စိုက်ပျိုးသုတ မတ်လ

01/03/2022 14:00 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

(၁) နွေစပါးသီးနှံ

ဒေသတစ်နေရာနှင့်တစ်နေရာ စိုက်ချိန်မတူညီလေတော့ မတ်လအတွင်း စိုက်ပျိုးမည့် နွေစပါးစိုက်ခင်းများအတွက် ဦးစွာပြောလိုသည်။ အသုံးပြုသည့်စပါးမျိုးသည် သက်လျင်မျိုး ဖြစ်သင့်သည်။ စိုက်ပျိုးမည့်ဒေသ၊ ရေမြေနှင့်ကိုက်ညီသည့် မျိုးဖြစ်ရမည်။ ပြောနေကျပေမယ့် စိုက်သင့်သည့်အချိန်၏ နောက်ဆုံးလဖြစ်သော်လည်း သက်လတ်မျိုးကို စိုက်လိုက်မိမှာစိုးလို့ ထပ်ခါထပ်ခါ ရေးနေရတာ ဖြစ်ပါသည်။

ဖုံးတုံးလုံးတုံးအချိန်၊ အနှံထွက်ပန်းပွင့်ချိန်တို့တွင် အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်အထက်ရှိ သည့် ကာလနှင့် မတိုက်ဆိုင်ဖို့ လိုသည်။ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်နေသောအချိန်တွင် အနှံထွက်နေသည့်စပါးခင်းများမဖြစ်သင့်ပါ။ ထိုအချိန်မတိုင်မီ အနှံထွက်၊ ပန်းပွင့်ပြီး ဖြစ်သင့် သည်။ စပါးအဖျင်းများ ရခြင်း၊ အထွက်ညံ့ရခြင်းမှာ ပန်းပွင့်ချိန်တွင် အပူချိန်မြင့်လွန်းခြင်းသည် အကြောင်းရင်းတစ်ချက် ဖြစ်နိုင်ကြောင်း အသိပေးလိုပါသည်။

မြေသြဇာကျွေးပေးခြင်းသည် သီးနှံတိုင်းအတွက် အထွက်တိုးရန် ဆောင်ရွက်သင့်သည့် အလေ့အကျင့်ကောင်းတစ်ခုဖြစ်သည်။ စပါးမစိုက်မီလယ်မြေတွင် နွားချေးမြေဆွေး ထည့်ပေးသင့်သည်။ ကွန်ပေါင်းဓာတ်မြေသြဇာ(သို့မဟုတ်)ထောက်ခံထားသည့် ပုလဲ၊ တီစူပါ၊ ပိုတက် စသည့်ဓာတ်မြေသြဇာများကို စနစ်တကျမြေခံထည့်ခြင်း၊ အပင်ပေါက်ပြီး နှစ်ပတ်အတွင်း ထည့်ပေးခြင်းတို့ကို ဆောင်ရွက်သင့်ပါသည်။

မတ်လမတိုင်မီက စိုက်ခဲ့ပြီး အပင်ဖြစ်ထွန်းနေသော နွေစပါးခင်းများအတွက် နှိုးဆော် အသိပေးရလျှင် ပေါင်းမြက်ကင်းစင်စေရေးသည် အဓိကအချက်ဖြစ်သည်။ ပေါင်းမြက်ကြောင့် စပါးအထွက်လျော့နည်းနိုင်တာ အများအသိ ဖြစ်ပါသည်။ 

စပါးပင်သက် တစ်လကျော်သည့် စိုက်ခင်းများတွင် လက်ပေါင်းလိုက်ခြင်းသည် အသင့် တော်ဆုံးနည်းစနစ်ဖြစ်သည်။ အတန်းလိုက်စိုက်ခင်းများတွင်မူ တမန်းနှိုးပေါင်းလိုက် ကိရိယာ ကို သုံးနိုင်ပါသည်။

