စိုက်ပျိုးသုတ မတ်လ

01/03/2023 15:00 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

နွေစပါးစိုက်ချိန်သည် ဒေသတစ်နေရာနှင့်တစ်နေရာ မတူညီပါ။ မစိုက်ပျိုးရသေးသည့် နွေစပါးနှင့် စိုက်ပြီးနွေစပါးခင်းများအတွက် ဆောင်ရွက်သင့်သည်များကို  သုတပေးလိုပါသည်။

ထို့ပြင် ဆည်ရေ၊ သွင်းရေကိုသာ အားကိုးစိုက်ပျိုးရသည့် မိုးကြိုယာသီးနှံများဖြစ်သော ပဲတီစိမ်းသီးနှံ၊ နှမ်းလျင်သီးနှံနှင့် ချည်မျှင်ရှည်ဝါသီးနှံတို့နှင့်ပတ်သက်၍လည်း သိရှိသင့်သည်များကို ရေးသားလိုပါသည်။

၁။ မိုးကြိုယာသီးနှံများ

နှမ်းလျင်သီးနှံ

စျေးကွက်ရှိ ရေမြေဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့် အထွက်ကောင်းမျိုးကို အသုံးပြုပါ။

ထယ်ရေးထွန်ရေးကောင်းအောင် ပြုပြင်ပါ။ 

အပင်ပေါက်လာသည်နှင့် နှမ်းမှုန်းတာ၊ သားခွဲတာ အရေးကြီးသည်။ နှမ်းစေ့ကသေးသေးဆိုတော့... ကြဲပက်စိုက်တာဖြစ်ဖြစ်၊ အတန်းလိုက်နို့ဆီဗူးနဲ့ မျိုးစေ့ချတာပဲ ဖြစ်ဖြစ်၊ ဘယ်လိုစိုက်စိုက် မြေပေါ်ကျသည့်မျိုးစေ့တွေကတော့ စုလို့ပုံလို့ ဖြစ်နိုင်သည်။ 

တစ်ပင်ချင်းသားမခွဲနိုင်လျှင် ထွန်ဖြင့်မှုန်းနိုင်သည်။ ကြဲပက်စိုက်ခင်းဖြစ်ပါက ထွန်ဖြင့် တစ်စပ်(သို့မဟုတ်)နှစ်စပ်မှုန်းရန်လိုသည်။ လက်နှင့် သားခွဲလျှင်တော့ သန်မာသောအပင်ကိုချန်၊ မသန်မာသောအပင်တွေကို နုတ်ပယ်ပစ်ရမည်။ အတန်းလိုက်စိုက်ခင်းတွင် တစ်ပင်နှင့်တစ်ပင် လေးလက်မအကွာသာထားပြီး ကျန်တာတွေ နုတ်ပစ်ရန် ဖြစ်သည်။ 

သားခွဲနောက်ကျလျင် အပင်လှီမည်။ ကြီးထွားသန်စွမ်းမှုနှေးပြီး အသီးနည်းနိုင်သည်။ 

သို့ဖြစ်၍ မူမှန်အရွက် ၆ ရွက်ထွက်ချိန်၊ အပင်သက်တမ်းအရဆိုလျင် အပင်နှစ်ပတ်သားခန့်တွင် မဖြစ်မနေသားခွဲပါ။

ပဲတီစိမ်းသီးနှံ

စိုက်ပျိုးမည့်မြေနေရာသည် ပဲတီစိမ်းသီးနှံပန်းစပွင့်ချိန်နှင့် အသီးကင်းဝင်စအချိန်များတွင် အစိုဓာတ်လုံလောက်စွာရရှိစေရန် လိုအပ်ပါက ရေပေးသွင်းနိုင်သည့်အခြေအနေ ဖြစ်သင့်ပါသည်။

  • ပဲမျိုးစုံသီးနှံတစ်မျိုးမျိုးအပြီး သီးထပ်စိုက်ပျိုးခြင်းကို ရှောင်ကြဉ်ပါ။
  • ရေမြေဒေသနှင့်ကိုက်ညီပြီး ရောဂါဒဏ်ခံနိုင်သည့် အရည်အသွေးကောင်းမျိုးကို အသုံးပြုစိုက်ပျိုးပါ။
  • သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာကို မြေပြင်စဉ်တွင် ထည့်သွင်းပါ။
  • မျိုးစေ့ကို ပဲတီစိမ်းသီးနှံအတွက်သီးသန့်ထုတ်လုပ်ထားသော ပဲမြစ်ဖုမြေသြဇာနှင့် လူးနယ်စိုက်ပျိုးပါ။  

