စိုက်ပျိုးသုတ မေလ

02/05/2023 11:00 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

ပုံမှန်အားဖြင့်ဆိုပါက မေလတွင် အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံသို့ရောက်ရှိလေ့ရှိသည်နှင့်အတူ မိုးဦးကျမည်ဖြစ်သည်။ မေလဒုတိယပတ်တွင် အောက်ပိုင်းဒေသများနှင့် မေလနောက်ဆုံးပတ်တွင် အလယ်ပိုင်းဒေသများ၌ ဖြစ်သည်။ အနောက်တောင်မုတ်သုန်လေကြောင့် ရွာသွန်းသည့် မိုးရေဖြင့် မိုးသီးနှံများကို စတင်စိုက်ပျိုးနိုင်တော့မည်ဖြစ်သည်။

အပင်ဖြစ်ထွန်းဆဲ နွေစပါးစိုက်ခင်းများကိုမူ ယခုလအတွင်း ဆက်လက် ပြုစုထိန်းသိမ်းကြရပါဦးမည်။

၁။ ယာသီးနှံများ

မုတ်သုန်မိုးကို အားကိုး၍ သီးနှံစိုက်ပျိုးရသည်ဖြစ်ရာ  အထူးသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် နှမ်း၊ ပြောင်း၊ မြေပဲ၊ နေကြာ၊ ပဲတီစိမ်း၊ ပဲစင်းငုံ-စသည့် ယာသီးနှံတွေ မိုးဦးကျလျှင်ကျခြင်း စိုက်နိုင်ဖို့ ထွန်ရေးအဆင်သင့် ပြင်ထားသင့်သည်။ 

အသိပေးလိုသည့်အချက်(၄)ချက်မှာ- 

  • ၁။ အပင်ပေါက်ကောင်းနိုင်သည့်မြေအစိုဓါတ်သေချာစွာရရှိမှသာစိုက်ပျိုးရန်၊ 
  • ၂။ အပင်ပေါက်(၈၀)ရာခိုင်နှုန်းအထက်ရှိသည့် မျိုးသန့်မျိုးစေ့ကိုအသုံးပြုရန်၊ 
  • ၃။ ခြောက်သွေ့မှုဒဏ်(Water Stress) ခံနိုင်ပြီး အပင်ပေါက်သန်စွမ်းကောင်းမွန်သည့် (good seedling vigour)မျိုးကိုအသုံးပြုရန်နှင့် 
  • ၄။ ရေမြေဒေသကိုက်ညီဖြစ်ထွန်း စျေးကွက်ရှိသည့် မိုးခေါင်ခံမျိုးကို အသုံးပြုရန်တို့ ဖြစ်ပါသည်။

မိုးရွာသွန်းလာမှုအခြေအနေကိုတော့ ကြည့်ဖို့လိုသည်။ အနည်းဆုံး မိုးရေချိန် လက်မဝက် မရွာဘဲနှင့် စတင်မစိုက်ပျိုးဖို့ ပြောလိုသည်။ အပင်ပေါက်မလာတာ၊ အပင်ပေါက်ပြီး နေပူမိသေသွားမှာ စိုးရိမ်၍ ဖြစ်ပါသည်။

၂။ နွေစပါးသီးနှံ

မြန်မာနိုင်ငံအထက်ပိုင်းဒေသတွင်စိုက်ပျိုးသော နွေစပါးအများစုသည် အပင်ဖြစ်ထွန်းဆဲ၊ ပွားများဆဲ ပင်ပိုင်းကြီးထွားသည့်ကာလ(Vegetative Phase)တွင်ပင် ရှိနေသေးသည်။  အထွက်မိတ်ဖက်တစ်ခု ဖြစ်သော စပါးနှံအရေအတွက် (Panicles per unit area)များစေရေးအတွက် လွန်စွာအရေးပါသော ကာလ ဖြစ်ပါသည်။ 

ဤကာလတလျှောက်လုံးတွင် စပါးစိုက်ခင်းကို အောက်ပါလုပ်ငန်းများလုပ်ဖို့ တိုက်တွန်းလိုပါသည်။ 

