တစ်ပတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက်သုံးသပ်ချက်

24/11/2018 12:02 PM တွင် Nyi Thway Nyi Thway မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကမ္ဘာ့ရော်ဘာထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကာလကတည်းက ရော်ဘာဈေးနှုန်း ၄၀% အထိကျဆင်းသွားတဲ့ ဒဏ်ကိုခံစားနေရပါတယ်။ အခုတဖန် အမေရိကန်နှင့် တရုတ်တို့ရဲ့ ကုန်သွယ်ရေးစစ်ကြောင့် တရုတ်တို့ရဲ့ ထိုင်းရော်ဘာအပေါ်ဝယ်လိုအားကို ထိခိုက်မယ်ဆိုတာ ထင်ရှားပါတယ်။ ဒီတော့ တောင်သူတွေကအောက်ဆုံးမှာ အခံစားရဆုံးဖြစ်မှာပေါ့။ 

ပြီးခဲ့တဲ့ အင်္ဂါနေ့မှာတော့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ရော်ဘာဈေးကျနေလို့ အစစအရာရာ ထိခိုက်မှုရှိနေတဲ့ ရော်ဘာတောင်သူတွေအတွက် အမတော်ငွေ ဘတ် ၁၈.၆ ဘီလီယံကို အစိုးရအဖွဲ့က ပေးဖို့ သဘောတူညီလိုက်ပြီဆိုတဲ့ သတင်းတစ်ခုတက်လာပါတယ်။ 

ဒီအစီအစဉ်ကို ပေးဖို့ရည်ရွယ်ထားတာတော့ ကြာပါပြီ။ စတင်စီစဉ်ကတည်းက ထောက်ပံ့ငွေကို ထိုင်းနိုင်ငံရော်ဘာအာဏာပိုင်Rubber Authority of Thailand (RAT)မှာ မှတ်ပုံတင်ထားတဲ့ တောင်သူငယ်တွေကိုသာပေးမှာဖြစ်တယ်လို့ ကြေညာထားပြီးသားပါ။ ခြံကိုပိုင်ဆိုင်ကြောင်းပြနိုင်ပြီး လောလောဆယ် စိုက်ပျိုးမြေမှာ အလုပ်လုပ်ကိုင်သူတွေဟာ ဒီဇင်ဘာလ ၁၈ ရက်နေ့မှစပြီး ကတိပြုထားတဲ့ ငွေကို ရရှိကြမှာဖြစ်တယ်။

ကတ်ဘိနက်အစည်းအဝေးအပြီးမှာ စိုက်ပျိုးရေးဝန်ကြီး ခရစ်ဆဒါ ဘွန်ရာ့ချ်က ပြောကြားရာမှာ အမတော်ငွေပေးမယ့်အစီအစဉ်မှာ မှတ်ပုံတင်ထားတဲ့ လူပေါင်း ၁.၄ သန်း အကျိုးခံစားကြရပါမယ်။ ဒီအထဲက ၁ သန်းက ရော်ဘာတောင်သူတွေဖြစ်ပြီး၊ ကျန် ၄၀၀၀၀၀ က ရော်ဘာခြစ်လုပ်သားတွေပါတဲ့။ ရော်ဘာခြံ ဧရိယာ ၁ ရိုင်( ၁ ရိုင် = ဝ.၃၉၅၃ ဧက သို့မဟုတ် ၁ ဧက = ၂.၅၂၉ ရိုင်၊ အနီးစပ်ဆုံး ၄ ရိုင် ဟာ ၁ ဧက ကျော်ကျော်လေးရှိပါတယ်။) လျင် ဘတ် ၁၈၀၀ ပေးမယ်။ ၁၅ ရိုင်အထိပိုင်ဆိုင်တဲ့ တောင်သူငယ်တွေအထိ ဒီအမတော်ကြေးကိုရမယ်လို့ သူကပြောပါတယ်။ 

ခြံမပိုင်ဘဲ မှတ်ပုံတင်ထားတဲ့ ရော်ဘာခြံမှာ အလုပ်လုပ်တဲ့ ရော်ဘာခြစ်သမားတွေက ၁ ရိုင်လျှင် ဘတ် ၇၀၀ နဲ့ အများဆုံး ၁၀၅၀၀ အထိရပါမယ်။

