ကြံပင်ပေါက် အကောင်းဆုံးရရန် ထယ်ရေးကောင်း၍ အစိုဓာတ်ထိန်သိမ်းနည်း (အပိုင်း - ၃)

22/02/2023 13:00 PM တွင် U San Thein (Agri) U San Thein (Agri) မှ ရေးသား

ထယ်ရေးနက်ပြီးညက်ရန်နှင့်မြေတွင်းအစိုဓာတ်ကို ထိန်းသိမ်းထားနိုင်ရန်အောက်ပါအတိုင်း မြေပြုပြင်နိုင်သည်။ (နွားထယ်ရေးသုံးသော တနိုင်တပိုင်တောင်သူအတွက်)

  • (၁) စက်တင်ဘာလကုန်အောက်တိုဘာလဆန်း၌ ၆ လက်မခန့်အနက်ရအောင်နွားထယ်ရေးဖြင့် ပထမ အကြိမ်ထယ်ထိုးပါ။ ရက်အနည်းငယ်စောင့်ပါက ထယ်စာခဲထိပ်ပိုင်းခြောက်သွေ့လာကာ ထိုအချိန် ကြမ်းတုံးဖြင့် ကြေညက်အောင်ရိုက်ပါ။ 
  • (၂) ကြမ်းရိုက်ပြီး ၁၀ ရက်အကြာ မြက်ခေါင်းစိမ်းလာသည်အထိ ထယ်ရေးကိုနှပ်ထားပါ။ ဒုတိယအကြိမ် ထယ်ထိုးပါ။ ထယ်စာခဲများစိုလွန်းကဆိုင်းငံ့ပြီး ထယ်စာခဲမစိုလျှင် ရက်မဆိုင်းပဲကြမ်းဆက်ရိုက်ပါ။
  • (၃) ဒုတိယအကြိမ် ထယ်ထိုး၊ ကြမ်းရိုက်ပြီး ၇-၁၀ ရက်ခွာ၍ မြက်များစိမ်းစိမ်းနုနုပေါက်လာလျှင် နောက်ထပ်ထယ်ထိုးကြမ်းရိုက်ပါ။ မြေကြမ်းသေးလျှင်ဆက်လက်၍ ထယ်ထိုးကြမ်းရိုက်လုပ်ငန်းကို ဆောင်ရွက်ပါ။ ထယ်တစ်လွှာပြီးတစ်လွှာဝင်တိုင်းထယ်ရေးနက်လာစေပြီးအောက်ခံမြေအစိုဓာတ်ကို အပေါ်မြေလွှာနှင့်ဆက်မိစေသည်။ ကြမ်းရိုက်ခြင်းဖြင့်အစိုဓာတ်ထိန်းရာရောက်သည်။
  • (၄) စက်ထယ်ရေးပါဝင်ပါက ပထမထယ်ရေးတွင် ၁၀-သွား၊ ၁၂-သွား လင်ပန်းထယ်ကိုသုံး၍ ဒုတိယနှင့် တတိယထယ်ရေးများအတွက် ၃-သွား၊ ၅-သွား လင်ပန်းထယ်ကိုသုံးနိုင်ပေသည်။
  • (၅) ထယ်ရေးနက်နက်နှင့်ညက်ညက်ရရှိရေးရည်ရွယ်ချက်မှာ အပေါ်မြေလွှာနှင့်အောက်မြေလွှာ အစိုဓာတ် တို့ကို မြေစိုင်ဖွဲ့စည်းမှုဆန်ချဉ်ပေါက်ပြွန် (Capillary Action) ဖြင့် ကောင်းစွာဆက်စပ်မိနိုင်ရန်ဖြစ် သည်။ မြေအစိုဓာတ်ဆက်မိရန်ဖြစ်သည်။

သင့်လျော်သောစိုက်ချိန်

ကြံသည်စိုက်ပျိုးပြီးပါကအပင်ကောင်းစွာပေါက်ရောက်နိုင်ရန် လုံလောက်သောမြေတွင်းအစိုဓာတ်ကို လည်းကောင်း၊ ကြံပင်ပွားထွက်ချိန်နှင့်အပင်ကြီးထွားချိန်တို့၌ ပူအိုက်စိုစွတ်သောရာသီဥတုကိုလည်းကောင်း၊ ကြံပင်ရင့်မှည့်ချိန်အေးမြခြောက်သွေ့သောဆောင်းရာသီကိုလည်းကောင်း အလိုရှိပါသည်။

       အပင်ကြီးထွားမှုအလိုက် အထက်ပါရာသီဥတုလိုအပ်ချက်ကိုရရှိရန် ကြံစိုက်ချိန်မှာ အောက်တိုဘာလလယ် မှ နောက်အကျဆုံးမတ်လလယ်အချိန်အတွင်း ပြီးစီးအောင်စိုက်သင့်ပေသည်။

