ယင်ကောင်နက် (BSF) မွေးမြူရေး - ၂

16/12/2022 17:30 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

BSF များ၏ဘဝစက်ဝန်း

BSF နည်းပညာကို ထိရောက်စွာအသုံးချရန်အတွက် BSF များ၏ ဘဝစက်ဝန်းကို ကောင်းစွာ နားလည်ထားရန် လိုအပ်သည်။ 

BSF များ၏ ဘဝစက်ဝန်းကို နားလည်ခြင်းဖြင့် သြဂဲနစ်အညစ်အကြေးများ စီမံခန့်ခွဲရာတွင် ၎င်းတို့၏ အသုံးဝင်ပုံကို သိရှိလာနိုင်မည် ဖြစ်ပါသည်။ ထို့ပြင် အညစ်အကြေးများအား တန်ဖိုးရှိသည့် ထုတ်ကုန်များအဖြစ် ပြောင်းလဲရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ဖမ်းယူရရှိသည့် သားလောင်းအရေအတွက်နှင့် အရည်အသွေးကောင်းမွန်စေရန်နှင့် စီးပွားရေးအကျိုးအမြတ်များ ပိုမိုဖြစ်ထွန်းနိုင်ရန်အတွက် ၎င်းတို့၏ ဘဝစက်ဝန်းကို လိုအပ်သလို ပြုပြင်ပြောင်းလဲပေးနိုင်မည် ဖြစ်သည်။ 

ဥ အုချခြင်း

  • BSF ယင်မသည် ဥ ၄၀၀ မှ ၈၀၀ ခန့်ပါဝင်သော ဥထုပ် (package) ကို ဆွေးမြေ့နေဆဲ သြဂဲနစ်ပစ္စည်းများ (တနည်းအားဖြင့် စွန့်ပစ်အညစ်အကြေးများ) အနီးရှိ သေးငယ်ပြီး ခြောက်သွေ့ကာ အကာအရံရှိသည့် အခေါင်းပေါက်လေးများထဲသို့ အုချသည်။

ဥများကို သြဂဲနစ်ပစ္စည်းများအနီးတွင် အုချရခြင်း အကြောင်းအရင်း 

  • ဥအတွင်းမှ သားလောင်း (larvae) များ ဥမှ ပေါက်လာသည့်အချိန်တွင် သြဂဲနစ်ပစ္စည်းများကို အစာအရင်း အမြစ်အဖြစ် အလျင်အမြန် အသုံးချနိုင်ရန် 

အကာအရံရှိသည့် အခေါင်းပေါက်များကို ရွေးချယ်ခြင်း အကြောင်းအရင်း

  • ဥ များကို ကိုက်ဖျက်စားသောက်မည့် သတ္တဝါများရန်မှ ကာကွယ်ရန်နှင့်
  • ယင်ဥများ နေရောင်ခြည်နှင့်ထိတွေ့ကာ ဥအတွင်းရှိ ရေများခန်းခြောက်သွားပြီး ဥ ပျက်စီးသွားတတ်သဖြင့် ယင်းသို့မဖြစ်အောင် ကာကွယ်ပေးရန်။

