တစ်ပတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက်သုံးသပ်ချက်

25/06/2018 11:16 AM တွင် Nyi Thway Nyi Thway မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဒီအပတ် အစ တနင်္လာနေ့မှာ တိုကျို ကြိုရောင်း ကြိုဝယ် ရော်ဘာဈေးဟာ ၃ လနီးပါးအတွင်း အနိမ့်ဆုံးဈေးကို ရောက်သွားတယ်။ အမေရိကန်နဲ့ တရုတ်တို့ နှစ်နိုင်ငံကြား ကုန်သွယ်ရေးတင်းမာမှု ပြန်ဖြစ်လာတော့ ကမ္ဘာ့စီးပွားရေး နှေးကွေးလာမှာကို စိုးရိမ်လို့ပါ။

သောကြာနေ့တုန်းက ဒေါ်နယ်ထရမ့်က သူ့အနေနဲ့ တရုတ်သွင်းကုန် ဘီလီယံ ၅၀ ကို အကောက်ခွန်နှုန်းထား ခပ်ကြီးကြီးစည်းကြပ်ဘို့ တက်သုတ်ရိုက်လုပ်နေတဲ့အကြောင်း ပြောလိုက်တယ်။ ဘေကျင်းကလည်း ဒါကို ချက်ချင်း ပြန်တုန့်ပြန်မယ်လို့ အတိအလင်းပြောလိုက်လို့ပါပဲ။

အရှေ့တောင်အာရှရဲ့ ရော်ဘာဈေးကို ထင်ဟပ်တဲ့ တိုကျိုရဲ့ TOCOM ရော်ဘာဈေးဟာ ယူအက်စ်-တရုတ် ကုန်သွယ်ရေး ကတောက်ကဆတ်ဖြစ်မှု အရှိန်မြင့်တက်လာတာနဲ့အမျှ အခြားကုန်စည်တွေနဲ့အတူ ဖိအားသက် ရောက်ခံနေရတယ်လို့ တိုရှိတက တဇဝ ကပြောပါတယ်။ သူက ဖူဂျိတိုမိကုမ္ပဏီမှ ဈေးကွက်ဆန်းစစ်သူ တစ် ယောက်ပါ။ ဒေါ်နယ်ထရမ့်က ဂျပန် ကားတင်သွင်းမှုအပေါ် အခွန်နှုန်းထားအသစ်နဲ့ စည်းကြပ်မယ်ဆိုတယ်။ ဒါဆို တိုင်ယာလိုအပ်ချက် လျော့သွားနိုင်တယ်တဲ့လို့ သူကပြောပါတယ်။ 

တိုကျိုရဲ့ TOCOM မှာ နိုဝင်ဘာလ ရော်ဘာကန်ထရိုက်ဈေးဟာ ၃.၂ ယန်း သို့မဟုတ် ၁.၈% ကျကာ ၁၇၆.၈ ယန်း($ ၁.၆၀)/ကီလိုဂရမ်ဈေးနဲ့ ဈေးပိတ်သွားတယ်။ စောစောပိုင်းမှာ မတ်လ ၂၆ ရက်နေ့ကစတွက်ရင် အနိမ့်ဆုံးဆိုတဲ့ ၁၇၅.၆ ယန်းဈေးကို ရောက်သွားသေးတယ်။ 

တရုတ်ရဲ့ ငွေကြေးဆိုင်ရာဈေးကွက်တွေ တနင်္လာနေ့မှာ နဂါးလှေပွဲတော် လူထုအားလပ်ရက်အဖြစ် ပိတ်ကြ တယ်။ 

တိုကျိုရဲ့ TOCOM စံရော်ဘာဈေးဟာ  အင်္ဂါနေ့မှာ ရှန်ဟိုင်းအကျနောက် လိုက်ပါကာ ပြိုကျသွားပါတယ်။ တရုတ်နဲ့ အမေရိကန်တို့ ကုန်သွယ်ရေးအငြင်းပွားမှု တဖန်ပြန်၍ ထတောက်လာ၍ ကမ္ဘာ့စီးပွားရေး တိုးတက်မှု အလားအလာက စိုးရိမ်စရာဖြစ်လာလို့ပါပဲ။ 