မိုးစိုက်ကြံကိုမူ ဩဂုတ်လမှစက်တင်ဘာလလယ်ထိ စိုက်နိုင်ပေသည်။ ရေသွင်းစိုက်ဒေသတွင် ဖေဖေါ်ဝါရီလဆန်းမှ ဧပြီလနှင့်မေလကုန်အထိစိုက်နိုင်သည်။ မိုးတွင်းရေဝပ်သောဒေသများ၌ကြံကို စောနိုင်သမျှ စောစောစိုက်သင့်သည်။

မျိုးနှုန်း

တစ်ဧကလျှင်မျက်လုံးဖူး (၃) ဖူးပါကြံမျိုးပိုင်းးဖြတ် တစ်သောင်းသုံးလေ့ရှိသည်။ မြေကောင်းပါက တစ်သောင်းခွဲအထိသုံးနိုင်သည်။ တုံးလုံးစိုက်နည်းအတိုင်းစိုက်ပါက ကြံမျိုးပိုင်းများကို စိုက်မြောင်းများ အတွင်း တေ့ဆက်ချ၍ဖြစ်စေ၊ အနည်းငယ်ထူလိုက ၂၅ ရာခိုင်နှုန်း နဘေထပ်ချ၍ဖြစ်စေ၊ ၎င်းထက် မျိုးပိုသုံးလိုပါက နှစ်ပါးသွားချ၍ဖြစ်စေ ကြံမျိုးနှုန်းကို ချိန်ဆသုံးနိုင်သည်။

စိုက်နည်းစနစ်ပေါ်မူတည်၍ မျိုးနှုန်းကွဲလွဲသည်။ စိုက်တန်း ၅ ပေ x ၁ ပေ (Pair Row) စိုက်ကွက်၌ မျိုးပိုင်းဖြတ် ၃၀,၀၀၀ (၇-တန်) ခန့်သုံးရမည်။ ပုံမှန်စိုက်တန်း ၃၁/၂ ပေ တွင် မျိုးပိုင်း ၂၀,၀၀၀ (၅ တန်) အများဆုံးသုံး၍လည်းစိုက်ကြပါသည်။ မြန်မာ့ကြံလုပ်ငန်းလက်ထက်က အထွက်တိုးရေးစံပြကွက်အတွက် စက်ဝိုင်းပုံစည်ပိုင်းထိပ်ဝ တစ်ဝိုင်းစာခန့်စိုက်ကျင်းနက်နက်တူး၍ ကြံမျိုးပိုင်းများ ၃၀ ကျော်ချ၍ စိုက်ပျိုး စမ်းသပ်ကြဖူးသည်။ သွင်းအားစုကြီးမြင့်၍ အထွက်လည်းကောင်းပါသည်။ (High input, High output နည်းလမ်းဖြစ်သည်)

မျိုးရွေးချယ်ပြုပြင်ခြင်း

ကြံမျိုးဆစ်များအဖြစ် ရောဂါကင်းစင်သည့်ကြံပင်များ၏အပေါ်ပိုင်းသုံးပုံတစ်ပုံမှ အောင်မြင်သည့် မျက်လုံးဖူးများကိုသာရွေးချယ်ပါ။

ကြံမျိုးပိုင်းဖြတ်လျှင် မျက်လုံးဖူး (၃) ဖူးထိပါအောင်ဖြတ်ပါ။ စိုက်ခါနီး ကြံမျိုးဆစ်များအပေါ်တွင် ဖုံးအုပ်နေသော ရွက်ဖတ်များကိုကုန်စင်အောင်ခွာပေးပါ။ မျိုးဆစ်ပုတ်ရောဂါနှင့် ကြံအူနီရောဂါ ကင်းစင်စေ ရန် ကြံမျိုးပိုင်းများကို ဗျူနိုမိုင်းမှိုသတ်ဆေးရည်စိမ်ပြီးမှစိုက်ပါ။ (တီးလက်စ်ဆေးရည်မှာ ပြဒါးပါသော ဆေးရည်ဖြစ်၍ ပိတ်ပင်တားမြစ်ခံရပြီးဖြစ်သည်)။ ဗျူနိုမိုင်းကိုသတ်မှတ်ထားသော အချိုးအစားအတိုင်း ရေနှင့်ရော၍သမအောင်မွှေထားသောဆေးရည်တွင် ကြံမျိုးဆစ်များကို (၂ မိနစ်ခန့်) စိမ်ပြီးမှ ဆယ်ယူစိုက် ရပေမည်။ ဆေးရည်စိမ်ခြင်းဖြင့် အမြစ်ထွက်လွယ်ခြင်း၊ မျက်လုံးဖူးများနိုးကြားလွယ်ခြင်းနှင့် ရောဂါပိုးမွှား ဝင်ရောက်မှုကိုကာကွယ်နိုင်ခြင်းစသော အကျိုးကျေးဇူးများရနိုင်သည်။ ကိုင်တွယ်သုံးစွဲရာ၌မူ လက်အိတ်ဖြင့် ဂရုစိုက်ဆောင်ရွက်ရမည်။ ထုံးရည်ကြည်၊ တင်လဲရည်၊ အီးအမ်ဖျော်ရည်များကိုသဘာဝနည်းအရ သုံးနိုင်ပါသည်။ တင်လဲရည်သည် အကောင်းဆုံးဖြစ်သည်။ သို့ရာတွင် ပုရွက်ဆိတ်၊ ခြ ကာကွယ်ရေးနှင့် တွဲ၍ သုံးသင့်သည်။