  • ၁။ ပေါင်းမြက်ကင်းစင်စေရေးကို အထူးဂရုစိုက် ဆောင်ရွက်ရန်၊
  • ၂။ လယ်ကွက်အတွင်းရေမပြတ်စေရေး ထိန်းထားရန်၊
  • ၃။ မြေသြဇာအာဟာရ မချို့ယွင်းစေရေးအတွက် နိုင်ထရိုဂျင်မြေသြဇာ ကျွေးပေးရန်၊ 
  • ၄။ ပိုးမွှားရောဂါကင်းစင်စေရေး စစ်ဆေးကြည့်ရှု ကာကွယ်နှိမ်နင်းရန်တို့ ဖြစ်ပါသည်။

၃။ မိုးစပါးသီးနှံ

မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်း(အထူးသဖြင့်) မိုးရေသောက် မိုးနည်းပါး ဒေသတို့တွင် ရွာသွန်းလာသမျှမိုးဖြင့် မိုးစပါးစတင်စိုက်ပျိုးလိုက စိုက်ပျိုးနိုင်သည်။ မြေတွင်းအစိုဓာတ်လုံလောက်စွာရရှိချိန် နှမ်း၊ ပြောင်း၊ မြေပဲ၊ ပဲမျိုးစုံသီးနှံများကို စိုက်ပျိုးရန် မြေပြုပြင်သကဲ့သို့ ထယ်ထိုးထွန်မွှေ၍ စပါးမျိုးစေ့ချစိုက်ပျိုးသည့်စနစ် ဖြစ်သည်။

စပါးမျိုးစေ့ကို စာပါးစပ်ပြူအညှောင့်ဖောက်ရန်မလိုပါ။ အတန်းလိုက်သော်လည်းကောင်း၊ ကြဲပက်၍ သော်လည်းကောင်း အဆင်ပြေသလို ဆောင်ရွက်နိုင်ပါသည်။

အခြောက်ထွန်ရေးပြင်မှာ စပါးမျိုးစေ့ချစိုက်ပျိုးခြင်း(dry seeding)ဖြစ်၍ မုတ်သုန်မိုးဖြင့် ပျိုးခင်းရေ ရရှိသည်အထိ စောင့်စရာမလိုပါ။ မေလနောက်ဆုံးပတ်လောက်မှာ ဆင်ရေချိုးမိုးတစ်မိုးနှစ်မိုးလောက် ရွာလျှင်ပင် စိုက်နိုင်ပါသည်။ 

ယခင်က စပါးတစ်သီးသာစိုက်ပျိုးသည့်လယ်မြေတွင် စပါးနှစ်သီးကို အောင်မြင်စွာ စိုက်ပျိုးနိုင်သောစနစ်ဖြစ်သည်။ ပျိုးထောင်စရိတ်၊ ပျိုးနှုတ်စရိတ်၊ တမန်းပြင်စရိတ်၊ ကောက်စိုက်စရိတ် မကုန်ပါ။ မိုးခေါင်ဒဏ်ခံနိုင်သည်။ အသက်ရက် (၇) မှ (၁၀) ရက်ခန့် စောပြီး ရိတ်သိမ်းနိုင်ပါသည်။ 

အဆိုပါအခြောက်တိုက်ရိုက်စိုက်စပါး(Dry Direct-Seeded Rice)ရိတ်သိမ်းအပြီး ပျိုးထောင်ကောက်စိုက်စပါး(Transplanted Rice)ကို စိုက်ပျိုးနိုင်မည်ဖြစ်၍ စပါး-စပါး သီးနှံပုံစံ (DSR-TPR  Cropping Pattern)ကို လုပ်ကိုင်ရာကျပါမည်။

ရေအနည်းလိုစပါးမျိုးများ၊ ယာစပါးမျိုးများနှင့် အခြားသက်လျင်အထွက်ကောင်း ရေငတ်ခံစပါးတစ်မျိုးမျိုးကိုတော့အသုံးပြုရန်လိုပါသည်။ 

