တစ်ပတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက်သုံးသပ်ချက်

28/09/2018 15:03 PM တွင် Nyi Thway Nyi Thway မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဒီ အပတ်မှာ ပထမဆုံးပြောပြချင်တာက ကျနော်တို့ ကာလကြာရှည်စွာ စောင့်မျှော်နေတဲ့ သတင်းပါ။ ANRPC လို့အတိုကောက်ခေါ်ကြတဲ့ Association of Natural Rubber Producing Countries သဘာဝရော်ဘာထုတ်လုပ် သူနိုင်ငံများအသင်းကို မြန်မာနိုင်ငံက အသင်းရဲ့ ၁၃ နိုင်ငံမြောက်နိုင်ငံအဖြစ်နဲ့ ဝင်လိုက်ပြီဖြစ်တယ်ဆိုတာပါပဲ။ အဖွဲ့က အစိုးရချင်းဖွဲ့ထားတာဖြစ်တော့ အစိုးရအနေနဲ့ ရော်ဘာနဲ့ ပတ်သက်တဲ့ ပေါ်လစီတွေ သေချာချမှတ်ရတော့မှာဖြစ်တယ်။ အရမ်းကာရော ဒေတာတွေနဲ့ ညီလာခံတွေသွားတက်လို့မရပါဘူး။ အဖွဲ့ဝင်နိုင်ငံတွေအချင်းချင်း ဒေတာတွဖေလှယ်ကြရတော့မှာဖြစ်သလို နည်းပညာတွေလည်း ဖလှယ်ခွင့်ရမှာပါ။ 

အခု အသင်းကလက်ခံလိုက်တာနဲ့ မြန်မာ့ရော်ဘာအချက်အလက်တွေထွက်ပေါ်လာပြီလေ။ ၂၀၁၈ ခု ဇွန်လမှာကုန်ဆုံးတဲ့ ၁၂ လမှာ မြန်မာက သဘာဝရော်ဘာ မက်ထရစ်တန် ၂၄၂၀၀၀ ကိုထုတ်လုပ်တယ်။ ဒါက မြန်မာတစ်နိုင်ငံလုံးမှာ စိုက်ထားတဲ့ ဧက ၇၆၈၀၀၀ ကနေ ထုတ်လုပ်လိုက်တာပါတဲ့။ ဒီနှုန်းအတိုင်းနဲ့ဆိုလျှင် မြန်မာကို ANRPC ရဲ့ သတ္တမမြောက်အများဆုံးထုတ်လုပ်သူနိုင်ငံရယ်လို့ ပြောလို့ရတယ်။ ANRPC ရဲ့ အဖွဲ့ဝင် ၁၃ နိုင်ငံက ကမ္ဘာ့ရော်ဘာအထွက်ရဲ့ ၉၀.၅% ကိုထုတ်လုပ်နေတာလို့ အသင်းကပြောပါတယ်။

မြန်မာရဲ့ အထွက်ကနည်းတယ်။ တစ်ဟက်တာကို ၇၇၇ ကီလိုဂရမ်ခန့်ပဲရှိတယ်။ ဘာကြောင့်ဆို ခြံအတော်များများက အထွက်နည်းတဲ့ စပ်မျိုး Clone တွေကို စိုက်ထားကြလို့ဖြစ်တယ်လို့ ANRPC ရဲ့ အဆိုအရသိရတယ်။

တကယ်လို့သာ အထွက်ကောင်းတဲ့မျိုးကိုသာ စိုက်ထားမယ်ဆိုရင် ဆဋ္ဌမမြောက်နိုင်ငံဖြစ်ချင်ဖြစ်နေမှာ။ ဆိုတော့ အသင်းကနေ ဒီနိုင်ငံနဲ့သင့်တော်မယ့် မျိုးကို သုတသေနပြုစမ်းသပ်ပြီး ကျနော်တို့စိုက်လို့ရပြီ။ အသင်းမှာ R&D ရှိတယ်လေ။