မြေအောင်းအင်းဆက်ပိုးများအတွက် ကာဘိုဖြူရင်(ဂျီ) သို့မဟုတ် ဒိုင်ယာဇီနွန်(ဂျီ)ကို စိုက်ချိန်တွင် မြေထဲသို့ ထည့်ပေးနိုင်သည်။

ကြံစိုက်ဘောင်အကွာအဝေး

ယေဘုယျအတန်းအကွာအဝေးမှာ မြေညံ့လျှင် ၃ ပေနှင့် မြေကောင်းလျှင် ၄ ပေ ထားလေ့ရှိသည်။ ထိုထက်ပို၍အတန်းစိပ်စိုက်ပါက ထွက်လာသောကြံပင်ပွားများမှအသေအပျောက်များစေသည်။ စိုက်တန်း ကျဲလွန်းပါက ကြံချောင်းရေနည်းပြီးကြံချောင်းတုတ်သည်။

နွားထယ်ဖြင့်ကြံစိုက်ပါက စိုက်မြောင်းကိုထယ်နှင့်သစ်သားဂျုတ်ဖြင့်ဖော်၍ ကြံမျိုးပိုင်းဖြတ်ကို မျက်လုံးဖူးများအားဘေးတိုက်ထား၍မျိုးချရပါမည်။ ဘောင်နှုတ်ခမ်းနှင့်ကပ်လျက် ထယ်ထိုးပြီးမြေဖုံးရပါ မည်။ 

စက်နှင့်စိုက်သောဒေသများ၌ စိုက်တန်းအကွာအဝေးကို ၅ ပေအထိထားကြသည်။ Pair-row စိုက်ကွက်များ၌အတန်းအကွာအဝေးကို ၅ ပေ အကွာတွင် ၁ ပေ ကွာ ဒွိစုံကြံစိုက်တန်းဖေါ်စိုက်ခြင်းသည် စက်ဖြင့်စိုက်ပျိုးရေးအတွက်သင့်လျော်သည်။ (စက်ဖြင့်စိုက်နည်းကို သီးသန့်တင်ပြပါမည်)

ကြံစိုက်မြောင်းဆွဲရာ၌သုံးသောကိရိယာများ

ဘဲထယ်သွား

ဂျုတ်

အသွားအပြန်ထယ်ကြောင်းဆွဲခြင်းဖြင့်ပေါ်လာသည့်စိုက်မြောင်း၌ကြံစိုက်ပြီး မြေဖုံးလိုကထယ်ဖြင့်ပင် ဖုံးသည်။ ထယ်ကြောင်းထဲ၌သပ်ပုံသဏ္ဍန်သစ်သားဂျုတ်ကို အသွားအပြန်ဆွဲပေးခြင်းဖြင့် စိုက်မြောင်းပေါ်လာသည်။ စိုက်မြောင်းနက်လာသည်။

အောက်မြေလွှာ၌ အစိုဓာတ်ကိုကြာရှည်စွာ ထိန်းသိမ်းထားနိုင်သောစိုက်ကွင်းများ၌စိုက်သင့်သည်။ (ယခင် ၁၉၇၀ ခုနှစ်မတိုင်မီ) ရမည်းသင်းခရိုင်အတွင်း ဤနည်းကိုကျင့်သုံးကြသည်။)

ထယ်နှင့်ဂျုတ်တို့အသုံးပြု၍ စိုက်မြောင်းများဆွဲပြီး ထိုစိုက်မြောင်းထဲတွင် တစ်ကျင်းနှင့်တစ်ကျင်း ၁၂ လက်မခန့်အကွာတွင် အကျယ် ၆ လက်မနှင့် အနက် ၈ လက်မခန့်ရှိသောကျင်းများကို တည့်မတ်စွာတူးပါ။ တောင်သူ၏ ဒေသန္တရသတ်မှတ်ချက်အရ စိုက်ကျင်းအကျယ်နှင့် တစ်ကျင်းနှင့်တစ်ကျင်းအကွာကို “ကျင်းတစ်ဖဝါး၊ ဖီလာတစ်ဖဝါး၊ ကြားတစ်ဖဝါး၊ ဖီလာတစ်ဖဝါး” ဟုသတ်မှတ်ပြီးစိုက်ကျင်းကို ကြံစိုက်တူရွင်းကြီးနှင့်တူးလေ့ရှိသည်။

