တစ်ပတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက်သုံးသပ်ချက်

22/09/2018 11:00 AM တွင် Nyi Thway Nyi Thway မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဒီအပတ်မှာလည်း ကုန်သွယ်ရေးစစ်ပွဲအရှိန်ကိုခံစားကြရဦးမှာပါ။ တိုကျိုစံရော်ဘာဈေးဟာ အင်္ဂါနေ့မှာ ၂ နှစ်နီး ပါးအတွင်း အနိမ့်ဆုံးဈေးသို့ လျှောကျသွားပါတယ်။ လပေါင်းများစွာ ရှည်ကြာနေတဲ့ ယူအက်-တရုတ် ပဋိပက္ခရဲ့ နောက်ဆုံး အရှိန်မြင့်တက်လာမှုကို စိုးရိမ်နေတဲ့ အတွက်ကြောင့်ပါပဲ။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ တရုတ်နဲ့ ဖြစ်နေတဲ့ ကုန်သွယ်ရေးစစ်ပွဲရဲ့ အရှိန်ကို မြှင့်တင်လိုက်ပါတယ်။ တရုတ်သွင်းကုန် ဒေါ်လာ ဘီလီယံ ၂၀၀ ဘိုးကို ၁၀% အကောက်အခွန်စည်းကြပ်ပြီး အရှိန်မြှင့်လိုက်တာပါ။

" ယူအက်စ်နဲ့ တရုတ်ကြား ကုန်သွယ်ရေးတင်းမာမှု နက်ရှိုင်းလာတာကို စိုးရိမ်ခြင်းက ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေတယ်။ ဒီတော့ ရော်ဘာဈေးကို လာပြီးပိတယ်" လို့ ဆတိုးရု ယိုးရှိဒက ပြောပါတယ်။ သူက ရကုတန်း စတော့အရောင်းအဝယ်မှ ဈေးကွက်ဆန်းစစ်သူ တစ်ယောက်ပါ။ 

တိုကျိုမှ TOCOM ရဲ့ ဖေဖော်ဝါရီ ရော်ဘာကန်ထရိုက်ဈေးဟာ ၁.၈ ယန်း သို့မဟုတ် ၁.၁% ကျပြီး  ၁၆၆.၁ ယန်း ($၁.၄၈) ဈေးနဲ့ ပိတ်သွားတယ်။ ဒီနေ့စောစောပိုင်းမှာ ၂၀၁၆ ခု အောက်တိုဘာ ၄ ရက်မှစလျှင် အနိမ့်ဆုံးဖြစ်တဲ့ ၁၆၄.၁ ယန်းဈေးကို ရောက်သွားသေးတယ်။

ဒါပေမယ့် အရှေ့တောင်အာရှရဲ့ ရော်ဘာဈေးကို အဆုံးအဖြတ်ပြုတဲ့ TOCOM ရော်ဘာဈေးဟာ နှောင်းပိုင်းမှာ စောစောပိုင်းကျနေရာကနေ ပြန်တက်လာတာတွေ့ရတယ်။

" ဩဂုတ်လနဲ့ ဒီလစောစောပိုင်းမှာ ၁၆၅ ယန်းအဆင့်အောက်အမှတ်ကို ထိုးဆင်းခဲ့တော့ ၁၆၄.၁ ယန်းဈေးအရောက်မှာ တစ်ခါပြန်ဝယ်ကြတယ်။ ဒါကြောင့် ပြန်တက်လာတာ" လို့ ယိုးရှိဒက ပြောပါတယ်။ ခုလောလောဆယ်မှာ တိုကျိုဈေးကွက်က ၁၆၅ ယန်းအောက် ဆင်းမယ့်ပုံမပေါ်ဘူးလို့ သူက ဆက်ပြောပါတယ်။ 

ShFE မှာတော့ အနုတ်အသိမ်းအများဆုံး ဇန်နာဝါရီကန်ထရိုက်လမှာ ၁၁၅ ယွမ်ကျပြီး ၁၂၁၃၅ ယွမ်($၁၇၆၇)/တန်ဈေးနဲ့ ပိတ်သွားတယ်။

ဗုဒ္ဓဟူးနေ့မှာ TOCOM က ဝ.၂ ယန်းအကျနဲ့ ပိတ်ပေမယ့် ကြာသပတေးနေ့မှာတော့ ၃.၇ ယန်းတောင် တက်သွားတယ်။ အဲလိုပဲ ရှန်ဟိုင်း SHFE မှာလည်း ဗုဒ္ဓဟူးနေ့မှာ ယွမ် ၃၀ ခန့်တက်ပြီး ကြာသပတေးနေ့မှာတော့ ၄၅၅ ယွမ်တက်သွားတယ်။ ဘာကြောင့်လဲ...။ 