သို့ပေမယ့် အသင်းက မှတ်ချက်ပြုတာက မြန်မာမှာ ခြစ်ဘို့အရွယ်မရောက်သေးတဲ့ စိုက် ဟက်တာပေါင်း ၈၅၄၆၂၀ ရှိသေးတယ်။ ဒီအပင်ပျိုတွေခြစ်ချိန်ရောက်ရင် မြန်မာရဲ့ နှစ်စဉ်အထွက်ဟာ နောက် ၆ နှစ်အတွင်း မက်ထရစ်တန် ၅၀၀၀၀၀ ကျော်မယ်တဲ့။

နှစ်စဉ်မြန်မာက တန် ၁၅၀၀၀၀ ခန့် အိတ်စပို့လုပ်နေပါတယ်။ 

မြန်မာမှာ တိုင်ယာထုတ်လုပ်ငန်း ၄ ခုလည်းရှိတယ်။ ဒီအထဲက ၃ ခုကတော့ နိုင်ငံပိုင်ပါ။ ဒီအချက်အလက်အရ ခုလို ကမ္ဘာ့ရော်ဘာဈေးမကောင်းတဲ့အချိန်မျိုးမှာ export လုပ်လို့ တွက်ခြေမကိုက်ရင် ပြည်တွင်းအသုံးကိုတိုးပြီး ကုန်ချောထုတ်လုပ်ကာ၊ export ကိုလျှော့ချလို့ရတာကိုပြတာ။ 

ANRPC ရဲ့ နောင်လာမယ့် အစည်းအဝေး နဲ့ ၁၁ ကြိမ်မြောက် သဘာဝရော်ဘာညီလာခံကို အောက်တိုဘာ ၈-၁၃ ရက်မှာ ထိုင်းနိုင်ငံ ချင်းရိုင်မှာ ကျင်းပကြပါမယ်။ အောက်တိုဘ ၈ ရက်နေ့မှာ ကျင်းပဘို့စီစဉ်ထားတဲ့ ရော်ဘာညီလာခံက ရော်ဘာလုပ်ငန်းရဲ့ ပေါ်ထွက်လာမည့် ကြီးမားတဲ့ အလားအလာနဲ့ လိုက်လျောညီထွေဖြစ်အောင်ပြင်ဆင်နိုင်မှုကို ဖွေရှာဆွေးနွေးကြမှာဖြစ်တယ်။ 

အခုကမ္ဘာ့ရော်ဘာဈေးအကြောင်းဆက်ရအောင်။ မတ်လကုန်အရောက်ပို့ရမယ့် တိုကျိုရဲ့ စံထားရော်ဘာဈေးဟာ အင်္ဂါနေ့မှာ အဖွင့်ဈေးအောက်ထက်နိမ့်ပြီး ပိတ်သွားတယ်။ ပြီးခဲ့တဲ့နေ့အပိတ်ဈေးနဲ့ မယှဉ်ဘဲ အဖွင့်ဈေးနဲ့ ယှဉ်လိုက်ရတာက၊ အင်္ဂါနေ့မှာပဲ ကန်ထရိုက်လအသစ် (သို့)ကြိုရောင်း/ဝယ်လကို စတင်ပြောင်းသွားလို့ပါ။ ဒီလကကုန်တော့မှာမို့ အောက်တိုဘာကစပြီး ၆ လမြောက်လကို စံထားလအဖြစ်ပြောင်းသွားတာပါ။ မတ်လပေါ့။ မတ်လအတွက် ပြီးခဲ့တဲ့နေ့အပိတ်ဈေးကမရှိသေးဘူးလေ။ ဒီနေ့မှ စပြောင်းတာကိုး။ အခုဈေးနိမ့်သွားတာက တရုတ်-အမေရိကန် အကောက်ခွန်တိုးကောက်မှုအသစ်ကို စလိုက်တာရယ်၊ ရေနံဈေးက ၄ နှစ်နီးပါးအတွင်း အမြင့်ဆုံးရောက်သွားရာမှာ ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းအပေါ်ကို စိုးရိမ်မှုတွေဖြစ်လာလို့ပါပဲ။

