မသန်စွမ်းတွေအတွက် စိုက်ပျိုးရေးသင်တန်း ဖွင့်လှစ်ထားတဲ့ မျက်မမြင်လယ်သမားကြီး

14/05/2022 17:00 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

"ကျွန်တော့်ဘဝရဲ့ တစ်ခုတည်းသော ဆန္ဒက လယ်သမားတစ်ယောက် ဖြစ်လာဖို့ပါပဲ" လို့ အသက်ခြောက်နှစ်သားမှာ ရေတိမ် ဖြစ်ပြီး မျက်စိကွယ်ခဲ့ရသူ Mike Duxbury က ပြောပါတယ်။ မိသားစုပိုင် စိုက်ခြံထဲမှာ ကြီးပြင်းလာခဲ့တဲ့ Duxbury က မျက်စိမမြင်လို့ သူ လိုချင်တဲ့ တစ်ခုတည်းသော အသက်မွေးလုပ်ငန်းကို စွန့်လွှတ်လိုက်ရတာမျိုး အဖြစ်မခံခဲ့ပါဘူး။

၁၉၈၀ ပြည့်လွန်နှစ်တွေမှာ Duxbury က ယူကေနိုင်ငံတွင်း ရှိရှိသမျှ စိုက်ပျိုးရေးကောလိပ်တွေကို လျှောက်ထားခဲ့ပြီး အဲဒီထဲက ဝါးဝစ်ရှိုင်းယားစိုက်ပျိုးရေးကောလိပ်တစ်ခုကသာ လက်ခံခဲ့ပါတယ်။ သူဟာ တိရစ္ဆာန်အာဟာရပညာနဲ့ ကွာလီဖိုင်းဝင်ပြီး ၁၉၉၀ မှာ စိုက်ပျိုးစီးပွားစီမံခန့်ခွဲမှုပညာဘွဲ့ ရရှိခဲ့ပါတယ်။

"အဲဒီခေတ်ကတည်းက အထင်သေးအမြင်သေးတွေ အလွန်များခဲ့တယ်။ ဒါပေမဲ့ ကောလိပ်မှာ ကျွန်တော် လုပ်ချင်တာတွေ လုပ်နိုင်အောင် လေ့လာသင်ယူခွင့်ရခဲ့တယ်။ ကျောင်းက ကျွန်တော့်ကို အခွင့်အရေး ပေးပါတယ်။ ဘယ်တော့မှ အတားအဆီး မဖြစ်စေခဲ့ဘူး"

ယနေ့တော့ Duxbury နဲ့ ဇနီးသည် Ness Shillito တို့ဟာ မသန်းစွမ်းတွေကို စိုက်ပျိုးရေးနဲ့ အသက်မွေးနိုင်အောင် လေ့ကျင့်သင်ကြားပေးဖို့ ရည်ရွယ်ပြီး ယူကေရဲ့ ပထမဦးဆုံး အလုပ်သင်စိုက်ပျိုးမွေးမြူရေးခြံတစ်ခြံ တည်ထောင်ထားကြပါပြီ။

ဝက် ၁၀ ကောင်၊ သိုး ၁၀ ကောင်၊ ဆိတ် လေးကောင်၊ ဥစားကြက်ငှက် အကောင် ၅၀ မွေးမြူထားတဲ့ ဘတ်ဖို့ရှိုင်းယားဒေသ၊ ဖလစ်ဝစ်မြို့အနီးက Inclusive Farm စိုက်ပျိုးမွေးမြူရေးခြံဟာ သင်တန်းသားတွေကို ယူကေက ဘယ်စိုက်ပျိုးရေးခြံမှာမဆို အလုပ်လုပ်နိုင်အောင် လေ့ကျင့်သင်ကြားပေးဖို့ ရည်ရွယ်ထားပါတယ်။ လက်ရှိတော့ မီလ်တန်ကီးနက်စ်ကောလိပ်က လာတဲ့ မသန်စွမ်းကျောင်းသားတွေကို တိရစ္ဆာန်စောင့်ရှောက်မှုပညာရှင်လက်မှတ် ပေးအပ်နိုင်ဖို့ သင်တန်းပေးနေတာပါ။