တိုကျိုရဲ့ စံထားရော်ဘာဈေးဟာ ကြာသပတေးနေ့မှာ တဟုန်ထိုး တက်သွားပါတယ်။ ဒီအပတ်စောစောပိုင်းမှာဖြစ်ခဲ့တဲ့ ၂ နှစ်နီးပါးအတွင်း အနိမ့်ဆုံးဈေးကနေ ပြန်တက်သွားတာပါ။ အကြောင်းက ရှန်ဟိုင်းဈေးအတက်မှာ short cover လုပ်ဘို့ စုပြုံဝယ်ကြလို့ပါပဲလို့ ကုန်သည်တွေက ပြောပါတယ်။ Short position လုပ်ဘို့ ချေးငှားရောင်းချထားတဲ့ ရော်ဘာတွေကို ဈေးအကျမှာ ဝယ်ပြီး ပြန်ဆပ်ကြတာကို Short cover လုပ်တယ်။ ပြန်ဖြည်တယ်လို့ပြောကြတယ်။ နောက်တနေရာမှာ ပြန်ရှင်းပြထားပါသေးတယ်။

တိုကျို ကုန်စည်ဖလှယ်ဒိုင် Tokyo Commodity Exchange or TOCOM မှာ ဖေဖော်ဝါရီလပစ္စည်းပို့ရမယ့် ကန်ထရိုက်ရော်ဘာဈေးဟာ ၃.၇ ယန်း သို့မဟုတ် ၂.၂% မြင့်တက်ကာ ၁၆၉.၆ ယန်း($၁.၅၁)/ကီလိုဂရမ်ဈေးနဲ့ ပိတ်ပါတယ်။ ဒါတောင် တစ်ပတ်အတွင်း အမြင့်ဆုံးဈေးဖြစ်တဲ့ ယန်း ၁၇၀ ဈေးကို စောစောပိုင်းက ရောက်ခဲ့ပြီးမှ နည်းနည်းပြန်ကျပြီး ပိတ်သွားတာ။ ယန်း ၁၇၀ ဈေးကို မရောက်တာ ကြာလှပေါ့။ ရှန်ဟိုင်းရဲ့ Shanghai Future Exchange or ShFE မှာ အနုတ်အသိမ်းအများဆုံး ဇန်နာဝါရီပစ္စည်းအရောက်ပို့ ကန်ထရိုက်လမှာ ရော်ဘာဈေးဟာ ၄၅၅ ယွမ်တက်ပြီး ၁၂၅၇၀ ယွမ်($၁၈၃၄) /တန်ဈေးနဲ့ ဈေးပိတ်သွားတယ်။ တစ်လခန့်အတွင်း အမြင့်ဆုံးဈေးဖြစ်တဲ့ ၁၂၇၂၀ ယွမ်/တန်ဈေးကို စောစောပိုင်းက ရောက်သွားခဲ့သေးတယ်။ 

" ရော်ဘာဈေးကွက်မှာတော့ Oversold ဖြစ်နေပြီ" တဲ့ တိုကျိုအခြေစိုက် ကုန်သည်တစ်ဦးကပြောတာ။ Oversold အလွန်အကျွံရောင်းနေကြတယ်ဆိုတာရဲ့ အဓိပ္ပါယ်မှာ ဈေးကောင်းရလို့ သိမ်းထား သိုထားတဲ့ပစ္စည်းတွေထုတ်ရောင်းကြတာအပြင်၊ ရောင်းအားများလာရင်လည်း ဈေးပြန်ကျတတ်တဲ့ အရိပ်လက္ခဏာလည်း တွဲပါလာတယ်ဆိုတာ သတိပြုဘို့လိုတယ်။) 

" တရုတ်ဈေးကစားသူတွေက အလုံးအရင်းနဲ့ short position စလုပ်ကြတယ်။ ပြန်ဝယ်ကြတယ်ပေါ့။ ဈေးကွက်ထဲမှာ Key Support Level နားမှာ မျှော်လင့်ထားတာထက် အခြေအနေ ကောင်းနေတော့ ဝယ်ကြတယ်။ Support level ဆိုတာ ဈေးတွေဒီထက်တက်မယ်လို့ ကုန်သည်တွေ မျှော်လင့်ထားတဲ့ ဈေးအဆင့်ကို ပြောတာပါ။ ဝယ်လိုအား လုံလုံလောက်လောက်ရှိနေပြီဆိုတော့၊ ဈေးကျမယ့်လမ်းကြောင်းက ရပ်တန့်ကာ၊ အတက်လမ်းကြောင်းစတင်ဘို့ ဖြစ်လာတဲ့ ဈေးအဆင့်လို့ ပြောတာပါ။