" အမေရိကန်-တရုတ် အကောက်ခွန်စစ်ပွဲက ဂျပန်ရဲ့ မော်တော်ကားနဲ့ တိုင်ယာလုပ်ငန်းကို အနုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုရှိနေတယ်လို့ စိုးရိမ်နေကြတယ်" လို့ ဂျပန်နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းကပြောပါတယ်။ ဆိုတော့ ရော်ဘာဈေးက အကျဘက်ပဲပေါ့။ 

တိုကိုရဲ့ TOCOM မှာ အင်္ဂါနေ့မှာ အသစ်စတင်လိုက်တဲ့ မတ်လကန်ထရိုက်ဈေးဟာ ၁၇၀.၈ ယန်း($၁.၅၁)နဲ့ဖွင့်ပြီး၊ ဈေးပိတ်ချိန်မှာ ဝ.၉ ယန်းကျပြီး ၁၆၉.၉ ယန်းဈေးနဲ့ ပိတ်သွားတယ်။ ShFE မှာ အနုတ်အသိမ်းအများဆုံး ကန်ထရိုက်လ ဇန်နာဝါရီမှာ ယွမ် ၃၀ တက်ကာ ၁၂၅၃၅ ယွမ်($၁၈၂၆)/တန်ဈေးနဲ့ ပိတ်ပါတယ်။ 

ဗုဒ္ဓဟူးနေ့မှာ TOCOM ရဲ့ စံထားရော်ဘာကန်ထရိုက်လမှာ ဈေးကျပါတယ်။ ဂျပန်မှ တင်သွင်းမယ့် မော်တော်ယာဉ်တွေအပေါ် အခွန်တိုးကောက်ရာမှ ကားနှင့်တိုင်ယာ ဝယ်လိုအားထိခိုက်မည်ကို စိုးရွံ့နေသည့်စိတ်က ဈေးကို ဖိအားဖြစ်စေတယ်တဲ့။ 

" ဒီနေ့အဖို့ ဝယ်ဖို့အတွက် မက်လုံးဘာမှမရှိဘူး။ ကုန်သည်တွေက ဂျပန်နဲ့ အမေရိကန်တို့ ကုန်သွယ်ရေးဆိုင်ရာဆွေးနွေးမှုကို အနီးကပ်စောင့်ကြည့်နေကြတယ်လေ။ ဒါက ဂျပန်ရဲ့ ကားတင်ပို့မှုကို အကျိုးသက်ရောက်မှုရှိနိုင်တာကိုး။ " တိုရှိတက တဇဝကပြောပါတယ်။ သူက ဖူဂျီတိုမိကုမ္ပဏီမှ ကုန်စည်ဆန်းစစ်သူတစ်ဦးပါ။

ဂျပန်နဲ့ အမေရိကန်တို့က အပြန်အလှန် ကုန်သွယ်ရေးဆိုင်ရာ အခန်းကဏ္ဍကိုမြှင့်တင်ဖို့ သဘောတူညီချက် တော်တော်များများရထားပြီးပြီ။ ဒီဗုဒ္ဓဟူးနေ့မှာ အသေးစိတ်ကို ကြေညာကောင်းကြေညာမယ်လို့ ဂျပန့် စီးပွားရေးဝန်ကြီး တိုရှိမစ်စု မိုတဲဂိက အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ရောဘတ် လိုင်သီဇာနဲ့ တွေ့ဆုံအပြီးမှာ ပြောပါတယ်။ 