"ကျွန်တော်တို့က အလုပ်သင်စိုက်ပျိုးမွေးမြူရေးခြံ ဖြစ်ပါတယ်။ ကျောင်းသာတွေ မြင်တွေ့ရတဲ့အရာ၊ လုပ်ကိုင်ရတဲ့အရာတွဟာ အလုပ်သင်စိုက်မွေးခြံရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ" လို့ Duxbury က ပြောပါတယ်။ "တိရစ္ဆာန်တွေကို သန့်သန့်ရှင်းရှင်း ထားရမယ်၊ အစာကျွေးရမယ်၊ ရေတိုက်ရမယ်ဆိုတာ သူတို့ လေ့လာကြရပါတယ်။ စိုက်မွေးခြံအတွင်း နိစ္စဓူဝ လုပ်ဖို့ လိုအပ်တဲ့အရာ မဟုတ်ရင် ကျောင်းသားတွေကိုလည်း မလုပ်စေပါဘူး" လို့ သူက ပြောပါတယ်။

Duxbury ဟာ ကျောင်းပြီး ဆယ်စုနှစ် တစ်ခုနီးနီး ကြာအောင် စိုက်ပျိုးမွေးမြူရေးကုမ္ပဏီတွေမှာ မွေးမြူရေးပညာရှင်နဲ့ သားစပ်ပညာရှင်အဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ ဒီနောက်တော့ လုပ်ငန်း ပြောင်းပြီး တယ်လီကွန်းလုပ်ငန်းထဲမှာ အလုပ်ဝင်ခဲ့တယ်။ တယ်လီကွန်းအလုပ်က ဝင်ငွေကောင်းပေမဲ့ ဝမ်းစာရှာရုံသက်သက် ဖြစ်ခဲ့ပြီး ဝါသနာပါရာ စိုက်ပျိုးရေးအလုပ်ကိုလည်း အခွင့်သာသရွေ့ လုပ်ကိုင်နေခဲ့ပါတယ်။

၂၀၂၁ ခုနှစ် စက်တင်ဘာလရောက်တော့ လယ်ယာလုပ်ငန်းခွင်အတွင်း လူတန်းစားစုံလုပ်ကိုင်ခွင့်ကင်းမဲ့နေမှုအပေါ် စိတ်ပျက်ရာကနေ သူ ကမ္ဘာကြီးကို သက်သေပြဖို့ ကြိုးစားခဲ့တာကတော့ "မသန်စွမ်းတွေလည်း သူတို့နှစ်သက်ရာ ဘယ်လုပ်ငန်းမှာမဆို ဝင်ရောက်လုပ်ကိုင်နိုင်စေရမယ်" ဆိုတာပါပဲ။ သူနဲ့ Shillito တို့ဟာ မိတ်ဆွေတွေရဲ့ ကူညီစောင်မမှုနဲ့ တစ်ဧကအကျယ်ရှိ စိုက်ခင်းတစ်ခင်းကို ငှားရမ်းပြီး မသန်စွမ်းတွေ ဝင်ရောက်လုပ်ကိုင်နိုင်တဲ့ စိုက်ပျိုးမွေးမြူရေးခြံတစ်ခြံအဖြစ် ပြောင်းလဲခဲ့ကြပါတယ်။

ခြံထဲမှာ ကိုယ်လက်အင်္ဂါမသန်စွမ်းသူမျိုးစုံ လုပ်ကိုင်နိုင်အောင် ခြံကို မွမ်းမံခဲ့ပြီး Duxbury ကတော့ ဘယ် လုပ်ငန်းမှာမဆို ဒီလိုမျိုး လုပ်လို့ ဖြစ်နိုင်တယ်လို့ ယုံကြည်နေပါတယ်။ ဆိတ်ခြံ၊ ဝက်ခြံတွေကို ပုံစံအမျိုးမျိုး စီစဉ်ထားပြီး ခြံစည်းရိုးတွေကိုလည်း ပုံသဏ္ဍာန် ထူးထူးခြားခြားတွေ ပြုလုပ်ထားပါတယ်။ ဒီလို လုပ်ထားတာကြောင့် Duxbury ဟာ ထိတွေ့ကိုင်တွယ်မှုနဲ့ သောတအာရုံံတို့နဲ့တင် ခြံထဲကို ဘယ်သူ့အကူအညီမှ မပါဘဲ သွားလာနိုင်ပါတယ်။