ကျင်းများတူးပြီးတစ်ဆက်တည်းနောက်မှလိုက်၍ ကျင်းနှုတ်ခမ်းတစ်ဖက်တစ်ချက်၌ကပ်ပြီး မျက်လုံဖူးနှစ်ခုစီပါသော ကြံမျိုးဆစ်နှစ်ဆစ်ကိုထောင်၍စိုက်ပါ။ လိုအပ်သောဓာတ်မြေဩဇာကိုလည်း တပါတည်း ထည့်ပေးနိုင်သည်။ ကြံမျိုးဆစ်အောက်ခြေသည် မြေသားနှင့်မထိပါက အစိုဓာတ်ထောက်မမှီသဖြင့် ကြံပင်မပေါက်နိုင်ပေ။ ကြံမျိုးဆစ်ကိုကျင်းအောက်ခြေမြေသားနှင့် ကောင်းစွာထိစပ်နေစေရန် မျိုးပိုင်းဖြတ် ထိပ်ကိုကြံစိုက်တူရွင်းသေးအနှောင့်ဖြင့် ဆ၍ရိုက်ပေးရသည်။ မြေဖို့ပြီးကြံမျိုးပိုင်းဖြတ် အရင်းရှိမြေကို သိပ်သည်းအောင်ခပ်ဆပ်ဆပ်ဆောင့်ပေးရသည်။ ကျင်းစိုက်နည်းသည် အောက်အစိုဓာတ်နှင့်ဆက်မိစေ သည်။ တစ်ကျင်းစီကိုပြုစုနိုင်သည်။ အပင်ယိုင်လဲမှုသက်သာသည်။ စရိတ်ပိုကြီးသည်။

ပင်သေပင်ပျောက်များဖာခြင်း

စိုက်ပြီးအပင်ပေါက်မလာပဲ ဟာနေသောနေရာလပ်များကို စောနိုင်သ၍စောစောဖာရန်လိုသည်။ ကြံခင်းတစ်ခုတွင် ၁၀% အပင်ပျောက်ဆုံးမှုရှိနေပါက တစ်ဧကလျှင်ကြံတန် (၇) တန်အထွက် လျော့နည်း နိုင်ပါသည်။ ၎င်းအခင်းကိုလမိုင်းဆက်ထားပါက အထွက်နှုန်းပို၍ဆုံးရှုံးနိုင်သည်။

ထို့ကြောင့်စိုက်ပြီးတစ်လထက်နောက်မကျစေပဲ အပင်ဖာသင့်သည်။ နေရာလပ်များတွင်စိုက်ကျင်းတူး ရေလောင်း၍ အပင်ငယ်ပေါက်ကာစမျိုးပိုင်းကိုချစိုက်နိုင်သည်။ စိုက်ပြီးမကြာခဏရေလောင်းပေးရန်လို သည်။

အပင်ပျောက်ဖာရန် စိုက်ခင်းကြီးသို့ရွှေမစိုက်မှီ တစ်လကြိုတင်၍ မျိုးပိုင်းဖြတ်များကိုပျိုးခုံတွင် ခပ်စိပ်စိပ်ထောင်ပြီးပျိုးထားရပေမည်။ အပင်ဖာချိန်၌အပင်ငယ်များပေါက်ထွက်၍ အရန်သင့်ရှိနေပေမည်။ အပင်ဖာခြင်းသည်စရိတ်အကုန်အကျပိုသည်။ စိုက်တန်းများ၌ ၃ ပေ၊ ၄ ပေနှင့် ၅ ပေအထိ အပင်ဟာနေ သည်ကိုပြန်၍ဖာပါက  ကုန်ကျစရိတ်နှင့်ပြန်ရငွေသိပ်မကွာလှပေ။ ၇ ပေ အထိ အပင်မပေါက်ပါက ပြန် လည်ဖာ၍ စိုက်ခြင်းသည်အကျိုးထူးနိုင်ပေသည်။

လျင်မြန်စွာကြံမျိုးပွားနည်းစနစ်များ

ကြံပင်သည်အခြားသီးနှံများနှင့်မတူပဲ မျိုးလိုအပ်ချက်မှာအလေးချိန်အားဖြင့်လည်းကောင်း၊ ထုထည် အားဖြင့်လည်းကောင်းအဆမတန်ကြီးမား၍ ဒေသတစ်ခုမှတစ်ခုသို့ မျိုးသယ်ယူပို့ဆောင်ရေးစရိတ်မှာ အထူးကြီးမားခက်ခဲသည်။ သို့ဖြစ်၍ဝန်ကျဥ်းကျဥ်းဖြင့်မျိုးသယ်ပို့၍ အချိန်တိုတိုအတွင်းအဆများစွာ ပွားများစိုက်ပျိုးနိုင်သောနည်းစနစ်တို့ကို ချမှတ်ကျင့်သုံးရပေမည်။ ကြံမျိုးသစ်တစ်ခုကို ချက်ချင်းပွားများ လိုသောအခါ၌လည်း လျင်မြန်စွာပွားများပေးရန်လိုလာသည်။ မျိုးသစ်တစ်ခုရှားရှားပါးပါးရှာရလျှင်လည်း သုံးသင့်သည်။