ယင်မသည် ဥများကို အုချပြီးနောက် အချိန်တိုအတွင်းမှာပင် သေဆုံးသွားသည်။ 

သားလောင်းအဆင့်

  • ပျမ်းမျှအားဖြင့် ဥများသည် အုချပြီး ၄ ရက်အကြာတွင်ပေါက်ပြီး သားလောင်းများ ထွက်ပေါ်လာသည်။
  • သားလောင်းများသည် အရွယ်အစားအားဖြင့် မီလီမီတာအနည်းငယ်မျှသာ ရှိသည်။ ၎င်းတို့သည် ဆွေးမြည့်နေဆဲ သြဂဲနစ်ပစ္စည်းများကို လောဘတကြီးစားသုံးကြပြီး မူလက မီလီမီတာအနည်းငယ်မျှသာရှိသော အရွယ်အစားမှ အရှည် ၂.၅ စင်တီမီတာ၊ ဗျက် ၀.၅ စင်တီမီတာ ရှိသော အရွယ်အစားသို့ ရောက်ရှိလာသည်။ အရောင်မှာ ခရင်မ်ကဲ့သို့ ဖြူပျစ်ပျစ် အရောင်ဖြစ်သည်။ 
  • အကောင်းဆုံး ပတ်ဝန်းကျင်အခြေအနေနှင့် အသင့်လျော်ဆုံး အစာအရည်အသွေး၊ အစာပမာဏကို ရရှိပါက BSF သားလောင်းသည် ကြီးထွားရန် အချိန် ၁၄-၁၆ ရက် ကြာမြင့်နိုင်သည်။ BSF သားလောင်းများသည် အလွန်ခံနိုင်ရည်ရှိသော သက်ရှိများဖြစ်ကြပြီး ၎င်းတို့ မနှစ်သက်သည့် ပတ်ဝန်းကျင်အခြေအနေမျိုးဖြစ်ပါက ဘဝစက်ဝန်းကို လိုအပ်သလို ဆွဲဆန့်ပြီး သားလောင်းအဆင့်တွင် ကြာရှည်နေနိုင်သည်။ 
  • သားလောင်းဘဝတွင်ပင် သားလောင်းအဆင့် (၅) ဆင့်ကို ဖြတ်သန်းရသည်။ ယင်း အဆင့် (၅) ဆင့်အနက် နောက်ဆုံးအဆင့်မှာ ပိုးရုပ်ဖုံးလောင်း (prepupa) အဆင့်ဖြစ်သည်။ ထိုအဆင့်တွင် သားလောင်းသည် ၄င်း၏ ပါးစပ်အစိတ်အပိုင်းကို ချိတ်ပုံသဏ္ဍာန်အစိတ်အပိုင်းဖြင့် အစားထိုးသည်။ အရောင်မှာလည်း မီးခိုးရောင်၊ အညိုရင့်ရောင်များသို့ ပြောင်းလဲလာသည်။ 
  • BSF များ၏ ဘဝစက်ဝန်းတလျှောက်တွင် သားလောင်းအဆင့်၌သာ အစာကို စားသုံးသည်။ သားလောင်းဘဝကို လွန်မြောက်ပြီးပါက အစာစားသုံးခြင်း မရှိတော့ချေ။ သားလောင်းဘဝတွင် အစာအတွင်းမှ အာဟာရဓာတ်များကို ရနိုင် သမျှ စုဆောင်းထားကာ ကျန်ရှိနေသော ဘဝသက်တမ်းတွင် ပြန်လည်အသုံးချခြင်း ဖြစ်သည်။  