"အထိအတွေ့အကိုင်အတွယ် ရှုထောင့်ကနေ ကြည့်ပြီး ခြံစည်းရိုးတွေကို ပုံစံအမျိုးမျိုး လုပ်ထားတယ်။ တိုင်ထောင်တဲ့ဟာ ထောင်၊ အတန်းလုပ်တဲ့ဟာ လုပ်၊ သွပ်နန်းကြိုး သွယ်တဲ့ဟာ သွယ်ထားတယ်။ ဒီလို လုပ်ထားတော့ ဖျတ်ခနဲ တွေ့လိုက်တာနဲ့ သိတယ်။ ဖျတ်ခနဲ တွေ့တယ်ဆိုတာ လက်နဲ့ ထိတွေ့တာကို ပြောတာပါ။ အဲဒါဆိုရင် ကျွန်တော် ဘယ်နား ရောက်နေတယ်ဆိုတာကို သိပြီ"

ခြံထဲမှာ ခင်းထားတဲ့ အခင်းတွေကိုလည်း မဟာဗျူဟာကျကျ နေရာချထားပါတယ်။ အဲဒီအခင်းတွေကို ထိတွေ့ကြည့်ပြီး သွားလာရေးအထောက်အကူအဖြစ် သုံးနိုင်ပါတယ်။ "သဘောကတော့ ကျွန်တော် အစာကျွေးဖို့ သွားတဲ့အခါ ဆိတ်တွေကို ကြက်စာ မှားမကျွေးမိတော့ဘူးပေါ့" လို့ သူက ပြောပါတယ်။

ယူကေ လယ်ယာလုပ်ငန်းခွင်အတွင်း မသန်စွမ်းသူ ဘယ်လောက်ထိ လုပ်ကိုင်နေတယ်ဆိုတာ အတိအကျ မသိရပါဘူး။ ဒါပေမဲ့ အင်္ဂလန်နဲ့ ဝေလနိုင်ငံတစ်ဝန်းက လယ်လုပ်ငန်းတွေကို အကူအညီ ပေးအပ်နေတဲ့ ပရဟိတအဖွဲ့ Royal Agricultural Benevolent Institution ကတော့ လယ်သမားတွေအနက် ၂၁ ရာခိုင်နှုန်းဟာ နိစ္စဓူဝလုပ်ငန်းတွေကို ပုံမှန် မဆောင်ရွက်နိုင်တဲ့ ပြဿနာတွေ ကြုံတွေ့နေရတယ်လို့ ခန့်မှန်းထားပါတယ်။

Farming Community Network ရဲ့ တာဝန်ရှိ Mark Thomas ကတော့ လယ်သမားတွေဆီက အကူအညီတောင်းခံလာကြတိုင်း အများစုဟာ လယ်ယာလုပ်ငန်း လုပ်ကိုင်ဖို့ အဟန့်အတားဖြစ်စေတဲ့ ကိုယ်လက်အင်္ဂါပိုင်း၊ စိတ်ပိုင်း ကျန်းမာရေးပြဿနာတွေ ဖြစ်တယ်လို့ ပြောပါတယ်။ "လယ်လုပ်ငန်းထဲကို စတင်ဝင်ရောက်ချင်တဲ့ မူလမသန်စွမ်းတွေဆီက အကူအညီတောင်းလာတာမျိုး သိပ်မတွေ့ရဘဲ လယ်ယာလုပ်ငန်းခွင် လုပ်ကိုင်ရင်း မတော်တဆဖြစ်တာ၊ ဒါမဟုတ် ကိုယ်လက်အင်္ဂါချို့တဲ့သွားတဲ့ သူတွေဆီ အကူအညီတောင်းတာမျိုး အတွေ့ရများပါတယ်" လို့ ပြောပါတယ်။

Inclusive Farm မှာ ရေ၊ မီး အပြည့်အစုံ တပ်ဆင်မပြီးသေးပေမဲ့ Duxbury နဲ့ Shillito တို့ကတော့ သင်တန်းပထမအသုတ် အဖြစ် ကျောင်းသား ၁၄ ယောက်ကို သင်တန်းစပေးနေပြီဖြစ်ပါတယ်။