ဂျပန်က အမေရိကန်နဲ့ နှစ်ဦးနှစ်ဘက် အပြန်အလှန် ကုန်သွယ်ရေးဆိုင်ရာကတိကဝတ်ကို အချိန်ယူစဉ်းစားနေရတာပါ။ ဒီလိုလုပ်ရရင် သူတို့ဘက်က အမေရိကန်ရဲ့စိုက်ပျိုးရေး သွင်းကုန်တွေကို အကောက်ခွန်လျှော့ပေါ့ပေးရမယ်။ အမေရိကန်ကလည်း အပြန်အလှန်အားဖြင့် ဂျပန့်ကားတွေအပေါ်အခွန်မြင့်မားစွာ စည်းကြပ်ရာကလည်း ရှောင်ပေးရပါမယ်လို့ Nikkei သတင်းက စနေနေ့တုန်းက ပြောခဲ့တယ်။

တိုကျိုရဲ့ TOCOM မှာ မတ်လကန်ထရိုက်ဈေးဟာ ဝ.၉ ယန်း သို့မဟုတ် ဝ.၅% ကျကာ ၁၆၉.၀ ယန်း($၁.၅)/ကီလိုဂရမ်နဲ့ ဈေးပိတ်သွားခဲ့တယ်။ ရှန်ဟိုင်းရဲ့ ShFE မှာ အနုတ်အသိမ်းအများဆုံး ကန်ထရိုက်လ ဇန်နာဝါရီမှာ ၁၀ ယွမ်တက်ပြီး ၁၂၅၀၅ ယွမ်($၁၈၁၈.၅၇)/တန်ဈေးနဲ့ ပိတ်သွားတယ်။

အရှေ့တောင်အာရှရဲ့ ရော်ဘာဈေးကိုထင်ဟပ်တဲ့ TOCOM စံရော်ဘာဈေး (၆ လမြောက် ကန်ထရိုက်လဖြစ်တဲ့ မတ်လပစ္စည်းပို့ရမယ့် ရော်ဘာဈေး) ဟာ ခုလောလောဆယ်မှာတော့ မလူးသာမလွန့်သာ ၁၆၅-၁၇၀ ယန်းကြားတဝိုက်မှာပဲ ရှိနေမယ်လို့ မျှော်လင့်ရတယ်လို့ တဇဝကပြောပါတယ်။

သဘာဝရော်ဘာဈေးကွက်အတွင်း ဩဂုတ်လမှာ အခြေအနေက တိတ်ဆိပ်ငြိမ်သက်နေပါတယ်။ တရုတ်ဘက်မှာ အရန်ရော်ဘာတွေ အလွန်များနေတာနဲ့၊ အခြား အချက်ပေါင်းများစွာကြောင့်ပါပဲ။ 

ANRPC ရဲ့ စက်တင်ဘာ ၂၅ ရက်နေ့ထုတ် နောက်ဆုံးအခြေအနေထုတ်ပြန်ချက်မှာ ပြောထားတာက ရှန်ဟိုင်းရဲ့ ShFE မှ သိုလှောင်ရုံတွေမှာနဲ့ ကျင်ဒေါင်း ဖရီးထရိတ်ဇုန်ရဲ့ သိုလှောင်ရုံတွေမှာ ရော်ဘာစတော့တွေ များနေတယ်လို့ဆိုတယ်။

ဒီရာသီက ကျနော်တို့နိုင်ငံလို သဘာဝရော်ဘာစထွက်တဲ့ရာသီမို့၊ ဈေးကွက်ထဲ သဘာဝရော်ဘာစတင်လှိုင်လာပြီမို့ ဈေးကိုအားပျော့စေဖို့ ဖြစ်နေပြန်တယ်။ အခြားအချက်တွေဖြစ်တဲ့ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်လာခြင်းနဲ့ ဒေါ်လာဈေးမြင့်တက်ခြင်းတို့ကလည်း ရော်ဘာဈေးကို နိမ့်နေစေပါတယ်လေ။ ANRPC ရဲ့အဆိုအရ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က သဘာဝရော်ဘာ အဓိကတင်ပို့တဲ့တိုင်းပြည်တွေရဲ့ ငွေကြေးကလည်း အမေရိကန်ဒေါ်လာနဲ့ယှဉ်ရင် ကျနေပါတယ်တဲ့။ 