အရှေ့တောင်အာရှရဲ့ ရော်ဘာဈေးကို ထင်ဟပ်လေ့ရှိတဲ့ TOCOM ရော်ဘာဈေးဟာ စောစောပိုင်းမှာ ၁၂ ပတ် အတွင်း အနိမ့်ဆုံးဖြစ်နေရာမှ ပြန်တက်လာပြီးမှ တရုတ်-ယူအက်စ် ကုန်သွယ်ရေးတင်းမာမှု ပြင်းထန်လာတော့ ပြန်ထိုးကျသွားတော့တယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်ရဲ့ ဘီလီယံ ၂၀၀ ဘိုးကုန်ပစ္စည်းတွေကို အကောက်ခွန် ၁၀% ကောက်ခံမယ်လို့ ခြိမ်းခြောက်လိုက်တယ်။ ဘေကျင်းရဲ့ လက်တုန့်ပြန်မှုကို အလျင်အမြန်သတိပေးလိုက်တာပါ။  တိုကျိုနဲ့ ရှန်ဟိုင်းဈေးကွက် ၂ ခုလုံးပြိုတာက ဘေကျင်းနဲ့ ဝေါရှင်တန်တို့ ခုလို အခွန်တိုးကောက်ဘို့ အပြန်အလှန် ခြိမ်းခြောက်နေကြလို့ပါပဲ။

" တရုတ်-ယူအက်စ် ကုန်သွယ်ရေးစစ်ပွဲက ဈေးကွက်တစ်ခုလုံးကို အကျိုးသက်ရောက်မှုရှိတာ အသေအချာပါပဲ။ ဒါက ရော်ဘာဈေးကို ထိုးစိုက်ကျဘို့ ခလုပ်နှိပ်လိုက်သလိုဖြစ်သွားတယ်" လို့ ဟူဟိုင်းတောင်က ပြောပါ တယ်။ သူက Yinglu Asset Management (ရှန်ဟိုင်း) ရဲ့ သုတေသီပါ။  ဝယ်လိုအားနည်းနေတုန်းမှာ ရောင်းလိုအား များနေတာကြောင့်လဲပါတယ်တဲ့ ဟူကပြောတယ်။ 

အင်္ဂါနေ့မှာ တိုကျိုရဲ့ TOCOM မှာ နိုဝင်ဘာလ ကန်ထရိုက်ရော်ဘာဈေးဟာ ၃.၁ ယန်းကျကာ ၁၇၃.၇ ယန်း/ ကီလိုဂရမ်နဲ့ အဆုံးသတ်သွားတယ်။ ရှန်ဟိုင်းရဲ့ အနုတ်အသိမ်းအများဆုံး ကန်ထရိုက်လ စက်တင်ဘာမှာ ယွမ် ၆၂၀ ကျပြီး ၁၀၁၉၀ ယွမ်/တန်နဲ့ ဈေးပိတ်သွားတယ်။

ဗုဒ္ဓဟူးနေ့မှာတော့ တစ်မျိုးတစ်ဖုံ။ တိုကျို ကြိုရောင်း/ဝယ် စံရော်ဘာဈေးဟာ  ရှန်ဟိုင်းဈေး ပြန်ရလာတဲ့ နောက် လိုက်ပါလာကာ ပြန်ခုန်တက်ပါတယ်။ ဒါပေမယ့် ရောင်းအားများနေတဲ့အထဲ ဝယ်အားနည်းနေတာက ဈေးကွက်အပေါ် ဖိအားရှိနေသေးတယ်။

အရှေ့တောင်အာရှရဲ့ ရော်ဘာဈေးကို သက်ရောက်တဲ့ တိုကျိုရဲ့ TOCOM ရာ်ဘာဈေးဟာ အင်္ဂါနေ့မှာ ထိုးဆင်းကျခဲ့ရာမှ ပြန်တက်လာတယ်။ 

"အခြေခံအချက်တွေက အားနည်းနေတယ်။ ဒါပေမယ့် ရော်ဘာဈေးကျတာ သိပ်များနေတော့ နာလန်ပြန်ထူဘို့ လိုလာတယ်" လို့ လီဒေါင်လင်းက ပြောပါတယ်။ သူက First Future မှ အကြီးတန်း ဈေးကွက်ဆန်းစစ်သူပါ။ " အတက်က ရေရှည်မယ်လို့ ကျနော်မထင်ဘူး" တဲ့ လီက။ 