အမတော်ကြေး သို့မဟုတ်ထောက်ပံ့ငွေကို စိုက်ပျိုးရေးနဲ့ စိုက်ပျိုးရေးသမဝါယမဘဏ် the Bank of Agriculture and Agricultural Cooperatives (BAAC) က သူတို့ပိုင်ငွေနဲ့ ဒီထောက်ပံ့ကြေးကို ကိုင်တွယ်ပေးအပ်မှာဖြစ်တယ်။ " RAT က လာမယ့် ဘတ်ဂျက်နှစ်အစ အောက်တိုဘာမှာ BAAC ကို ပြန်ဆပ်ပေးပါ့မယ်" လို့ ဝန်ကြီးကပြောပါတယ်။ 

ဝန်ကြီးချုပ် ပါယွတ် ချန်အိုချာက တောင်သူတွေကို သူတို့ကိုကူညီတဲ့အနေနဲ့ ကတိပေးထားတဲ့အတိုင်း ဆန္ဒမပြကြဘို့ မေတ္တာရပ်ထံထားတယ်။ 

ဈေးနှုန်းကျတာက နာတာရှည်လိုဖြစ်နေတော့ အစိုးရကို ဈေးနှုန်းပြန်တက်လာအောင်လုပ်ဆောင်ပေးဖို့ ဖိအားပေးတဲ့အနေနဲ့ ရော်ဘာတောင်သူတွေက ဆန္ဒပြမယ်လို့လည်း စီစဉ်ထားတာရှိနေတယ်။ ဒါကို အစိုးရကလည်း မလိုလားဘူး။ ဘာဖြစ်လို့လဲဆိုရင် ၂၀၁၃ တုန်းက ရော်ဘာတောင်သူများစွာက တိုင်းပြည်အနှံ့ဆန္ဒပြကြတယ်။ တောင်ပိုင်းမှာဆိုရင် လမ်းတွေ လေယာဉ်ကွင်းတွေပိတ်ဆို့ပြီး ဆန္ဒပြကြတယ်။ ဒီဆန္ဒပြသမားတွေဟာ နိုင်ငံရေးလုပ်ရှားမှုတစ်ခုအသွင်ပြောင်းသွားတဲ့ ဆန္ဒပြသူတွေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သွားပြီး ၂၀၁၄ မှာ စစ်တပ်အာဏာသိမ်းရတဲ့အထိ ဦးတည်သွားတယ်လေ။ ဒါမျိုးပြန်ဖြစ်လာမှာကို လက်ရှိစစ်အစိုးရက ဘယ်လိုလားပါ့မလဲ။ ဝန်ကြီးချုပ်ပါယွတ်ကိုယ်တိုင် ဆန္ဒမပြကြဖို့ မေတ္တာရပ်ထားတာလည်းရှိတယ်။ 

ဒါကတော့ အစိုးရက ရော်ဘာတောင်သူငယ်တွေ ဈေးကျတဲ့ဒါဏ်ကနေ သက်သာရာရအောင် စီမံပေးတဲ့ စီမံချက်တွေထဲကတစ်ခုပေါ့။ 

နောက်တစ်ခုက ရော်ဘာဈေးပြန်တက်လာအောင် လုပ်ဆောင်မယ့် ထိုင်းအစိုးရရဲ့ စီမံချက်တွေအကြောင်းပါ။ 

အစိုးရက အဓိက ရော်ဘာတင်ပို့သူ Exporter  ၅ ဦးကလည်း အစိုးရနဲ့ ပူးပေါင်းပါဝင်ဘို့ မေတ္တာရပ်ရာမှာ သဘောတူထားပြီးဖြစ်တယ်။ ရော်ဘာတောင်သူတွေကို ကူညီတဲ့အနေနဲ့ သူတို့က ရော်ဘာ အစေးရော၊ ရော်ဘာခွက်တုံးတွေကိုပါ တကီလိုဂရမ်လျင် ၃၇ ဘတ်ဈေးနဲ့ ဝယ်ပေးမယ်လို့ အာမခံထားတယ်။ မှိုင်းခံအစင်းပြား RSS ကိုတော့ တကီလိုလျင် ဘတ် ၄၀ ပေးမယ်လို့ အာမခံပါတယ်။ 