(က) ကြံပင်ကိုသက်တမ်းတိုတိုထားစိုက်၍အမြန်ပွားခြင်း

မေလတွင်စိုက်သည့်ကြံကို အောက်တိုဘာလတွင်ခုတ်ပြီးပြန်လည်စိုက်ပါက မူလဧရိယာထက် ၅ ဆ မှ ၁၀ ဆ အထိပွားနိုင်သည်။ အောက်တိုဘာလတွင်စိုက်သောကြံကို မတ်ဧပြီတွင်ခုတ်ပြီး ပြန်လည်ပွားများ စိုက်ပျိုးလျှင် ၅ ဆ မှ ၁၀ ဆ အထိတိုး၍ရသည်။ သို့ဖြစ်၍တစ်နှစ်အတွင်း ၂၅ ဆ မှ အဆ ၁၀၀ ထိ ပွားများ နိုင်သည်။

(ခ) သားတက်ဖဲ့ပွားများခြင်း

မူလကြံပင်ကိုသဲနုန်းဆန်၍ အာဟာရဓာတ်ပြည့်စုံသောမြေတွင်စိုက်လျှက် ပင်ပွားများများထွက်နိုင် သရွေ့ပြုစုပေးရမည်။ ကြံပင်ကိုခပ်တိမ်တိမ်စိုက်၍တစ်ပင်နှင့်တစ်ပင် ခပ်ကျဲကျဲထားပေးရမည်။ ရေမပြတ် သွင်း၍ ဓာတ်မြေဩဇာမကြာခဏကျွေးပေးရမည်။ သားတက်များထွက်ပြီးသားတက်အောက်ခြေ၌ အဆစ် အမြစ်များထွက်လာချိန်တွင် မိခင်ပင်မကြီးမှခွဲထုတ်၍သီးသန့်စိုက်ပျိုးပေးရမည်။ အပင်သစ်မှာ စွဲမြဲပြီး အပင်ပွားများဆက်ထွက်လာချိန်တွင် သားတက်များကိုဆက်လက်ခွဲထုတ်၍ စိုက်ပျိုးပွားများနိုင်သည်။ မူလပင်အကြီးကလည်းပင်ပွားများထပ်မံထွက်ကာ သားတက်ဖဲ့၍ဆက်လက်ပွားများနိုင်သည်။ ဤနည်း သည် ပြုစုဂရုစိုက်မှုကောင်းလေလေ အောင်မြင်လေလေဖြစ်သည်။ ပင်ပွားအမြန်ထွက်မှုစွမ်းရည်မှာ ကြံမျိုးပြားအလိုက်ကွာခြားနိုင်ပေသည်။ 

(ဂ) မျက်လုံးဖူးတစ်ခုတည်းဖြင့်ပွားများနည်း

အပင်ငယ်ကိုအဆစ်လေးဆစ်အထက်ကြီးထွားစေအောင်စိုက်ပျိုးပြီး မြေပြင်ညီနေရာမှခုတ်ယူသည်။ ကြံချောင်းကိုမျက်လုံးဖူးတစ်ခုစီပါသော မျိုးပိုင်းဖြတ်ငယ်များဖြတ်၍ မျိုးပိုင်းဖြတ်တို့ကို အရည်ကြိုထား သော ဖယောင်းရည်၌ထိပ်နှစ်ဖက်နှစ်၍ ဖယောင်းလွှာအုပ်ပြီးဝေးလံသောဒေသများသို့ သယ်ယူနိုင်သည်။ စိုက်ပျိုးလိုသောဒေသ၌ ပလပ်စတစ်ပျိုးထုတ်တွင်စိုက်ပျိုးပြီး အပင်ငယ်ပေါက်လာချိန်တွင် မြေသို့ရွှေ့ စိုက်နိုင်သည်။ ပလပ်စတစ်ပျိုးအိတ်အစားပျိုးခုံပေါ်တွင် အောက်ပါအတိုင်းကြံမျိုးဆစ်ကိုပျိုးထောင်ကာ ရွှေ့ပြောင်းစိုက်နိုင်သည်။

(ဃ) အပင်ပေါ်မျိုးညှောင့်ပေါက်စိုက်ပျိုးပွားများခြင်း

ဤနည်းကိုဂျာဗားကျွန်းတွင် စီးပွားဖြစ်ကျယ်ပြန့်စွာကျင့်သုံးခဲ့ဖူးသည်။ ဤနည်းသည်မျက်လုံးဖူး တစ်ခုတည်းပေါ်မှစိုက်ပျိုးပွားများနည်းကို အခြေခံထားသော်လည်း အထက်ပါနည်းဖြင့်ကွာခြားပုံမှာ ကြံပင်စည်ပေါက်ရောက်ရှင်သန်နေဆဲမှာပင် ထိပ်ဖျားမျက်လုံးဖူးမှ အပင်ငယ်တစ်ခုထပ်မံထွက်စေပြီး မျိုးပြန့်ပွားယူရသည်။