ဤနည်းစနစ်တွင် စပါးပင်နှင့် ပေါင်းမြက်ပင်တို့သည် တပြိုင်တည်းယှဉ်ပြိုင်ပေါက်ရောက်နိုင်သဖြင့် စပါးမျိုးအလိုက် အပင်သက်တမ်း၏ပထမပိုင်း သုံးပုံတစ်ပုံကာလအတွင်း ပေါင်းမြက်ကာကွယ်နှိမ်နင်းမှုကို အထူးဂရုစိုက်ဆောင်ရွက်ရန်တော့ လိုပါသည်။

၄။ မိုးစပါးမတိုင်မီယာသီးနှံ

စပါးအခြေခံသီးထပ်သီးနှံပုံစံအနေဖြင့် တစ်နှစ်သုံးသီးစိုက်ပျိုးဆောင်ရွက်လိုပါက မိုးစပါးမတိုင်မီ ဒေသဖြစ်ထွန်းမှုအရ နှမ်း၊ ပဲတီစိမ်းစသည့် သက်လျင်ယာသီးနှံ တစ်မျိုးမျိုးကို မေလအတွင်း စိုက်ပျိုးနိုင်သည်။ အချိန်ကို အကျိုးရှိစွာ အသုံးချခြင်း ဖြစ်ပါသည်။ 

မိုးစပါးပျိုးထောင်ချိန်တွင် အဆိုပါယာသီးနှံမရိတ်သိမ်းမီ အခြားတစ်နေရာတွင် ပျိုးခင်းပြုလုပ် ပျိုးထောင်ထားခြင်းဖြင့် အဓိကသီးနှံမိုးစပါးအတွက် စိုက်ချိန်နောက်ကျ ခြင်း မရှိစေဘဲ သုံးသီးအောင်မြင်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

၅။ ပိုက်ဆံလျှော်သစ်စိမ်းမြေသြဇာ

မိုးသီးနှံမစိုက်မီ အထူးသဖြင့် ကုန်းပိုင်းယာမြေများ၌ ပိုက်ဆံလျှော်ကို ကြဲပက်စိုက်ပျိုးထားနိုင်သည်။ အပင် (၄၅)မှ (၆၅)ရက်သားတွင် ထယ်ထိုးမြေမြှုပ်ကာ စိုက်ပျိုးမည့် မိုးသီးနှံအတွက် သစ်စိမ်းမြေသြဇာရရှိစေနိုင်သည်။

ကုန်းပိုင်းယာမြေမှ ပိုက်ဆံလျှော်ပင်များကို ရိတ်ပြီး လယ်မြေတွင်ချကာ စပါးမစိုက်မီ(၂)ပတ်အလို၌ တမန်းတွင်မြှုပ်ကာ သစ်စိမ်းမြေသြဇာအဟာရ ရရှိစေနိုင်သေးသည်။

ပိုက်ဆံလျှော်ပင်သည် ပဲမျိုးရင်းဝင်အပင်တစ်မျိုးဖြစ်သည်။ လေထုထဲမှ နိုက်ထရိုဂျင်ဓာတ်ကို ဖမ်းယူပေးသည်သာမက မြေအတွင်းသစ်ဆွေးဓာတ်များကိုလည်း တိုးတက်ကောင်းမွန်စေပါသည်။

မေလသည် စိုက်ပျိုးရေးနှစ်စတင်သောလ ဖြစ်သဖြင့် နှစ်သီးဖြစ်စေ၊ သုံးသီးဖြစ်စေ သီးထပ်သီးနှံပုံစံချမှတ်စိုက်ပျိုးရေးအတွက် ပထမသီးနှံများစိုက်ချိန်နောက်မကျစေရေး၊ စိုက်ပျိုးဖြစ်ထွန်းစေရေး ကြိုတင်စီမံထားသည့်အတိုင်း အောင်မြင်အောင်ဆောင်ရွက်ရန် ဖြစ်ပါသည်။

ဆင်းသီဟ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်