"နောက်ခံအမျိုးမျိုး၊ လူ့အဖွဲ့အစည်းအမျိုးမျိုး၊ ရည်မှန်းချက်အမျိုးမျိုးတို့နဲ့ လာကြတဲ့သူတွေဟာ လယ်ယာလုပ်ငန်းအတွက် အဆန်းအသစ်တွေ သယ်ယူလာပေးပြီး ပိုပြီး ခေတ်မီအောင်၊ ပိုပြီး တွေးဘောင်ကျယ်အောင်၊ ပိုပြီးတော့ ၂၁ ရာစုဆန်အောင် ပြုလုပ်ပေးနိုင်စွမ်းရှိပါတယ်" လို့ Duxbury က ပြောပါတယ်။ လယ်လုပ်ငန်းပြင်ပ အခြားလုပ်ငန်းတွေကို ပေးချင်တဲ့ သတင်းစကားအဖြစ် "မသန်းစွမ်းတွေကို အလုပ်ခန့်မယ် ဒါမဟုတ် သင့်လုပ်ငန်းခွင်ထဲမှာ မသန်စွမ်းတွေ ရှိနေတယ်ဆိုရင် သူတို့ကို အလုပ်ဖြုတ်ပစ်တာ၊ လျစ်လျူရှုပစ်လိုက်တာ မလုပ်ဘဲနဲ့ ကျွန်တော်တို့လို လူတွေနဲ့ လာရောက်ဆွေးနွေးတိုင်ပင်လှည့်ပါ" လို့ ပြောပါတယ်။

မျက်မမြင်မိခင်တစ်ယောက်ကနေ မွေးဖွားပေးလိုက်တဲ့ ဒေါဆတ်ဒေသက လယ်သမား Jyoti Fernandes ကလည်း Duxbury ရဲ့ ရှေ့ဆောင်လမ်းပြဆောင်ရွက်ချက်ဟာ အားအင်ကောင်းတစ်ခု ဖြစ်လာဖို့ အလားအလာ ကောင်းနေတယ်လို့ ပြောပါတယ်။

"ဒါက ဘဝတူချင်း ပေးတဲ့ ခွန်အားပေါ့။ ကိုယ်တိုင် မျက်မမြင်တဲ့သူတစ်ယောက်က ထထကြွကြွနဲ့ လုပ်ကိုင်ပြတယ်။ သင်လည်းပဲ ကိုယ် စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်တဲ့အရာမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိလာနိုင်ပါတယ်။ မသန်စွမ်းတွေကို သူတို့ တကယ်လုပ်နိုင်တဲ့ အလုပ်အတွက် တူညီတဲ့အခွင့်အလမ်းကို ပေးအပ်သင့်ပါတယ်" လို့ Fernandes က ပြောပါတယ်။

Duxbury က နောင်တစ်ချိန်မှာ စိုက်ခြံဧရိယာကို ချဲ့ထွင်သွားဖို့လည်း စိတ်ကူးထားပါတယ်။ ဒါမှသာ ကျောင်းသားများများကို စိုက်ပျိုးရေးပညာ တိုးချဲ့သင်ကြားပေးနိုင်ပြီး ထုတ်ကုန်တွေလည်း ပိုမို ထုတ်လုပ်လာနိုင်မှာ ဖြစ်ပါတယ်။

"ကျွန်တော်တို့က လူတွေကို မျှော်လင့်ချက်ရောင်ခြည် ပေးချင်တယ်။ ကိုယ် မလုပ်နိုင်ပါဘူးလို့ တွေးထင်နေတာတွေ ရပ်တန့်ပြီး ကိုယ် လုပ်နိုင်တာတွေကို သေချာစူးစမ်းကြည့်စေချင်တယ်။ ကျွန်တော်တို့ကတော့ ဘယ်လို မသန်စွမ်းမှုမျိုးအတွက်မဆို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ပါတယ်" လို့ Duxbury က ပြောပါတယ်။

"ကျွန်တော် ကျောင်းတက်တုန်းကဆိုရင် လူကြီးပိုင်းတွေက ကျွန်တော့်ကို 'သနားစရာ မသန်မစွမ်းလေး' လို့ ရှုမြင်ပြီး ဘာလုပ်ရမယ်၊ ဘာမလုပ်ရဘူးဆိုတာကို လိုက်ပြီး ဆုံးဖြတ်ပေးချင်ကြတယ်။ တကယ်တော့ ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ ဆုံးဖြတ်နိုင်စွမ်း ရှိပါတယ်"

"ကမ္ဘာကြီးဟာ နည်းပညာပိုင်းရော၊ စိတ်နေစိတ်ထားပိုင်းပါ အရင်ကလို မဟုတ်တော့ဘူး။ ကျွန်တော်တို့လို လူတွေအတွက် ကိုယ်လုပ်ချင်တဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းထဲမှာ ဝင်ရောက်လုပ်ကိုင်နိုင်ဖို့ အခွင့်အလမ်းတွေ ပိုများလာပါတယ်" လို့ Duxbury က ပြောပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: The blind farmer: ‘It’s all I ever wanted to do. Now I can help others do it’ - The Guardian

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်