အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စိုက်ပျိုးသုတ ဒီဇင်ဘာလ

စိုက်ပျိုးသုတ ဒီဇင်ဘာလ

Soe Myint
Soe Myint • 03/12/2024

ဒီဇင်ဘာလမှာ ဆောင်းသီးနှံအများစုကို အပြီးစိုက်ရမှာ ဖြစ်သည်။ အလားတူ ကြံသီးနှံကို  ဒီအချိန်မှာ စိုက်နိုင်သည်။ နွေစပါးကိုလည်း စတင်စိုက်ပျိုးရမှာဖြစ်သည်။ ဒါ့ကြောင့် အဆိုပါသီးနှံများဆိုင်ရာ သိရှိသင့်သည်များကို ဖော်ပြရေးသားလိုပါသည်။

မတ်ပဲအဝါရောင်မိုစေ့ရောဂါသတိထားရေး

  စပါးရိတ်သိမ်းချိန်နောက်ကျခြင်း၊ မိုးရွာသွန်းမှုကြောင့် အစိုဓာတ်များနေခြင်းတို့ကြောင့် နိုဝင်ဘာလအတွင်းစိုက်ပျိုးခြင်းမပြုနိုင်ဘဲ ဒီဇင်ဘာမှာမှစိုက်မည့် မတ်ပဲစိုက်ခင်းများအတွက် အသိပေးလိုသည်။ စိုက်ချိန်နောက်ကျသည့် မတ်ပဲစိုက်ခင်းများတွင် အဝါရောင်မိုစေ့ရောဂါ ကျရောက်တတ်ပါသည်။ 

တစ်ပင်နှင့်တစ်ပင် ယင်ဖြူ(White fly)မှတစ်ဆင့် ရောဂါကူးစက်ခြင်း ဖြစ်သည်။ ရောဂါ ကျရောက်လျင် မတ်ပဲအရွက်အနုပေါ်မှာ အဝါ‌ရောင်အစက်အပြောက်များ ဖြစ်ပေါ်တာမြင်တွေ့ နိုင်သည်။ အရွက်တွေသည် အဝါရောင်နှင့် အစိမ်းရောင် ပုံမမှန်ကွက်ကြားတွေ ဖြစ်ပေါ် နေတတ်သည်။ 

ရောဂါကျရောက်နေသောအရွက်တွေကို တစ်ပင်တွေ့ တစ်ပင်နှုတ်ယူ မီးရှို့ပါ။ ထို့နောက် ချက်ချင်းပိုးသတ်ဆေးဖျန်းရန် ဖြစ်သည်။ ထို့ပြင် စိုက်ခင်းအတွင်းပေါက်ရောက်နေသော ပေါင်းမြက်ပင်များ၊ အလေ့ကျအခြားအပင်များကိုလည်း နှုတ်ပယ်ပစ်ရန် လိုပါသည်။

ကုလားပဲသီးနှံရောဂါကာကွယ်ရေး

ကုလားပဲသီးနှံသည် ရောဂါကျရောက်ဖျက်ဆီးမှုခံရလေ့ရှိသည့် သီးနှံတစ်မျိုးဖြစ်သည်။ အပင်ပေါက်စမှ အသီးဝင်သည်ထိ ရောဂါကျရောက်နိုင်သည်။ အပင်ငယ်စဉ်ကျလျင် ညှိုးသေနေသည်ကို မြင်တွေ့နိုင်သည်။ ထို့ကြောင့် ရောဂါဒဏ်ခံနိုင်သောမျိုးကို သုံးစွဲဖို့လိုပါသည်။စိုက်ပျိုးသည့်အပင်အတန်းအကွာအဝေး၊ တစ်နည်း အပင်အစိပ်အကျဲ၊ ပြီးတော့စိုက်ချိန်စောခြင်း၊ နောက်ကျခြင်း၊ ဒါတွေကြောင့် ရောဂါကျရောက်ဖျက်ဆီးမှု၊ ပြင်းထန်မှု မတူညီနိုင်ပါ။ ထို့ကြောင့် ရေမြေဒေသအလိုက် သင့်တော်သောစိုက်ချိန်မှန်မှာ စိုက်ပါ။ စိုက်ပျိုးနည်းစနစ် လည်း မှန်ကန်စေလိုပါသည်။

