီးအနှစ် (၆၀) ကျပ်သား လျှင်  ၂  ဂရမ်  

making mango jam
Caption

ပြုလုပ်ပုံအဆင့်ဆင့်

-    သရက်သီးမှည့်များကို ရေဖြင့် စင်ကြယ်အောင် ဆေးပါ။

-    အခွံနွှာပြီး အတုန်းတုန်းပါ။

-    ဆန်ခါဖြင့် အနှစ်တိုက်ထားပါ။

-    သကြား၊  လိမ္မော်ရည်၊  တာရှည်ခံဆေး တို့ကို အချိုးတွက်၍  ရောမွှေပါ။

-    မီးအေးအေးဖြင့်  မွှေ၍  ၊  ၇၀ - ၈၀ ဒီဂရီ စင်တီဂရိတ်တွင်  ၂ မိနစ်ခန့်  မွှေပါ။

-    ဆီသုတ်ထားသော ဗန်းတွင် ခပ်ပါးပါး လောင်းထည့်ပြီး နေလှမ်းပါ။ ၃ ပေ ပတ်လည် ဗန်းတစ်ချပ် လျှင် သရက်သီး ၉ ပိဿာ ထည့်နိုင်သည်။ သရက်သီး ၁၂ ပိဿာ လျှင် သရက်ပြင် (၁) ပိဿာ ရမှသာ ကြာကြာ အထားခံနိုင်သည်။

 

သရက်ပေါင်းပြုလုပ်နည်း

လိုအပ်သောပစ္စည်းများ

ယွင်းပြင်း သရက်သီးများ

ရေနွေး         -  ၁လီတာ

သကြား    -  ရေ (၁)လီတာလျှင်   (၄၀-၆၀)ကျပ်သား

တာရှည်ခံဆေး (ပိုတက်ဆီယမ်မက်တာဘိုင်ဆာလဖိုက်)  -  ရေ (၁) လီတာလျှင် ၃ ဂရမ်

သံပုရာရေ    -  ရေ (၁) လီတာလျှင် ဇွန်းကြီး (၂) ဇွန်း

နွယ်ချို

ငရုတ်သီးမှုန့်

မဆလာ

 

ပြုလုပ်ပုံအဆင့်ဆင့်

-    ယွင်းပြင်း  သရက်သီးများကို ရွေးချယ် ရေဆေးပါ ။

-    အခွံနွှာ၍ လက်မဝက်ခန့်အထူ အကွင်းလိုက် လှီးပါ။ အထက်ပါ အချိုးအစားအတိုင်း ရောစပ်ထားသော  သကြားရေထဲတွင် ၁၈ နာရီ စိမ်ပါ။

-    ဆယ်ယူပြီး နေလှမ်းပါ။  (အခြောက်မလွန်စေရန် ဂရုစိုက်ပါ။)

-    မဆလာ၊ နွယ်ချို၊ ငရုတ်သီးမှုန့် ဆတူရော၍ သရက်သီးပေါင်းတွင် လူးနယ် စားသုံးနိုင်ပါသည်။

 

သရက်ဖျော်ရည်ပြုလုပ်နည်း

လိုအပ်သောပစ္စည်းများ

သရက်သီးအမှည့် အနှစ်    -  ၆၀ ကျပ်သား

သကြား            -  ၁၅ ကျပ်သား

ရေနွေး            -  ၁   လီတာ

သံပုရာရည်            -   စားပွဲဇွန်း ၂ ဇွန်း

making-mango-jam
Caption

ပြုလုပ်ပုံအဆင့်ဆင့်

-    မှည့်သောသရက်သီးများကို  ရေဆေး၍  အခွံနွှာကာ  ဇကာတိုက်ထားပါ။

-    သကြား၊ ရေနွေး၊ သံပုရာရည်တို့ကို အချိုးအစား မှန်ကန်စွာရောစပ်ပြီး အသီးနှစ်ရည် ဖြင့်ရောစပ် မွှေပါ။

-    ပုလင်းများကို ကြိုတင်ဆေး၍ ပေါင်းထားပါ။ (ပိုးသန့်ခြင်း)

-    ဖျော်ရည်ကို ပုလင်းတွင် ထည့်ပါ။ ပုလင်းများကို အိုးကြီးတွင် ထည့်၍ အပူပေးကာ နာရီဝက် ပေါင်းပါ။

-    ထို့နောက် အအေးခံခြင်း၊ ရေဆေးခြင်း ပြုလုပ်၍ သောက်သုံးနိုင်ပါသည်။ ကြာရှည် ထားပါက ( ၁ ) နှစ် ခံပါသည်။

 

သရက်ယိုပြုလုပ်နည်း

လိုအပ်သောပစ္စည်းများ

သရက်သီးအမှည့်         -  ၁ပိဿာ

သကြား            -  ၆၀ကျပ်သား

သံပုရာရည်            -   စားပွဲဇွန်း ၄ ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်

-    မှည့်သောသရက်သီးများကို  ရေဆေး၍  အခွံနွှာကာ အတုန်းသေးသေး တုန်းထားပါ။

-    သရက်တုန်းများကို သကြား ၄၅ကျပ်သား၊ သံပုရာရည်ရော၍ မီးအေးအေးဖြင့် အပူပေးပါ။

-    အမြဲမွှေပေးပါ။  အနည်းငယ် စေးပျစ်လာလျှင် သကြား ၁၅ ကျပ်သားနှင့် သံပုရာရည် ၁ ဇွန်း ထပ်ထည့်၍ ညောင်စေးကျသည်အထိ  ကြိုပေးပါ။