 စပါးပင်ကြီးထွားနေပြီဆိုလျှင် ပေါင်းသတ်ဆေးသုံးစွဲဖို့ အချိန်လွန်နေလောက်ပြီ။ ပေါင်း သတ်ဆေးက အများအားဖြင့် စိုက်ပြီးကာစနှင့် ပေါင်းမြက်ပင်အပင်ပေါက်ကာစ အရွက် ၂ ရွက် ၃ ရွက်ထွက်ချိန်မှာ သုံးရတာအကောင်းဆုံးဖြစ်သည်။ ဒါ့ကြောင့် လက်ပေါင်းကိုသာ အားကိုးရပါ တော့မည်။

မည်သည့်ကာလအထိ ပေါင်းပင်များ ရှိမနေသင့်သည်ကို အထူးပြောစရာမလိုပါ။ ယေဘု ယျအားဖြင့် စပါးပင်သက်တမ်း၏ ပထမသုံးပုံတစ်ပုံကာလအတွင်း ပေါင်းမြက်ပင်များ စပါးခင်း အတွင်း ရှိမနေသင့်ကြောင်း စိုက်ပျိုးရေးသမားတိုင်း သိပြီးဖြစ်ပါမည်။ လက်ဆင့်ကမ်းရန်ဖြစ်ပါ သည်။

ဓာတ်မြေသြဇာသုံးစွဲရေးနှင့်ပတ်သက်၍ ထောက်ခံနှုန်းအတိုင်း မြေခံဓာတ်မြေသြဇာ များ ထည့်သွင်းခဲ့ပြီးဖြစ်မည်ဟု ယူဆသည်။ မြေခံထည့်ပြီးရုံဖြင့်မလုံလောက်ပါ။ အပင်ပေါ်မှ ပက်ဖျန်းရမည့် ပုလဲမြေသြဇာကိုလည်း သတ်မှတ်အချိန်အလိုက် ကျွေးပေးဖို့လိုသည်။ ပိုတက် မြေသြဇာတွဲဖက်သင့်သည့် စိုက်ခင်းများတွင် တွဲဖက်ဖို့ လိုပါသည်။

ကျွေးပေးသင့်သည့်အချိန်များကို သိထားရသမျှ ဖေါ်ပြရလျှင် တိုက်ရိုက်မျိုးစေ့ချစပါးခင်း များတွင် မျိုးစေ့ချပြီး ၂၃ ရက်မှ ၂၇ ရက်တွင် နိုက်ထရိုဂျင်မြေသြဇာကို ကျွေးပေးဖို့လိုသည်။ အပင်ပွားအားကောင်းစေဖို့ ဖြစ်သည်။ အပင်ပွားမှ အနှံများမည်။ အနှံများမှ စပါးအထွက် ကောင်းပါမည်။

(၂) ယာသီးနှံများ 

ရေသွင်းစိုက်မည့်နှမ်းလျင်သီးနှံနှင့်ပတ်သက်၍ အရေးကြီးသည့်အချက်နှစ်ချက်ကို ပြောလိုသည်။ ရေသွင်းရာတွင် စိုက်မည့်လယ်ကွက်ထဲ နေရာအနှံ့ရေရောက်ဖို့ အရေးကြီးသည်။ ထွန်ရေးမကောင်းလို့မဖြစ်ပါ။ မြေမျက်နှာပြင်မညီညာလို့ မဖြစ်ပါ။ စပါးရိုးပြတ်လယ်မြေမှာ စတင်ရေသွင်းပြီး ချက်ချင်း ထယ်ရေးပြင်လို့မရပါ။ နေလှန်းထားရသေးသည်။ 

လယ်မြေ၏ မြေဆီလွှာအမျိုးအစား၊ နေ့အပူချိန်၊ လေတိုက်နှုန်း စသည်တို့အပေါ် မူတည်ပြီး လယ်သမားအတွေ့အကြုံအရ ထယ်ရေးစတင်ရမှာဖြစ်သည်။ ရေသွင်းနှမ်းမှာ ထယ်ရေးပြုပြင်မှုကို အထူးဂရုစိုက် ချိန်ဆလုပ်ကိုင်ရန်လိုသည်ဟုသာ ပြောလိုပါသည်။