ချည်မျှင်ရှည်ဝါသီးနှံ

  • လယ်မြေတွင် စပါးအပြီး စိုက်ပါက စပါးထယ်ရေးထက် အနည်းဆုံး တစ်လက်မ ပို၍နက်အောင် ထယ်ထိုးပါ။ အကြောင်းမှာ စပါးစိုက်မြေတွေမှာ ထယ်ရေးအောက်ခြေ မာကြောလွှာ(Hard Pan) ဆိုတာ ရှိနေတတ်သည်။ ဝါပင် အမြစ်ကြီးထွားမှုကို ထိခိုက်စေတတ်သည့် အဆိုပါ မာကြောလွှာကို ခွဲပေးလိုက်သည့်သဘောဖြစ်ပါသည်။
  • ထယ်ရေးပြုပြင်ပြီးသည်နှင့် စိုက်ချိန်နောက်ကျမှု မဖြစ်စေလိုပါ။ သို့ဖြစ်၍မတ်လလယ်အတွင်း အပြီးစိုက်ပါ။
  • ချည်မျှင်ရှည်ဝါမျိုးသည် သွေးသစ်လောင်းထားသည့် မျိုးသန့်မျိုးစေ့ဖြစ်သင့်သည်။ မစိုက်မီ ၁၅ ရက်အလိုတွင် အပင်ပေါက်စမ်းပါ။ ဝါစေ့ ၁၀၀ လျှင် အနည်းဆုံး အစေ့ ၇၀ အပင်ပေါက်သောမျိုးဖြစ်ရပါမည်။ 
  • ချည်မျှင်ရှည်ဝါကို ပိုးမွှားရောဂါများ အလွန်ကြိုက်၍ ကြိုတင်ကာကွယ်သင့်သည်။ မျိုးစေ့ကိုသင့်တော်ရာလူးနယ်ဆေးများဖြင့် လူးနယ်ပြီးမှ စိုက်ပျိုးပါ။

၂။ စပါးသီးနှံ

  • မတ်လအတွင်း စိုက်ပျိုးမည့် နွေစပါးစိုက်ခင်းများတွင် သက်လျင်မျိုးကို အသုံးပြုစိုက်ပျိုးပါ။ စိုက်ပျိုးမည့်ဒေသ၊ ရေမြေနှင့်တော့ ကိုက်ညီပါစေ။ 
  • ဖုံးတုံးလုံးတုံးအချိန်၊ အနှံထွက်ပန်းပွင့်ချိန်တို့တွင် အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်အထက်ရှိသည့် ကာလနှင့် မတိုက်ဆိုင်ဖို့လိုသည်။ သို့ဖြစ်၍ ထိုအချိန်မတိုင်မီ အနှံထွက် ပန်းပွင့်ပြီး ဖြစ်သင့်သည်။ စပါးအဖျင်းများရခြင်း၊ အထွက်ညံ့ရခြင်းမှာ ပန်းပွင့်ချိန်တွင် အပူချိန်မြင့်လွန်းခြင်းကလည်း အကြောင်းရင်းတစ်ချက် ဖြစ်နိုင်သည်။ 
  • သို့ဖြစ်၍ စိုက်ချိန်ကို ဒေသအလိုက် ချိန်ဆစိုက်ပျိုးပါ။
  • စပါးမစိုက်မီလယ်မြေတွင်ကွန်ပေါင်းဓာတ်မြေသြဇာ(သို့မဟုတ်)သဘာဝမြေသြဇာ (နွားချေးဆွေး/ မြေဆွေး)ထည့်ပေးပါ။ 
  • ပေါင်းမြက်ကြောင့် စပါးအထွက်လျော့နည်းနိုင်သည်။ နွေစပါးစိုက်ခင်းများတွင် ပေါင်းမြက်ကင်းစင်စေရေး ဆောင်ရွက်ပါ။ 
  • ပေါင်းသတ်ဆေးအသုံးပြုမည်ဆိုပါက စိုက်ပြီးကာစနှင့် ပေါင်းမြက်ပင် အပင်ပေါက်ကာစ အရွက် ၂ ရွက် ၃ ရွက်ထွက်ချိန်မှာ သုံးတာအကောင်းဆုံးဖြစ်သည်။ ဆေးဖျန်းချိန် နောက်ကျလျှင်တော့ လက်ပေါင်းလိုက်တာ အကောင်းဆုံးဖြစ်ပါသည်။
  • စပါးပင်သက် တစ်လကျော်သည့် စိုက်ခင်းများတွင် လက်ပေါင်းလိုက်ခြင်းသည် အသင့်တော်ဆုံးနည်းစနစ်ဖြစ်သည်။ အတန်းလိုက်စိုက်ခင်းများတွင်မူ တမန်းနှိုး ကြားပေါင်းလိုက်ကိရိယာကို သုံးနိုင်ပါသည်။
  • စပါးသီးနှံတွင် အပင်ပွားမှ အနှံများမည်။ အနှံများမှ စပါးအထွက်ကောင်းပါမည်။
  • အပင်ပွားအားကောင်းစေရန်နှင့် အစေ့အဆံများပြားပြည့်ဖြိုးရန် စိုက်ပျိုးချိန်ကာလအတွင်း နိုက်ထရိုဂျင်မြေသြဇာကို မြေဆွေးနှင့်ရောစပ်ကာ ကျွေးပေးပါ။ 

ဆင်းသီဟ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်