ကမ္ဘာ့ရော်ဘာထုတ်လုပ်မှုကလည်း မနှစ်ကထက် ၁.၃% ပိုလာကာ မက်ထရစ်တန် ၈.၅ သန်းကို ၂၀၁၈ ရဲ့ပထမ ၈ လမှာပဲ ရောက်လာပြီဖြစ်တယ်လို့ ANRPC ကဆိုတယ်။

တချိန်တည်းမှာ ကမ္ဘာ့ရော်ဘာအသုံးက မနှစ်ကထက် ၅.၅% တိုးလာပြီး တန်ချိန် ၉.၃ သန်းကိုရောက်လာပြီး၊ လိုနေတဲ့ရော်ဘာပမာဏလည်း ဇူလိုင်လက ၇၈၆၀၀၀ တန်ဖြစ်သော်လည်း ယခုအခါ ၈၃၂၀၀၀ သို့ရောက်ရှိများပြားလာပါပြီ။ အထုတ်နှင့် အသုံးမမျှမတဖြစ်မှု ကြီးထွားလာခြင်းဟာ ယခင်နှစ်များမှာ ပိုလျှံစုပုံနေတဲ့ ပစ္စည်းထဲကအချို့ကို ယူသုံးလိုက်တာပါပဲလို့ ANRPC က ပြောပါတယ်။ ( ဒီနှစ်မှာ အထွက်ထက် အသုံးကပိုများတယ်။ ပိုသုံးလိုက်တဲ့ ရော်ဘာဟာ ယခင်နှစ်တွေက ပိုနေတဲ့ လက်ကျန်ရော်ဘာပဲ ဖြစ်တော့မပေါ့။) ဒီအချက်ကတော့ အနာဂတ်ရော်ဘာဈေးအတွက် မျှော်လင့်ချက်တစ်ခုဖြစ်စေပါတယ်။ 

ပြီးတော့ လွန်ခဲ့တဲ့ ဇူလိုင်နဲ့ ဩဂုတ်လတွေမှာ အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ မိုးသည်းထန်၍ ရေကြီးရေလျှံဖြစ်ခဲ့တော့ ရော်ဘာလုပ်ငန်းမှာ အဟန့်အတား ဖြစ်ခဲ့ရတယ်။ ပြီးတော့ အချို့ရော်ဘာထုတ်လုပ်သူနိုင်ငံတွေမှာ အရွက်ရောဂါကြောင့်လည်း အဟန့်အတားဖြစ်ခဲ့တယ်။ ရော်ဘာအထွက်ကျဆင်းခဲ့တယ်ပေါ့။ ဒါတောင်ဈေးက မတက်နိုင်ဖြစ်နေသေးတယ်။ 

အချုပ်ပြောရရင် ရော်ဘာဈေးဟာ ခုလောလောဆယ် နိမ့်နေသေးတာက ရော်ဘာ inventories အရန်အင်အားအလွန်များနေတယ်။ တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကလည်းအရှိန်ကောင်းဆဲဖြစ်နေတယ်။ ဒီအထဲမှာ မော်တော်ယာဉ်တွေကိုပါ အခွန်တိုးကောက်မယ်ဆိုတော့ မော်တော်ယာဉ်အရောင်းကျရင် ရော်ဘာဝယ်လိုအားနည်းမှာဖြစ်တော့ ရော်ဘာဈေးက လောလောဆယ်နိမ့်နေဦးမှာဖြစ်တယ်။ အထက်မှာပြောထားသလို ၁၆၅-၁၇၀ ယန်းကြားပဲပေါ့။

ညီသွေး


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်