ဗုဒ္ဓဟူးနေ့မှာ တိုကျိုရဲ့ TOCOM မှာ နိုဝင်ဘာလကန်ထရိုက်ရော်ဘာဈေးဟာ ၂.၃ ယန်းတက်ပြီး ၁၇၆.၀ ယန်း/ ကီလိုဂရမ်ဈေးနဲ့ ပိတ်သွားတယ်။ ရှန်ဟိုင်းရဲ့ SHFE မှာ အနုတ်အသိမ်းအများဆုံးဖြစ်တဲ့ စက်တင်ဘာလ ကန်ထရိုက်ဈေးဟာ ၄၅ ယွမ်တက်ပြီး ၁၀၃၅၀ ယွမ်/တန်ဈေးနဲ့ ပိတ်သွားခဲ့တယ်။

ကြာသပတေးနေ့မှာ တိုကျိုကြိုရောင်း/ဝယ် စံရော်ဘာဈေးဟာ အားအပျော့နဲ့နဲ့ ဈေးပိတ်သွားတယ်။ ရေနံဈေး အကျနောက် လိုက်ပါသွားတာပါ။ တရုတ်-ယူအက်စ် ကုန်သွယ်ရေးပြဿနာ မှေးမှိန်သွားပြီလို့ ထင်ရတဲ့ အတွက်ကြောင့် ရှန်ဟိုင်းဈေး ပြန်တက်လာသော်လည်း TOCOM ကကျသွားတယ်။  

TOCOM ရော်ဘာဈေးဟာ ရေနံဈေးအားပျော့နေလို့ စောစောပိုင်းမှာ လ ၂၀ အတွင်း အနိမ့်ဆုံးကို ကျသွား တယ်။ 

" ကုန်သွယ်ရေးစစ်ပွဲကြောင့် ကျနေရာမှ  ဈေးကွက်အနေအထားက အနည်းငယ်ပြန်တက်တယ်။ ရှန်ဟိုင်းဈေး အနည်းငယ်ပြန်တက်လာလို့ပါ။ သို့သော်လည်း  ရေနံစိမ်းအထွက် မြင့်လာနိုင်စွမ်းကြောင့် ဈေးကွက်အပေါ် ဖိအားရှိနေသေးတယ်" လို့ Dongwu Future မှ ဈေးကွက်သုတေသီ Zhao Wenting ကပြောပါတယ်။ 

ရေနံဈေးကျရခြင်းက အိုပက်ရဲ့ ရေနံအထွက် အနည်းငယ်တိုးစေဘို့ အီရန်ကထပ်ထုတ်ပေးမယ်ဆိုတဲ့ သတင်း ကြောင့်ပါပဲ။ ဘရန့် Brent ရေနံစိမ်းက ဝ.၇% ကျကာ ယူအက်စ်ရဲ့ ရေနံဈေးက ၂၉ ဆင့်(ဝ.၄%) ကျပါတယ်။  ရေနံဈေးနဲ့ ရော်ဘာဈေးက တိုက်ရိုက်အချိုးကျပါတယ်။ 

" ရော်ဘာဈေးကို အဆုံးအဖြတ်ပေးတဲ့ အခြေခံအချက်တွေက အားနည်းနေသေးတယ်။ ကျနော်တို့က အခုဆို ဝယ်လိုအားနည်းတဲ့ရာသီထဲ ဝင်နေပြီလေ" လို့ Zhao ကပြောတယ်။

ကြာသပတေးနေ့မှာ တိုကျိုရဲ့ TOCOM မှာ နိုဝင်ဘာလကန်ထရိုက်ဈေးဟာ ၁.၈ ယန်း($ဝ.၀၁၆၃)ကျကာ ၁၇၄.၂ ယန်း/ကီလိုဂရမ်ဈေးနဲ့ ဈေးပိတ်သွားတယ်။ ရှန်ဟိုင်းရဲ့ ShFE မှာ  စက်တင်ဘာကန်ထရိုက်ဈေးဟာ ၄၅ ယွမ်($၆.၉၃) တက်ကာ ၁၀၃၄၀ ယွမ်/တန်ဈေးနဲ့ ဈေးပိတ်သွားခဲ့တယ်။

သောကြာနေ့ ဈေးပိတ်ချိန်မှာလည်း TOCOM က (ဝ.၈ ယန်း) အနည်းငယ်ကျပြီး ၁၇၃.၄ ယန်း ဈေးဖြင့် ပိတ်ပါတယ်။ ShFE မှာတော့ ၁၁၅ ယွမ်တက်ကာ ၁၀၄၈၀ ယွမ်/တန်ဖြင့်ဈေးပိတ်ပါတယ်။ 

ညီသွေး

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်