မြေဆီလွှာဖွံ့ဖြိုးစေပြီး ဓာတ်မြေဩဇာကုန် သက်သာစေမည့် သစ်စိမ်းမြေသြဇာ
သစ်စိမ်းမြေသြဇာပြုလုပ်ပြီးသီးနှံစိုက်ပျိုးသောနည်းစနစ်သည် တကယ်တော့အရင်းအနှီးနည်းနည်းဖြင့် အမြတ်များစွာရရှိသော စိုက်ပျိုးနည်းစနစ်(Low Input Technology)လို့ဆိုနိုင်သည်။ ဓာတ်မြေသြဇာဖိုး ကုန်ကျမှု သက်သာသည်။ သဘာဝမြေသြဇာတစ်မျိုးဖြစ်သဖြင့် သုံးစွဲလာသည်နှင့်အမျှ မြေသားအသွင်အပြင် တိုးတက်လာစေသည်။ မြေဆီသြဇာလည်း ကောင်းမွန်လာသည်။ စိုက်ပျိုးကုန်ကျစရိတ်နည်းနည်းဖြင့် အမြတ်များများ ရနိုင်သည်ဟု ပြောလိုပါသည်။
သစ်စိမ်းမြေသြဇာပင်

သစ်စိမ်းမြေသြဇာဆိုတာ သီးနှံစိုက်ပျိုးရေးမှာ အရေးပါသောသဘာဝမြေသြဇာတစ်မျိုးဖြစ်သော်လည်း သစ်စိမ်းမြေသြဇာပင်ဆိုတာ ဘယ်အပင်ကိုခေါ်ပါသလဲမေးလျှင် ပြောရခက်သည်။ အလွယ်ဆုံးနှင့် အရှင်းဆုံး ဖေါ်ပြရလျှင် စားဖို့မဟုတ်၊ ရောင်းဖို့လည်းမဟုတ်ဘဲ စိုက်သောအပင်ဟု နားလည်နိုင်ပါမည်။ မြေသြဇာတက်စေမှု ရှုထောင့်က ကြည့်တာများသည်။ စိုက်ပျိုးပြီး မရင့်မှည့်သေးမီ မြေထဲထိုးမြှုပ်ခြင်းဖြင့် မြေသြဇာဖြစ်စေသော သီးနှံကို သစ်စိမ်းမြေသြဇာပင်လို့ ခေါ်ဝေါ်ခဲ့ကြသည်။
ပဲလွမ်း၊ ညံပင်၊ ပိုက်ဆံလျှော်ပင်စသည့်အပင်များကို သစ်စိမ်းမြေသြဇာပင်ဟု လူသိများသည်။ ပဲလွမ်းမှာ ပဲမျိုးစုံ သီးနှံတစ်မျိုးဖြစ်သည်။ တစ်ကြိမ်နှစ်ကြိမ်အသီးဆွတ်ခူးပြီးမှလည်း သစ်စိမ်းမြေသြဇာအဖြစ်သုံးနိုင်သည်။ ပဲလွမ်းလို အခြားအရွက်ဧရိယာများသည့် ပဲမျိုးစုံပင်တို့ကိုလည်း သစ်စိမ်းမြေသြဇာအဖြစ်သုံးနိုင်သည်။ ညံပင်ကတော့ အမျိုးမျိုးရှိသည်။ ညံပင်အမျိုးမျိုးအနက်ပင်စည်တွင်အဖုကလေးများပါသောအာဖရိကညံမျိုးကို သစ်စိမ်းမြေသြဇာအဖြစ် နိုင်ငံအချို့တွင်အသုံးပြုကြောင်းသိရသည်။
အာဖရိကညံပင်(Sasbania rostrata)
အာဖရိကညံကို စပါးမစိုက်မီ မိုးဦးကျတွင် ထွန်ရေးပြင်ပြီး တစ်ဧကလျှင် မျိုးစေ့(၃)ပြည်မှ (၅)ပြည်နှုန်း ကြဲပက်သည်။ စိုက်ပြီး ၄၅ ရက်မှ ၆၀ ရက်(သို့မဟုတ်)ပန်းစတင်ပွင့်ချိန်တွင် ထယ်ထိုး ဒါမှမဟုတ် စက်တုံးခုတ်ကာ မြေမြှုပ်ပြီးမှ ထယ်ရေးပြင်ရသည်။ စတင်မြေမြှုပ်ပြီး နှစ်ပတ်အကြာတွင် ကောင်းစွာဆွေးမြေ့ပြီဖြစ်လို့ စပါးစိုက်နိုင်သည်။ ဤသို့ဆောင်ရွက်ခြင်းဖြင့် ပုလဲဓာတ်မြေသြဇာ ၂၂၄ ပေါင်နှင့်ညီမျှသော နိုက်ထရိုဂျင်အာဟာရဓာတ်ကို ရရှိစေကြောင်း သုတေသီတို့ တွေ့ရှိခဲ့ပါသည်။
အာဖရိကညံပင်(Sasbania rostrata)၏ ထူးခြားချက်က ကြီးထွားနှုန်းမြန်သည်။ စပါးစိုက်ပျိုးရေးတွင် အသုံးပြုရန် အထူးကောင်းမွန်သောမြေသြဇာစိမ်းပင်ဟု ဆိုကြသည်။အပင်ပေါက်ပြီး နှစ်ပတ်သားမှစ၍ အပင်၏ ပင်စည်ရိုးတံပေါ်တွင် အဖုကလေးများဖြစ်ပေါ်ကာ လေထုတွင်းရှိ နိုက်ထရိုဂျင်ကို ဖမ်းယူထိန်းချုပ်ပေးနိုင်သည်။ ညံပင်အမျိုးမျိုး(Sasbania spp)ရှိရာ အာဖရိကညံပင်မျိုးကို ဇီဝမြစ်ဖုညံမျိုးဟုလည်းခေါ်ဝေါ်နိုင်သည်။