ရေသွင်းနှမ်းအတွက် ဒုတိယအချက်ပြောလိုသည်က နှမ်းမှုန်းတာ၊ သားခွဲတာဖြစ်သည်။ နှမ်းစေ့က သေးသေး၊ ကြဲပက်စိုက်တာဖြစ်ဖြစ်၊ အတန်းလိုက်နို့ဆီဗူးနဲ့ မျိုးစေ့ချတာပဲဖြစ်ဖြစ်၊ ဘယ်လိုစိုက်စိုက် မြေပေါ်ကျသည့်မျိုးစေ့တွေကတော့ စုလို့ပုံလို့ဖြစ်နိုင်သည်။ 

သားမခွဲလို့မဖြစ်၊ တစ်ပင်ချင်းသားမခွဲနိုင်လျှင် ထွန်ဖြင့်မှုန်းရတော့သည်။ လက်နှင့် သားခွဲလျင် သန်မာသောအပင်ကိုချန်၊ မသန်မာသောအပင်တွေကို နှုတ်ပယ်ပစ်ရမည်။ အတန်း လိုက် စိုက်လျင်တော့ တစ်ပင်နှင့်တစ်ပင် လေးလက်မအကွာသာထားပြီး ကျန်တာတွေ နှုတ်ပစ် လိုက်နိုင်သည်။ ကြဲပက်စိုက်ခင်းမှာတော့ ထွန်ဖြင့်တစ်စပ်(သို့မဟုတ်)နှစ်စပ်လို့သာ ပြောနိုင်ပါ သည်။ 

သားခွဲရမည့်အချိန်သည် နှမ်းပင်အရွက်ထွက်မှုအရပြောရလျင် မူမှန်အရွက် ၆ ရွက် ထွက်ချိန်တွင် သားခွဲရန်ဖြစ်သည်။ အပင်သက်တမ်းအရပြောရလျှင်မူ အပင်နှစ်ပတ်သားခန့်တွင် သားခွဲရန်ဖြစ်ပါသည်။

မိုးကြိုချည်မျှင်ရှည်ဝါစိုက်ပျိုးရေး ဆက်လက်အသိပေးပါမည်။ စပါးထယ်ရေးထက် အနည်းဆုံး တစ်လက်မ ပို၍ နက်အောင် ထယ်ထိုးသင့်သည်။ အကြောင်းမှာ စပါးစိုက်မြေတွေမှာ ထယ်ရေး အောက်ခြေမာကြောလွှာ(Hard Pan) ဆိုတာ ရှိနေတတ်သည်။ ဝါပင်အမြစ်ကြီးထွားမှုကို ထိခိုက်စေတတ်သည့် အဆိုပါ မာကြောလွှာကို ခွဲပေးလိုက်သည့် သဘောဖြစ်ပါသည်။ 

ထယ်ရေးပြုပြင်ပြီးသည်နှင့် အမြန်စိုက်ပါ။ စိုက်ချိန်နောက်ကျမှု မဖြစ်စေလိုပါ။ မတ်လ လယ်အတွင်းအပြီးစိုက်သင့်ကြောင်းအကြံပြုလိုပါသည်။

ချည်မျှင်ရှည်ဝါမျိုးသည် သွေးသစ်လောင်းထားသည့် မျိုးသန့်မျိုးစေ့ဖြစ်သင့်သည်လို့ ယေဘုယျ ပြောလိုသည်။ သို့သော် အပင်ပေါက်စမ်းရပါမည်။ မစိုက်မီ ၁၅ ရက်အလိုက ဆောင် ရွက်သင့်သည်။ ဝါစေ့ ၁၀၀ လျင် အနည်းဆုံး အစေ့ ၇၀ အပင်ပေါက်သောမျိုးဖြစ်ရပါမည်။ စိုက်ပြီး မျိုးညံ့သဖြင့် အပင်ပေါက် မစုံဘဲ ကျင်းလပ်များဖြစ်ပေါ်ကာ ဝါထွက်လျော့နည်းမှာ စိုးလို့ဖြစ်သည်။ 

ချည်မျှင်ရှည်ဝါကို ပိုးမွှားရောဂါများ အလွန်ကြိုက်သည်။ ကြိုတင်ကာကွယ်သင့်သည်။ မျိုးစေ့ကိုသင့်တော်ရာလူးနယ်ဆေးများဖြင့် လူးနယ်ပြီးမှ စိုက်ပျိုးသင့်ပါသည်။

ဆင်းသီဟ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်