ကြံပင်ထိပ်၌ ပင်ဖျားကြီးစိုးမှုသဘာဝရှိနေသဖြင့် အောက်ခြေအဆင့်ဆင့်ရှိမျက်လုံးဖူးများကို ဖိနှိပ် ထားပေရာ မျက်လုံးဖူးများငုတ်လျှိုးနေသည်။ ကြံပင် ၆ လ မှ ၈ လ သက်တမ်းရှိချိန်တွင် ကြံပင် ထိပ်ဖျားကိုဖြတ်လိုက်၍ ပင်ဖျားကြီးစိုးမှုသဘာဝကိုပျက်ပြယ်စေသည်။ ၂ ပတ်မှ ၄ ပတ်အကြာ အပါ်ပိုင်း မျက်လုံးဖူးများမှအပင်ငယ်များပေါက်ထွက်လာသည်။ အပင်သစ်ကို၎င်းပေါက်ထွက်နေရာအဆစ်နှင့်အတူ မိခင်ပင်မကြီးမှဖြတ်၍စိုက်ကွက်၌ချစိုက်နိုင်သည်။ ၎င်းစိုက်နည်းကို ဒတ်ချ်ကိုလိုနီခေတ်ကာလက ဂျာဗားကျွန်း၌ ရေယွန်ဂန် rayungan ဟုခေါ်သည်။ အပါ်ပိုင်း rayungan ကိုဖြတ်ပြီး အောက်မျက်လုံးဖူး များမှအဆင့်ဆင့်အပင်ပေါက်များပေါက်ထွက်လာကာ မျိုးအဖြစ်ဆက်လက်သုံးနိုင်သည်။

ဤနည်းသည်အပင်ပေါက်မှုရာနှုန်းပြည့်သေချာသည်။ သို့ရာတွင်‌ရေအလုံအလောက် ပေးသွင်းရန် လိုသည်။ ဓာတ်မြေဩဇာများများကျွေးပေးရပေမည်။ စရိတ်ကြီးသောနည်းဖြစ်သည်။ အထွက်နှုန်း ကောင်းမွန်သည်။ 

(င) လမိုင်းငုတ်မှသားတက်ဖဲ့စိုက်ခြင်း

ကြံခင်းသစ်ကိုခုတ်သိမ်းပြီးမြေအောက်၌ကျန်ရှိသော ကြံငုတ် (Stubble) မှမကြာမှီအပင်သစ်များ ထွက်လာသည်။ ကြံငုတ်အဆုံမှပေါက်ထွက်နေသော သားတက်တစ်ခုချင်း၏အောက်ခြေမျက်လုံးဖူးများမှ အပင်ငယ်များထပ်မံပေါက်ထွက်လာရာ ၎င်းတို့ကိုလမိုင်းသားတက်များဟုခေါ်သည်။ လမိုင်းသားတက် ငုတ်များကို မြေသားများဂရုတစိုက်ဖယ်၍ အခြေမှကပ်ပြီးဖြတ်ရမည်။ အပေါ်ပိုင်းအညွန့်အရွက်များပါက ပင်ရေငွေ့ပျံခြင်းလျော့နည်းရန်ထိပ်ပိုင်းကိုဖြတ်ပြီး မြေတွင်ချစိုက်နိုင်သည်။ မြေအစိုဓာတ်ကောင်းရန် ရေမကြာခဏလောင်းပေးရမည်။ ရှိရင်းစွဲမျိုးပြားတစ်ခုသည် မျိုးအခက်အခဲရှိပါက လမိုင်းငုတ်ကိုပင်လျှင် ပင်ပျိုဖြစ်အောင်ပြုပြင်၍မျိုးပွားနိုင်သည်။ 

 

အစေ့မှစိုက်ပျိုးခြင်း

ကြံမျိုးစေ့မှစိုက်ခြင်းသည် စီးပွားဖြစ်စိုက်ခင်း၌သုံးလေ့မရှိပေ။ ကြံမျိုးသစ်များရအောင်တစ်မျိုးနှင့် တစ်မျိုး မျိုးစပ်ပြီး အောင်မြင်လာသောမျိုးစေ့ကိုစိုက်ပျိုးရာ၌သာသုံးသည်။ အစေ့မှအပင်ပေါက်လာပုံကို အောက်ပါပုံအတိုင်းအဆင့်ဆင့်တွေ့မြင်နိုင်သည်။

 