"RAT က ရော်ဘာတင်ပို့သူတွေအတွက် ဒီရော်ဘာအတန်းအစားတွေကို တစ်ကီလိုလျှင် ၂ ဘတ်နှုန်းနဲ့ ထောက်ပံ့ငွေပေးဖို့ သဘောတူထားတယ်" လို့ ဝန်ကြီး ခရစ်ဆဒါကပြောပါတယ်။ ဒါက ပုဂ္ဂလိကကဏ္ဍနဲ့ ပူးပေါင်းလုပ်ဆောင်ချက်တစ်ခုပါ။ ဈေးတိုးဝယ်ပေးဖို့ လုပ်ဆောင်ချက်လို့လည်း ပြောလို့ရတယ်။ 

နောက်တစ်ခု ကပြည်တွင်းအသုံးမြှင့်တင်ဖို့ လုပ်ဆောင်ချက်ပါ။ နှစ်စဉ်ထိုင်းနိုင်ငံက စုစုပေါင်းထုတ်လုပ်မှု တန် ၄.၅ သန်းထဲမှာ ပြည်တွင်းအသုံးဟာ တန် ၆၀၀၀၀၀ ခန့်ရှိတယ်ဆိုတော့ ထုတ်လုပ်မှုစုစုပေါင်းရဲ့ ၁၄% သာရှိတယ်။ နိုင်ငံခြားပို့တာက ၈၆% ရှိတယ်ဆိုတဲ့သဘော။ 

မလေးရှားဆိုရင် ပြည်တွင်းရော်ဘာအသုံးက စုစုပေါင်းထုတ်လုပ်မှုရဲ့ ၃၅% ရှိတယ်လေ။ ထိုင်းရဲ့ ပြည်တွင်းအသုံးကနည်းနေတယ်။ အရှုံးပြနေတဲ့ နိုင်ငံခြားတင်ပို့မှုကို လျော့ချပြီး၊ ရော်ဘာအသုံးကို မြှင့်တင်ကာ ပြည်တွင်းရော်ဘာဈေးကို မြှင့်တင်ပေးကြဖို့ အစိုးရဌာနအသီးသီးကို ဝန်ကြီးက တိုက်တွန်းထားတယ်။ ရော်ဘာကို ကတ္တရာနဲ့ ရောပြီး လမ်းခင်းရာမှာ အရည်အသွေးကောင်းတဲ့ လမ်းကိုရတယ်။ ဒီလိုလမ်းခင်းဖို့ အဝေးပြေးလမ်းဌာန Highways Department နဲ့ ကျေးလက်လမ်းများဌာန Rural Roads Department တို့အစိုးရဌာနတွေက ရော်ဘာတိုးသုံးပေးလို့ရတယ်။ အခြားအစိုးရဌာနအသီးသီးကိုလည်း ရော်ဘာကိုတတ်နိုင်သလောက် သုံးပေးကြဖို့ ဝန်ကြီးကတိုက်တွန်းထားတယ်။ ပြီးတော့ တိုင်ယာလုပ်ငန်းကုမ္ပဏီတွေ၊ ရော်ဘာလက်အိတ်လုပ်တဲ့ကုမ္ပဏီတွေလို ရော်ဘာအသုံးများတဲ့ လုပ်ငန်းတွေနဲ့ အခြား ရော်ဘာထုတ်ကုန်ပစ္စည်းကုမ္ပဏီတွေကိုလည်း တိုးသုံးပေးဖို့တိုက်တွန်းတယ်။ ဒီလိုပြည်တွင်းအသုံးမြှင့်တင်ကာ ပြည်တွင်းရော်ဘာဈေးကို မြှင့်တင်နိုင်မယ့် နည်းကိုလည်းသုံးတယ်။ 

နောက်တစ်နည်းက ရော်ဘာလျှော့ထုတ်ပြီး ရောင်းလိုအားနည်းပြီး ဝယ်လိုအားတက်လာအောင်လုပ်တဲ့နည်းလည်းရှိသေးတယ်။ 

နာတာရှည်ဖြစ်နေတဲ့ ရော်ဘာဈေးနှုန်းကျဆင်းမှုရောဂါကို တိုက်ဖျက်ဖို့ ထိုင်းနိုင်ငံအနေနဲ့ ရော်ဘာစိုက်ခင်း ပမာဏတော်တော်များများကို လျှော့ချဖို့လိုအပ်မယ်လို့ ထိုင်းနိုင်ငံရဲ့ စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးသမဝါယမဝန်ကြီး ခရစ်ဆဒါ ဘွန်ရတ်က ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။ 