ဂျပန်မှာလည်း ဦးဆောင်ဦးရွက်ပြုတဲ့ ကုန်သည်တွေက သူတို့ရဲ့ short position ကို ပြန်ဖြည်ကြဘို့ ဈေးအကျမှာ ပြန်ဝယ်ကြတယ်လေ။ ပြီးတော့ ရေနံဈေးကမာနေတာကလည်း အထောက်အပံ့အနေနဲ့ ဈေးတက်ဘို့ဖြစ်လာတာ" ။ Short Position ကိုပြန်ဖြည်တယ်ဆိုတာက ရော်ဘာဈေးတက်တုန်းက ရော်ဘာစတော့တွေကို ချေးငှားပြီး အဲဒီအတက်ဈေးနဲ့ ချက်ချင်းရောင်းလိုက်တယ်။ ချေးထားတာကို ပြန်မဆပ်သေးဘူး။ ဈေးအကျကို သူတို့စောင့်နေတယ်။ ဆိုပါတော့ ရော်ဘာဈေး ယန်း ၁၇၅ ယန်းမှာ ချေးပြီးပြန်ရောင်းလိုက်တယ်။ အခု ၂ နှစ်အတွင်း အနိမ့်ဆုံးဈေး ၁၆၅ ယန်း ကိုရောက်သွားတယ်ဆိုပါတော့ ဒီထက်ကျဘို့မရှိတော့ဘူးဆိုပြီး ၁၆၅ ယန်းဈေးနဲ့ ပြန်ဝယ်ပြီးဆပ်ကြတော့တယ်။ ဒီတော့ သူက တစ်ကီလိုမှာ ၁၀ ယန်းမြတ်သွားတယ်။ ဒါက ဈေးအကျမှာ အမြတ်ရအောင်ကစားတာ။ ဒါပေမယ့် အဲလို Short သမားတွေက စုပုံဝယ်ကြလို့လည်း ဈေးကပြန်တက်လာတာ။ ဝယ်အားများရင် ဈေးလိုက်မှာပါပဲ။ ဒီလိုအမြဲတမ်းဖြစ်မယ်လို့တော့ မျှော်လင့်လို့မရပါဘူး။ တခါတလေလည်း ဈေးမကျပဲ အတက်ချည့်ပဲဖြစ်နေလို့ အရှုံးခံ အတက်ဈေးနဲ့ ဝယ်ဆပ်လိုက်ရတာလည်း ရှိပါ့။

ကြာသပတေးနေ့မှာပဲ ရေနံဈေးက တက်သွားပါတယ်။ အမေရိကန်ရဲ့ အရန်ရေနံပမာဏ နောက်ထပ်လျော့နေလို့ရယ်၊ အိုပက်ကလည်း ဆက်ပြီးတိုးမထုတ်တော့ဘို့ လက္ခဏာပြနေလို့ပါ။ အမေရိကန်က အီရန်အပေါ်ပိတ်ဆို့ထားတာကြောင့် အီရန်အိတ်စပို့အရှုံးကို ထေမိဘို့ ရေနံတိုးထုတ်နေတာတွေ ဆက်မထုတ်တော့ဘူးဆိုတဲ့ လက္ခဏာပါ။ ရေနံရောင်းလိုအား နည်းသွားတော့ ဈေးတက်လာတယ်။ ဈေးကွက်ထုံးစံပါပဲ။ "

ရှန်ဟိုင်းကြိုရောင်း/ ကြိုဝယ်ဈေး ShFE က ဆက်တက်နေလျှင်၊ TOCOM ကလည်း ဒီလမ်းကြောင်းကို လိုက်နေမှာပဲ" အဲဒီဂျပန်ကုန်သည်ကပဲ ပြောပါတယ်။ ဒီလိုပဲဖြစ်ပါစေလို့ ဆုတောင်းရတော့မှာပါ။ 

ဒါပေမယ့် ဒီနေ့သောကြာနေ့ ဈေးပိတ်ချိန်မှာတော့ TOCOM မှာ ဝ.၇ ယန်းအကျနဲ့၊ ShFE မှာတော့ ယွမ် ၃၀ အတက်နဲ့ အသီးသီး ဈေးပိတ်သွားပါပြီ။ 

လာမယ့်အပတ်ဆိုရင်တော့ ကျနော်တို့ မြန်မာပြည်မှာလည်း ပွင့်လင်းရာသီရောက်စပြုလာပြီမို့၊ အချို့ ရော်ဘာတောင်သူတွေ အစေးခြစ်ဘို့ ပြင်ဆင်နေသလို အချို့ဆိုခြစ်တောင်ခြစ်နေကြပြီဆိုတော့ ရော်ဘာလှိုင်လာကာ မြန်မာ့ရော်ဘာဈေးလည်း လှုပ်လာပါတော့မယ်။ ရာသီအစမှာ ဈေးကောင်းကောင်းနဲ့ စရကြပါစေလို့ ဆုတောင်းရင်း ဒီအပတ် ဒီလောက်နဲ့ပဲ နားလိုက်ပါတော့မယ်။ 

ညီသွေး


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်