၂၀၂၄ အပူချိန်အောက် ၁ ဒီဂရီလျော့နိုင်တဲ့ ၂၀၂၅ နွေရာသီ

17/03/2025 13:25 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း ဖြစ်လာနိုင်တဲ့ အပူချိန်ကြိုတင်ခန့်မှန်းချက်တွေကို Meteoblue ရဲ့ SA-ENSEMBLE, SA-ECMWF နဲ့ SA-NCEP model ၃ ခုရဲ့ ခန့်မှန်းချက်များမှတဆင့် လေ့လာတဲ့အခါ -

🌡 ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ ဧပြီလရဲ့ ပျမ်းမျှဖြစ်မြဲအပူချိန်အထက် ၀.၅°C မှ ၁°C အထိ ပိုမိုပူပြင်းနိုင်ကြောင်း၊ ဒီအပူချိန်ဟာ အယ်လ်နီညိုနှစ်ဖြစ်ခဲ့သော ၂၀၂၄ ခုနှစ်အပူချိန်အောက် ၁°C ခန့် လျော့နည်းနိုင်ကြောင်း တွေ့ရပါတယ်။

🌡 နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတွေမှာတော့ ဧပြီလရဲ့ ပျမ်းမျှဖြစ်မြဲအပူချိန်များအထက် ၀.၂°C မှ ၀.၅°C အထိ ပိုမိုပူပြင်းနိုင်ကြောင်းတွေ့ရတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ အယ်လ်နီညိုနှစ်အပူချိန်များထက် ၁.၅°C ခန့်လျော့နည်းနိုင်ကြောင်း ခန့်မှန်းရပါတယ်။

🌡 SA-ENSEMBLE နဲ့ SA-ECMWF model တွေရဲ့ ခန့်မှန်းချက်က မတိမ်းမယိမ်း(အတူတူ)သာရှိနေပြီး SA-NCEP model ခန့်မှန်းချက်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းတွေမှာ ဧပြီလရဲ့ ပျမ်းမျှဖြစ်မြဲအပူချိန်အထက် ၁°C မှ ၁.၅°C အထိအပူချိန်ပိုမိုနိုင်ကြောင်းတွေ့ရပါတယ်။ NCEP ခန့်မှန်းချက်အရလည်း ၂၀၂၄ ခုနှစ်(အယ်လ်နီညိုဖြစ်ခဲ့သောနှစ်)အပူချိန်များထက် ပူပြင်းမှုလျော့နည်းနိုင်မယ်ဆိုတာတွေ့ရပါတယ်။

🔸 နွေရာသီကာလအတွင်းကို တဖြည်းဖြည်းဝင်ရောက်လာနေတာဖြစ်တာကြောင့် နေ့အပူချိန်များတဖြည်းဖြည်း မြင့်တက်လာတယ်ဆိုသော်လည်း အယ်လ်နီညိုဖြစ်ခဲ့တဲ့ ၂၀၂၄ ခုနှစ်လောက် ၂၀၂၅ ခုနှစ်နွေရာသီက အပူချိန်မများနိုင်ဘူး လို့သုံးသပ်ရပါတယ်။ နွေရာသီကာလအတွင်းမှာ ဖြစ်လေ့ရှိတဲ့ ပူပြင်းခြောက်သွေ့မှုကြောင့်  ၄၀°C ဝန်းကျင်အထိဖြစ်လာတဲ့အပူရှိန်နဲ့ ခြောက်သွေ့တဲ့လေပြင်းတိုက်ခတ်နိုင်ခြင်းကြောင့် မီးဘေးအန္တရာယ်ကို ပေါ့ဆလို့တော့ မရပါ။

Meteoblue မှ Model တွေရဲ့ စုပေါင်းခန့်မှန်းချက်များကိုအခြေခံပြီးမှ ရေးဆွဲပေးထားတဲ့ ပြည်နယ်/တိုင်းမြို့များရဲ့ ၄ ရက်အတွက် မိုးလေဝသခန့်မှန်းချက်တွေမှာ အနီးစပ်ဆုံးကြိုတင်ခန့်မှန်းချက်များကို ကြည့်ရှုလေ့လာနိုင်ပါတယ်။

https://www.mmweather.org/divisional-cities-weather

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်