တစ်သျှူးကိုမွေးမြူ၍ပွားများခြင်း

ဤနည်းကိုလိင်မဲ့နည်းဖြင့်မျိုးသစ်များဖန်တီးထုတ်လုပ်ရန်အတွက် ဇီဝဓာတ်ခွဲခန်း၌ဆောင်ရွက်လေ့ ရှိသည်။ အပင်၏ (၃) လသားရှိအရွက်ဝဲကတော့ (ဖူးလိပ်) အတွင်းရှိအရွက်နုများကို အစာလွှာ ( Nutrient Media) ပေါ်တွင် ဓာတ်ခွဲခန်း၌ ပွားများလေ့ရှိသည်။ ဝေးလံသောဒေသမှ ရှားပါးမျိုး ကို ထိန်းသိမ်းပွားများလိုကလည်း အကန့်အသတ်ဖြင့်သုံးနိုင်သည်။ ယခုအခါ တစ်သျှူးငှက်ပျောကဲ့သို့ ကြံမျိုးကောင်းမျိုးသစ်များကို မူလဗီဇမပျက် စီးပွားဖြစ်အမြန်ပွားများလိုပါက ဤနည်းကိုသုံးသည်။ ဤနည်းတွင်အဆင့် (၅) ဆင့်ပါဝင်သည်။

   လုပ်ငန်းစဥ်အဆင့်               ကာလ

  • ၁။ ကဲလပ်မွေးမြူခြင်း  ၂ - လ
  • ၂။ အညွန့်ထွက်ရန်မွေးမြူခြင်း          ၂ - ၃ လ
  • ၃။ အမြစ်ထွက်ရန်မွေးမြူခြင်း                  ၂ ပါတ်
  •                         ၄။ ခံနိုင်ရည်ပိုကောင်းရန်ဆောင်ရွက်ခြင်း (Hardening)  ၁.၅ လ မှ ၂ လ
  •                         ၅။ စိုက်ကွက်မြေပေါ်ချစိုက်ခြင်း (၆ လ မှ ၆.၅ လအထိ အပင်သစ်တစ်ခုရရန် ကြာမြင့်ပါသည်။ သို့ရာတွင် စမ်းသပ်ဖန်ပြွန်များဖြင့် သောင်းချီ သိန်းချီ၍ အပင်သစ်များ တပြိုင်တည်းရရန်မွေးမြူနိုင်ပါသည်။ (ပျဉ်းမနားကြံသုတေသနခြံ၏ နည်းစနစ်ကို အခြေခံတင်ပြပါသည်)

ကြံစိုက်ပျိုးရာ၌ကြုံတွေ့လေ့ရှိသော အဟန့်အတားနှင့်အခက်အခဲများ

  • ၁။ အသုံးပြုသည့်ကြံမျိုးများနှင့်မျက်လုံးဖူးများညံ့ဖျင်းမှုကြောင့် အပင်ပေါက်ညံ့ဖျင်းခြင်း။
  • ၂။ ဒေသအလိုက်ကိုက်ညီသောကြံမျိုးများကိုရွေးချယ်မှုမရှိပဲ ရရာကြံမျိုးကိုစိုက်ခြင်း။
  • ၃။ ကြံခင်းဟောင်းခုတ်ချိန်နှင့်စိုက်ချိန်တို့ချိန်ကိုက်ဖြစ်အောင်မစီစဥ်နိုင်ခြင်း။
  • ၄။ ကြံကိုစိုက်ချိန်အမှီစိုက်နိုင်အောင်အားလပ်မြေ (သို့မဟုတ်) ထယ်ရေးကွက်လပ်အဆင်သင့်မရှိခြင်း။
  • ၅။ မိမိတွင်မရှိသေးသောကြံမျိုးကောင်းမျိုးသန့်များကို အခြားနေရာမှရှာဖွေရရှိနိုင်သော်လည်း သယ်ယူပို့ဆောင်ရေးခက်ခဲခြင်း။
  • ၆။ ကြံကိုဘလော့အလိုက်စိုက်ခင်းကျယ်ကြီးတွင် တစ်ဦးတည်းဖြစ်စေ၊ အစုအဖွဲ့နှင့်ဖြစ်စေစိုက်ပျိုး ခုတ်သိမ်းခြင်းမဟုတ်ပဲ ကြံတောင်သူအများအပြားက ပြန့်ကျဲနေသောလုပ်ကွက်ငယ်များပေါ်တွင် စိုက်ပျိုး၍ ကိုတာစနစ်အရတစ်ဦးစီကနည်းနည်းချင်းခုတ်သိမ်းရသောကြောင့် ထယ်ရေးကွက်လပ်မှာ ဘလော့အလိုက်ပေါ်မလာတော့သဖြင့် စိုက်ပျိုးရာ၌စီစဥ်တကျမဖြစ်ခြင်း
  • ၇။ ကြံခုတ်ချိန်နှင့်စိုက်ချိန်တပြိုင်နက်တည်းကြုံကြိုက်သဖြင့် ငွေ၊ လုပ်အားနှင့်အချိန်အကြပ်အတည်း ဖြစ်ပေါ်ခြင်း
  • ၈။ ၂၀၁၇ ခုနှစ်နောက်ပိုင်းမှစ၍ လယ်ယာလုပ်သားအထူးရှားပါးလာသည်။ ကြံခုတ်ရာ၌ အမျိုးသမီးများ ဝင်ရောက်လုပ်ကိုင်ကြသော်လည်းခုတ်ပြီးကြံများကို ကားပေါ်ထမ်းတင်ရန်အတွက် အမျိုးသား လုပ်သားမှာ အထူးရှားပါးလာပါသည်။ တက်နိုင်သောတောင်သူ နှစ်ဦး သုံးဦးက ကြံစည်းများကို ကုတ်ယူ၍ ကားပေါ်သို့တင်ပေးနိုင်သော ကြံကုတ်တင်စက်ငယ်များကိုဝယ်ယူ၍ စတင်သုံးစွဲနေပြီ ဖြစ်သည်။ ၎င်းကို တောင်သူငယ်များသုံးစွဲနိုင်ရန် စက်ကိရိယာဝန်ဆောင်မှုပေးနိုင်သူများ လိုအပ်သည်။ 