ဈေးနှုန်းကျနေတာကို ဟန့်တားထိန်းချုပ်ဖို့နဲ့ ကမ္ဘာ့ဈေးကွက်ထဲ ရောင်းလိုအားပိုလျှံမနေရအောင်ရယ်၊ တတိုင်းပြည်လုံးရှိ ရော်ဘာတောင်သူ ၁.၂ သန်းတို့ နောက်ထပ်အရှုံးမပေါ်ရလေအောင်၊ စုစုပေါင်း ရော်ဘာစိုက်ခင်းဧရိယာ ဧက ၇.၆ သန်းထဲကနေ ၃၀% လျှော့ချဖို့ရှိတယ်လို့ ခရစ်ဆဒါကပြောပါတယ်။

လျှော့ချရာမှာ ရော်ဘာစေးသိပ်မထွက်တော့တဲ့ အပင်အိုတွေကို ခုတ်လှဲပြီး ရော်ဘာပင်ပြန်မစိုက်ဘို့ရယ်။ ရော်ဘာစိုက်ခင်းသစ်တွေ ထပ်မစိုက်ဘို့ရယ်။ အဆုံးစွန် ရော်ဘာပင်ပျိုတွေပါ ခုတ်လှဲဖို့အထိပါဝင်တယ်။ အပင်ပျိုတွေကို ခုတ်လှဲမယ့် အစီအစဉ်မှာပါဝင်တဲ့ တောင်သူတွေကို ၁ ရိုင်လျှင် ဘတ် ၁၆၀၀၀ နှုန်းပေးမယ်ဆိုတဲ့ စီမံချက်တွေနဲ့ပါ။

အပင်အိုတွေပိုင်ဆိုင်ထားတဲ့ တောင်သူတွေဟာ ရော်ဘာစေးအထွက်လျော့တော့ ဝင်ငွေနည်းသွားသည့်အပေါ် အခြားလုပ်ငန်းများမှ ဝင်ငွေရရလေအောင် Job Training ပေးတဲ့ အစီအစဉ်တွေရှိသလို၊ ပရိဘောဂကုမ္ပဏီတွေကိုလည်း ခုတ်လှဲလိုက်တဲ့ အပင်တွေကိုတောင်သူတွေဆီကနေ တိုက်ရိုက်ဝယ်ယူပေးဘို့ တိုက်တွန်းတာမျိုးလည်းလုပ်ထားတယ်။ တဆင့်ခံဝယ်ခိုင်းမယ်ဆိုရင် တောင်သူတွေက ဈေးနည်းနည်းပဲရမယ်လေ။ ကုမ္ပဏီမှ တိုက်ရိုက်ဝယ်တော့ ဈေးပိုရတာပေါ့။ 

စိုက်ပျိုးရေးဝန်ကြီးဌာနအဆိုအရ၊ ပျမ်းမျှဈေးက ပြည်တွင်းဈေးကွက်မှာ တစ်ကီလိုလျှင် ၁.၂၁ ဒေါ်လာသို့ကျသွားပြီး ထိုင်းတောင်သူတွေရဲ့ ပျမ်းမျှ ထုတ်လုပ်စားရိတ်က ၁.၉၀ ဒေါ်လာ/ကီလိုဂရမ်ရှိနေတယ်။ မရောင်းနိုင်လောက်အောင်အရှုံးပေါ်နေတယ်။ ဒါကြောင့်မို့သာပဲ ရော်ဘာဈေးမြင့်တက်လာအောင်နဲ့ ဈေးကျတဲ့ ဒဏ်ကိုခံစားရသက်သာရလေအောင် ထိုင်းအစိုးရအနေနဲ့ အဘက်ဘက်က စီမံချက်အမျိုးမျိုးနဲ့ လုပ်ဆောင်ကူညီပေးနေရတာဖြစ်တယ်။ 

ဝန်ကြီးချုပ် ပါယု ချန် အိုချာကတော့ ထောက်ပံ့ကြေးအစီအစဉ်ဟာ ယာယီစီမံချက်ဖြစ်ကြောင်းပြောသွားတယ်။ ပြီးတော့ ပြောင်းလဲနေတဲ့ စီးပွားရေးရာသီဥတုအခြေအနေနဲ့ တောင်သူတွေဟာ ချိန်ညှိကြဖို့ တိုက်တွန်းလိုက်တယ်။

ညီသွေး

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်