ပိုးရုပ်ဖုံး

  • ပိုးရုပ်ဖုံးလောင်းသည် ၎င်း၏ ချိတ်ပုံသဏ္ဍာန် ပါးစပ်ပိုင်းကို အသုံးပြုကာ အစာများ (အညစ်အကြေးများ) ထဲမှ အလွယ်တကူ‌ရွေ့လျားတိုးထွက်လာသည်။ ထို့နောက် အနီးရှိ ခြောက်သွေ့ပြီး အရိပ်ရကာ အကာအကွယ်ရှိသည့် နေရာသို့ ပြောင်းရွှေ့လာသည်။ ထိုနေရာတွင် ပိုးရုပ်ဖုံးလောင်းသည် မလှုပ်ရှားတော့ဘဲ တောင့်တင်းသွားသည်။ ၎င်းတို့အား ဖမ်းယူစားသောက်သည့် သားရဲတိရစ္ဆာန်များမရှိပါက ပိုးရုပ်ဖုံးလောင်းဘဝ မှ ပိုးရုပ်ဖုံး(pupa) အဆင့်သို့ ဆက်လက် ပြောင်းလဲလာသည်။ 
  • ပတ်ဝန်းကျင်အခြေအနေ အပြောင်းအလဲများစွာ မဖြစ်ပေါ်ဘဲ နွေးထွေးပြီး ခြောက်သွေ့ကာ အရိပ်ရသည့် ပတ်ဝန်းကျင်အခြေအနေကိုရရှိပါက ပိုးရုပ်ဖုံးများသည် သက်ကြီးယင်ကောင်အဖြစ် ဆက်လက်ပြောင်းလဲလာမည် ဖြစ်သည်။ 
  • ပိုးရုပ်ဖုံး(pupae) ဘဝမှ သက်ကြီးယင်ကောင်(fly) ဘဝသို့ ပြောင်းလဲသည့် ဖြစ်စဉ်ကို pupation ဟု ခေါ်သည်။ Pupation ဖြစ်စဉ်သည် အချိန်ကာလအားဖြင့် ၂ ပတ်မှ ၃ ပတ်အထိ ကြာမြင့်သည်။ ယင်ကောင်သည် ပိုးရုပ်ဖုံးအခွံ (pupa shell) အတွင်းမှ တိုးထွက်လာခြင်းဖြစ်သည်။ ပိုးရုပ်ဖုံးအခွံကို ယင်ကောင်၏  ဦးခေါင်းပိုင်း ထိုးဖောက်တိုးထွက်ရန် အချိန် ၅ မိနစ်ထက် ပိုမကြာချေ။ ခေါင်းပိုင်းထွက်ပြီးပါက ခန္ဓာကိုယ်တစ်ခုလုံး တွားသွားထွက်လာပြီး ခြောက်သွေ့သွားသည်။ ထို့နောက် အတောင်များကို ဖြန့်ကျက်ကာ ယင်ကောင်အဖြစ် အဝေးသို့ ပျံထွက်သွားနိုင်သည်။ 

သက်ကြီးယင်ကောင်

  • ယင်ကောင်ဖြစ်ပြီးနောက် မိတ်လိုက်ရန် အဖော်ရှာခြင်း၊ မိတ်လိုက်ခြင်းများ ဆက်လက်ဖြစ်ပေါ်သည်။ မိတ်လိုက်ပြီးသည့် BSF အမများသည် ဥ အုချပြီးနောက် သေဆုံးသွားကြသည်။ 
  • ယင်ကောင်ဘဝဖြင့် သက်တမ်း တစ်ပတ်ခန့်သာ ဆက်လက်၍ ရှင်သန်ကြသည်။ ထိုသို့ ရှင်သန်နိုင်သည့် ကာလတိုအတွင်းမှာပင် အဖော်ရှာခြင်း၊ မိတ်လိုက်ခြင်းနှင့် အမများ ဥ အုချခြင်းများကို ဆောင်ရွက်သည်။ 
  • ယင်ကောင် ဘဝတွင် BSF များသည် အစားစားခြင်း၊ ရေသောက်ခြင်း မရှိပါ။ ခန္ဓာကိုယ်အတွက် လိုအပ်သည့် ရေကို ရရှိရန် ပတ်ဝန်းကျင်တွင် စိုထိုင်းသောမျက်နှာပြင်များရှိရန်သာ လိုအပ်ပါသည်။ ဤအဆင့်တွင် အရေးအကြီးဆုံး လိုအပ်ချက်မှာ သဘာဝအလင်းရောင်း များစွာရရှိရန်နှင့် နွေးထွေးသောအပူချိန် (၂၅-၃၂ ဒီဂရီ စင်တီဂရိတ်) ရရှိရန်ပင် ဖြစ်ပါသည်။ စိုဆိုင်းဆများသော ပတ်ဝန်းကျင်အခြေအနေရှိပါက ယင်ကောင်၏ သက်တမ်းကို ပိုမို၍ ရှည်လျားစေနိုင်ပြီး မျိုးပွားနှုန်းကို ပိုမိုကောင်းမွန်စေပါသည်။ 
  • BSF ယင်ကောင်များသည် နံနက်ခင်းအလင်းရောင်တွင် မိတ်လိုက်ခြင်းကို ပိုမိုနှစ်သက်ကြောင်း တွေ့ရှိရသည်။ မိတ်လိုက်ပြီးနောက်တွင် ယင်အမများသည် ဥ အုချရန် အကောင်းဆုံးနေရာကို ရှာဖွေကြရသည်။ 

ဆက်လက်ဖော်ပြပါမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်