ယခင်နှစ်က ကုလားပဲစိုက်ခဲ့ပြီး ရောဂါကျရောက်ခဲ့လျင် ရောဂါအဆက်ပြတ်စေရေး အတွက် ဒီနှစ် အဲသည်မြေမှာ ကုလားပဲစိုက်ပျိုးခြင်းမပြုသင့်ပါ။ 

ကုလားပဲသီးနှံရောဂါကျရောက်မှုနည်းပါးရေးအတွက် သီးနှံအလှည့်ကျစိုက်စနစ်ကိုလည်း ကျင့်သုံးသင့်ပါသည်။

အစိုဓာတ်မဆုတ်ယုတ်မီ ပဲပုပ်သီးနှံစိုက်ပျိုးရေး

လယ်မြေတွင် ပဲပုပ်သီးနှံကို အစိုဓာတ်မဆုတ်ယုတ်မီ အမြန်စိုက်ပျိုးရန် ဖြစ်သည်။ ပုံမှန်ထွန်ယက်စိုက်ပျိုးနည်းစနစ်ဖြင့် လုပ်ကိုင်နိုင်ခြင်းမရှိပါက ပဲပုပ်သီးနှံကို ထွန်ရေးမဲ့နည်းစနစ် (Zero Tillage)ဖြင့် စိုက်နိုင်သည်။ ထွန်ရေးအနည်းငယ်ပြုပြင်စိုက်ပျိုးနည်းစနစ်(Minimum Tillage )ဖြင့်လည်း စိုက်ပျိုးနိုင်သည်။ အဓိကမှာ လုပ်အားနှင့် ကုန်ကျစရိတ်သက်သာဖို့ ဖြစ်ပြီး မြေတွင်းအစိုဓာတ်မပြေးမီ လျင်လျင်မြန်မြန် စိုက်ပျိုးရန် ဖြစ်ပါသည်။

နေကြာသီးနှံသီးသန့်၊ သီးညှပ်စိုက်ပျိုးရေး

စားသုံးဆီဖူလုံရေးအတွက် နေကြာသီးနှံကို သီးသန့်စိုက်နိုင်သည်။ သီးထပ်လည်း စိုက်နိုင်သည်။ ထို့ပြင် ဆောင်းသီးနှံများဖြစ်သော မတ်ပဲ၊ ပဲတီစိမ်း၊ ပဲလွမ်း၊ မြေပဲစသည့် သီးနှံများစိုက်ပျိုးရာတွင် နေကြာသီးနှံကို သီးညှပ်အဖြစ် ထည့်သွင်းစိုက်ပျိုးနိုင်ပါသည်။ 

နေကြာသီးနှံကို သီးညှပ်စိုက်ခြင်းဖြင့် အဓိကသီးနှံမှ အထွက်ရ၊ နေကြာမှ စားသုံးဆီလည်း ရရှိနိုင်သည်။ ထို့ပြင် နေကြာသီးနှံသည် မျိုးစေ့မှ မျိုးစေ့ပြန်လည်ရရှိသောအချိုး(Seed to Seed Ratio) အထူးကောင်းမွန်သော ဆီထွက်သီးနှံဖြစ်ပါသည်။

ပဲမြစ်ဖုဇီဝမြေသြဇာသုံးစွဲရေး

စိုက်ပျိုးဆဲ မြေပဲနှင့် ပဲမျိုးစုံသီးနှံများတွင် ပဲမြစ်ဖုဇီဝမြေသြဇာကို သုံစွဲစိုက်ပျိုးစေချင်ပါ သည်။ မျိုးစေ့မှာ ပဲမြစ်ဖုဇီဝမြေသြဇာကို လူးနယ်စိုက်ပျိုးရုံပဲ ဖြစ်ပါသည်။ 