ပိုက်ဆံလျှော်ပင်
ပိုက်ဆံလျှော်ပင်ကို သစ်စိမ်းမြေသြဇာပင်အဖြစ်စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးရလွယ်ကူသည်။ ကြီးထွားနှုန်း မြန်သည်။ သို့သော် ရေဝပ်ဒဏ်တော့ မခံနိုင်ပါ။ အခြောက်ထယ်ရေးပြင်မှာ စိုက်ပျိုးကြီးထွားသည်။ ဇွန်လမိုးဦးကျတွင် ပိုက်ဆံလျှော်ပင်ကို ကြဲပက်စိုက်ပျိုးပြီး အပင်များပေါက်လာပြီးနောက် ပန်းအဖူးဝင်စတွင် ထယ်ထိုးကာ မြေတွင်းမြှုပ်ထားနိုင်သည်။ မိုးလယ်၌ ကောင်းစွာဆွေးမြေ့သဖြင့် ထွန်ရေးတမန်းပြုပြင်ကာ စပါးစိုက်ပျိုးနိုင်ပါသည်။
ဂလိုင်ရီစီးဒီးယား
လျင်လျင်မြန်မြန်ကြီးထွားသော အပင်အမျိုးအစားတစ်မျိုးကို မိတ်ဆက်ပေးလိုသည်။ ဂလိုင်ရီစီးဒီးယားဟု အင်္ဂလိပ်နာမည်အရင်းကိုသာ ပြောလိုပါသည်။ ဒေသအလိုက်နာမည်ကွဲပြားမှာစိုး၍ဖြစ်သည်။ သေချာသည်မှာ စွယ်စုံအသုံးဝင်သော အပင်တစ်မျိုးဖြစ်သည်။ ပဲမျိုးနွယ်ဝင် အပင်တစ်မျိုးလို့သိထားစေလိုသည်။ လယ်ယာစိုက်ပျိုးရေးအတွက် သစ်စိမ်းမြေသြဇာအဖြစ် အသုံးပြုနိုင်ပါသည်။
စိုက်ရတာလွယ်ကူသည်။ သဲမြေ၊ မြေစေး သိပ်မရွေးပါ။ မြေအချဉ်အငန်ဓာတ် ၄ ဒသမ ၅ မှ ၆ ဒသမ ၂ ခန့်ကို ကြိုက်နှစ်သက်သည်။ အပင်က အလယ်အလတ်စားဖြစ်သည်။ အကိုင်းအခက်ကို ခုတ်ဖြတ်ပြီး လယ်ကွက်ထဲထည့်ကာ သစ်စိမ်းမြေသြဇာအဖြစ်အသုံးပြုနိုင်သည်။ များမကြာမီ အကိုင်းအသစ်များထွက်ကာ နှစ်စဉ်ခုတ်ယူပြီး သစ်စိမ်းမြေသြဇာအဖြစ်ထည့်သွင်းနိုင်ပါသည်။
ဂလိုင်ရီစီးဒီးယားပင်သည် စိုက်ပျိုးမြေအတွင်းသို့ နိုက်ထရိုဂျင်ရရှိအောင် ဆောင်ရွက်ပေးနိုင်သည်။ ဒါ့ကြောင့် ၄င်း၏အပင် အကိုင်းအခက်အလက်တို့ကို မြေထဲထည့်လိုက်လျင် စိုက်ပျိုးသောသီးနှံပင်အား အထွက် တိုးစေကြောင်း အသိပေးလိုက်ရပါသည်။
သစ်စိမ်းမြေသြဇာအကျိုးကျေးဇူး
သစ်စိမ်းမြေသြဇာပင်တစ်မျိုးမျိုးကို လယ်ယာကွက်ထဲ စီးပွားဖြစ်သီးနှံမစိုက်မီ စိုက်ပျိုးကာ ပန်းပွင့်ခါစအချိန်မှာ ထယ်ထိုးမြေမြှုပ်ခြင်းသည် စိုက်သည့်သီးနှံအတွက် အာဟာရဓာတ်ရရှိစေကြောင်း အများသိပြီး ဖြစ်သည်။ တကယ်တော့ ထိုမျှမကပါ။ မြေ၏ ရုပ်သဘာဝကိုပြောင်းလဲကောင်းမွန်စေခြင်း၊ ဓာတ်သဘာဝ တိုးတက်စေခြင်း၊ မြေတွင်းရှိ ပိုးမွှား၊ ရောဂါဖြစ်ကြောင်းအကြွင်းအကျန်တွေကို ပျက်စီးစေခြင်း၊ ပေါင်းမြက်ကို ကြိုတင်ကာကွယ်ရာရောက်ခြင်းစသည့် အကျိုးကျေးဇူးများရရှိစေပါသည်။
စိုက်ပျိုးရန်အချိန်ရပြီး အခြေအနေပေးပါက စပါး(သို့မဟုတ်)သီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးခြင်းမပြုမီ သစ်စိမ်းမြေသြဇာပင် တစ်မျိုးမျိုးကို စိုက်ပျိုးကာ မြေဆီလွှာဖွံ့ဖြိုးရေးကို ဆောင်ရွက်သင့်ပါကြောင်း အသိပေး ရေးသားလိုက်ရပါသည်။
ဆင်းသီဟ
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Soe Myint
အားလုံး