-    ညောင်စေးကျလျှင် ပုလင်းထဲထည့်ပါ။

 

သရက်သီးအစိမ်းယို

လိုအပ်သောပစ္စည်းများ

သရက်စိမ်းမျှင်  (၁၀၀၀)  ဂရမ်/ (၁၀) လုံးခန့်

သကြား (၈၀၀) ဂရမ်/ (၅၀)ကျပ်သား ခန့်

ရေသန့် ၃၅၀ ဂရမ် / စတီးခွက် (၁) ခွက်

သုံပုရာရေ (သို့) ရှောက်ရည်  ၂၁ ဂရမ်/  (၁)လုံး ခန့်

ထုံး  စားပွဲဇွန်း (၂) ဇွန်းခန့်

 ပြုလုပ်ပုံအဆင့်ဆင့်

       -  ထုံးကိုရေ ၂ လီတာတွင် ထည့်ဖျော်ပြီး အရည်ကြည်စစ်ယူပါ။

       -  သရက်စိမ်းမျှင်များကို ထုံးရည်ကြည်တွင် ၂၀ မိနစ် ခန့် စိမ်ပါ။

       -  ရေသန့်ကို သကြားထည့်ကာ  သကြားရည်ကို ရေစစ်ဖြင့် စစ်ယူပါ။

       -  ပြစ်လာသည်အထိ  ကြိုပါ။ သရက်စိမ်းမျှင်များကို  ရေစင်စင်ဆေး၍ ရေစစ်  ထားပါ။

       - သကြားရည်ပြစ်ပြစ်တွင် သရက်စိမ်းမျှင်များကို ထည့်ပါ ဆားအနည်းငယ် ထည့်             ပေးပါ။ မီး မပူလွန်း မအေးလွန်း အခြေနေဖြင့် ထားပါ သရက်မျှင်များ အရောင်ကြည်လင် တောက်ပလာပါမည်။ ထိုအချိန်တွင် သံပုရာရည်ထည့်ပါ။ အစပ်စားလိုပါက ငြုတ်သီးမှုန့် အနည်းငယ်နှင့် မဆလာအနည်းငယ် ထည့်ပါ။ သရက်မျှင်များ တစ်ခုနှင့်တစ်ခု လှပစွာ ပူးကပ်လာပါက ဗန်းတွင်ဖြန့်၍ အအေးခံပါ။ အေးမှသာ လေလုံဘူး/ ပလပ်စတစ် ဘူးတွင် ထည့်သွင်း ထုတ်ပိုးပါ။

 

သရက် အစိမ်းသနပ်

 ပါဝင်ပစ္စည်းများ

သရက်သီးအစိမ်း (၅)လုံး / ၈၅၀ ဂရမ်

ဆား (၄၀) ဂရမ်/ ၂.၅ ကျပ်သား

ပဲနံ့သာစေ့ (လှော်ပြီး)  ၈ ဂရမ် / ဝ.၅ ကျပ်သားခန့်

မုန်ညှင်းစေ့ (လှော်ပြီး) ၂၀ ဂရမ် / ၁.၂၅ ကျပ်သား

သနပ်မဆလာ (၄၀)  ဂရမ်/ ၂.၅ ကျပ်သား

ငြုတ်သီးမှုန့် (၄၀) ဂရမ်/ ၂.၅ ကျပ်သား

ဆီ   ၂၅၀ ဂရမ် / ၁၅ကျပ်သားခန့်

နနွင်း အနည်းငယ်

ဂျင်း  (၄၀) ဂရမ် / ၂.၅ ကျပ်သား

ကြက်သွန်ဖြူ ၈၅ ဂရမ် / ၅ ကျပ်သားခန့်

 

   ပြုလုပ်ပုံအဆင့်ဆင့်

- သရက်သီးအစိမ်းများကို သင့်တော်သလို စိတ်ကြိုက်ပုံစံ အတုံးလေးများတုံးပါ။      ရေအေးအေးဖြင့်  (၁၅)  မိနစ် ခန့် စိမ်ပါ။

-  ထို့နောက် သရက်သီးများကို ဆယ်၍ ရေစစ်ထားပါ။  ဆားလူးနယ်၍  တစ်ညအိပ်ထားပါ။

နောက်နေ့တွင် နေလှမ်း၍ တစ်ည ပြန်စိမ်ပါ။

- ပဲနံသာစေ့၊ မုန်ညှင်းစေ့များကို သီးခြာစီ ရေဆေး၍ နေလှမ်းပါ။ လှော်ထားပါ။ မညက်တညက် ထောင်းထားပါ။

- သရက်သီးများနှင့်  ပဲနံသာစေ့၊  မုန်ညှင်းစေ့ထောင်းများကို  ရောနယ်ပါ။

- မဆလာ တဝက်နှင့် ငရုတ်သီးမှုန့် တဝက်တို့ကိုပါ ရောနယ်၍ သန့်စင်သောအိုးတွင် ထပ်၍ နှပ်ထားပါ။

- ဆီပူတွင် နနွင်းထည့်ပါ ဂျင်း၊ မဆလာနှင့် ငရုတ်သီး လက်ကျန်များကို ထည့်၍ မွှေပါ။ နှပ်ထားသော သရက်သီးများ ထည့်မွှေပါ။ သရက်သီးသနပ်ကို အအေးခံထားပါ။ အေးလျှင် ပုလင်း/ ဘူးသို့ ထည့်ပြီး ကြက်သွန်ဖြူများ ဖြူးထည့်ပါ။ ဆီလက်ကျန်များကို အကုန်ထည့်၍ ဆီမြုပ်အောင်ထားပါ ။

 

    Thet Thet Nwe

 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်