ပဲမြစ်ဖုဇီဝမြေသြဇာသည် အကျိုးပြုအဏုဇီဝသက်ရှိတစ်မျိုးဖြစ်သည့် ရိုင်ဇိုဗီယမ် ဘက် တီးရီးယားများဖြင့် ထုတ်လုပ်ထားသည့် မြေသြဇာတစ်မျိုးဖြစ်သည်။  ကုလားပဲသီးနှံအတွက် ကုလားပဲမြစ်ဖုဇီဝမြေသြဇာ၊ မြေပဲသီးနှံအတွက် မြေပဲမြစ်ဖုဇီဝမြေသြဇာစသည်ဖြင့် ပဲမျိုး အလိုက် သီးခြားစီထုတ်ထားသည်။ သက်ဆိုင်ရာပဲအလိုက် မှန်ကန်စွာ သုံးစွဲရန်လိုပါသည်။ 

အကျိုးရှိမှုမှာ ရိုင်ဇိုဘီယမ်ဘက်တီးရီးယားလေးတွေက လေထဲရှိ နိုက်ထရိုဂျင်ကို ဖမ်းယူပြီး ပဲပင်များသုံးစွဲနိုင်အောင် ပံ့ပိုးပေးတာ ဖြစ်သည်။ ဤသို့ဖြင့် မြေကြီးထဲရှိ နိုက်ထရိုဂျင်လျော့ပါးမှုကို ကာကွယ်ပေးသည်။ သို့ဖြစ်၍ နိုက်ထရိုဂျင်မြေသြဇာသုံးစွဲမှုကိုလည်း လျော့ချနိုင်ပါသည်။

ဂျုံသီးနှံမျိုးကောင်းမျိုးသန့်သုံးစွဲစိုက်ပျိုးရေး

ဂျုံသီးနှံသည် ပြည်တွင်းစားသုံးမှုဖူလုံခြင်းမရှိသည့်သီးနှံတစ်မျိုးဖြစ်သည်။ ပြည်ပမှ ဝယ်ယူတင်သွင်းနေရမှုသက်သာရေးနှင့် စိုက်ပျိုးသူတောင်သူလယ်သမားများ အကျိုးအမြတ်ရ ရှိရေးအတွက် စိုက်ဧရိယာတိုးချဲ့ရေးသာမက မျိုးကောင်းမျိုးသန့်သုံးစွဲရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးသည် အရေးပါလျက်ရှိသည်။ ဒေသရေမြေနှင့်ကိုက်ညီသောမျိုးကို ရွေးချယ်စိုက်ပျိုး စေလိုပါသည်။

ကြံသီးနှံအပင်ဦးရေပြည့်မီရေး

ကြံသီးနှံသည် လယ်ယာသီးနှံမျိုးစေ့များလို သုံးလေးညအိပ်ဆိုလျင် အပင်ပေါက်စုံတာ မဟုတ်ပါ။ ကြံမျိုးပိုင်းရှိ အဆစ်များကနေ တစ်ဆစ်ပြီးတစ်ဆစ် အပင်ပေါက်လာရတာ ဖြစ်လေတော့ သီတင်းပတ်နှင့်ချီပြီး အပင်‌ပေါက်စုံအောင်စောင့်ရသည်။ ထို့ကြောင့် အပင်ဦးရေပြည့်မီရေးအတွက် ထယ်ရေးနက်နက်ပြုပြင်ပြီး စိုက်ချိန်နောက်မကျစေရေး အသိပေးလိုပါသည်။

နွေစပါးအလျင်အမြန်စိုက်ပျိုးရေး

နွေစပါးကို မြန်မာနိုင်ငံအောက်ပိုင်းအတွက်စိုက်ချိန်မှန်ဖြစ်သော ဒီဇင်ဘာလအတွင်း ပြီးစီးအောင်စိုက်ပျိုးစေလိုသည်။ မေလကုန် မုတ်သုန်ဝင်လျှင် ဧရာဝတီတိုင်းဒေသကြီးလို အောက်ပိုင်းဒေသတွေမှာ စတင် ဝင်တာဖြစ်သည်။ နွေစပါးရိတ်သိမ်းချိန် အဆိုပါမုတ်သုန်မိုးနှင့် ကြုံပြီး လေလွင့်ဆုံးရှုံးမှာစိုး၍ ဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

 

 

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။