စနစ်တကျကြံစိုက်ပျိုးပြီးစီးရေးအတွက် စီမံခန့်ခွဲမှုလုပ်ငန်းအဆင့်ဆင့်

  • ၁။ လက်ရှိကြံခင်းခုတ်သိမ်းချိန်၊ နောက်ထပ်ကြံခင်းအသစ်စိုက်သင့်သည့်အချိန်၊ အလှည့်ကျစိုက်မည့် မြေကွက်နှင့် လမိုင်းထားရမည့်အကွက်တို့ကိုအဆက်အစပ်မိမိစီမံလျာထားပြီးဖြစ်ရမည်။
  • ၂။ ကြံမစိုက်မှီစိုက်သင့်သည့်မျိုးကောင်းကို ကြိုတင်ရွေးချယ်သတ်မှတ်ထားရမည်။
  • ၃။ ရွေးချယ်ထားသောမျိုးသည်ရောဂါကင်းရမည်။
  • ၄။ ကြံမျိုးလုံလုံလောက်လောက်ရမည့်နေရာကိုကြိုတင်ရှာဖွေသတ်မှတ်ထားပြီးဖြစ်ရမည်။
  • ၅။ အရေးပေါ်လိုအပ်လာပါက အချိန်မှီမျိုးရနိုင်မည့်နေရာကိုလည်းလျာထားပြီးဖြစ်ရမည်။
  • ၆။ အသုံးပြုမည့်မျိုးသည်မျိုးယူရန်မှန်ကန်သောအပင်သက်တမ်းရှိရမည်။ တက်နိုင်ပါက မိုးစိုက်ကြံ ပျိုးခင်းကိုထောင်ထားသင့်သည်။ မေလတွင်သွင်းရေဖြင့်စိုက်၍ အောက်တိုဘာဘကုန်တွင်မျိုး အဖြစ် ထုတ်ယူနိုင်သည်။
  • ၇။ ကြံမျိုးပိုင်းဖြတ်ကိုဆေးစီရင်ပြုပြင်ရန်လိုအပ်သောပစ္စည်းအလုံအလောက်ရှိရမည်။
  • ၈။ စိုက်ပျိုးရန်ကျွမ်းကျင်သောလုပ်သားများရှိရမည်။
  • ၉။ စိုက်စရိတ်လုံလောက်စွာရှာဖွေစုဆောင်းထားပြီးဖြစ်ရမည်။
  • စိုက်ချိန်၌သုံးသင့်သုံးထိုက်သည့်ငွေကိုအပြည့်အဝသုံးရမည်။
  • စိုက်ချိန်၌လိုအပ်ချက်ကိုပြည့်စုံအောင်စိုက်ထုတ်သုံးစွဲခြင်းဖြင့်အပင်ပေါက်ကောင်းလာစေပြီးငွေကုန်ရကျိုးနပ်ပါမည်။
  • ၁၀။ ကြံမျိုးပိုင်းဖြတ်များမြေတွင်ချစိုက်ပြီး (၂) နာရီထက်မကြာစေပဲ မြေဖုံးပြီးဖြစ်အောင် စီမံဆောင်ရွက်ရမည်။

ကျမ်းကိုးစာရင်း

1. Clements, H.F. 1980. Sugarcane Crop Logging and Crop Control. Principles and Practices. The University Press of Hawaii, Honolulu.

2. Van Dillewijn, C. 1952. Botany of Sugarcane. The Chronica Botanica Co., Book Dept. Waltham, Mass., U S A.

3. Humbert, R.P.1968. The Growing of Sugarcane. Elsevier Publishing Co. New York.

4. Lakshmikantham, M. 1983. Technology in Sugarcane Growing. Oxford and IBH Publishing Co., NewDelhi.

5. လယ်ယာစိုက်ပျိုးရေးဌာနခွဲ၊ ၁၉၉၆၊ ကြံ၊ ပညာပေးနှင့်ပြန်ကြားရေးဌာနစိတ်၊ လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောရေးဌာန၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်