ငါးမြစ်ချင်းစားခြင်းရဲ့ ကောင်းကျိုး (၆) ချက်

03/03/2022 16:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ငါးမြစ်ချင်းကိုတော့ အားလုံးနီးပါးသိကြမယ်ထင်ပါတယ်။ ဈေးထဲမှာ အလွယ်တကူတွေ့နိုင်ပြီး ဝယ်လိုအားလည်း ကောင်းတဲ့ ငါးတစ်မျိုးပါ။ ဒါပေမဲ့ ငါးမြစ်ချင်းစားလို့ ဘယ်လိုကောင်းကျိုးတွေရနိုင်လဲဆိုတာတော့ သိရှိသူ နည်းနိုင်လို့ ဖော်ပြလိုက်ပါတယ်။

ငါးမြစ်ချင်းဟာ ငါးကြင်း(Carp)အုပ်စုမှာ ပါဝင်ပါတယ်။ အင်္ဂလိပ်လိုတော့ “ Rohu ” လို့ ခေါ်ဆိုကြပြီး သိပ္ပံ အမည်ကတော့ “Labeo rohita” ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပါအဝင် ပါကစ္စတန်၊ အိန္ဒိယမြောက်ပိုင်း၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရှိ အပူပိုင်းမြစ်တွေမှာ တွေ့ရပါတယ်။ အဲ့ဒီမြစ်တွေရဲ့ ရေအပူချိန်မှာ ၁၆.၈ ဒီဂရီ စင်တီ ဂရိတ်ကနေ ၃၇ ဒီဂရီစင်တီဂရိတ်အထိ ရှိတတ်ပါတယ်။

ငါးမြစ်ချင်းဟာ အရှည်အားဖြင့် ၂၀၀ စင်တီမီတာနဲ့ အလေးချိန် ၄၅ ကီလိုဂရမ် (၁ ပိဿာခွဲခန့်)အထိ ကြီး ထွားနိုင်ပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ အမဲရောင်အကြေးခွံများ ရှိပြီး ဝမ်းဗိုက်သားကတော့ ရွှေညိုရောင် ရှိပါတယ်။

သူတို့ဟာ အစုံစားသတ္တဝါ(Omnivores)များ ဖြစ်ကြပြီး ငါးငယ်၊ ပုစွန်၊ အခွံမာရေသတ္တဝါ၊ အပင်မျှောလှေး၊ အ ကောင်မျှောလှေးများနဲ့ ဟင်းသီးဟင်းရွက်များကို သူတို့ရဲ့အစာအဖြစ် စားလေ့ရှိကြပါတယ်။

ငါးမြစ်ချင်းငါးတွေဟာ အသက် ၂ နှစ်ကနေ ၃ နှစ်အတွင်း မျိုးပွားနိုင်ကြပါတယ်။ မုတ်သုံရာသီဖြစ်တဲ့ ဇူလိုင်လ ကနေ သြဂုတ်လအတွင်း သားပေါက်ကြပါတယ်။ ဒါပေမဲ့ ငါးမွေးမြူရေးကန်တွေက ငါးမြစ်ချင်းငါးအမတွေ ကတော့ ၁ နှစ်ကို ၂ ကြိမ်ကနေ ၃ကြိမ်အထိ ဥများ ဥနိုင်ပါတယ်။ အရွယ်အစား ၁ ကီလိုဂရမ်ရှိတဲ့ ငါးအမ ၁ ကောင်ဟာ ငါးဥ ၁ သိန်းကနေ ၂ သိန်းခန့်ထိ ဥဥနိုင်ကြပါတယ်။

ငါးမြစ်ချင်းငါးကို ငါးကန်အတွင်းမွေးမြူ၍လည်း စီးပွားရှာနိုင်ပါတယ်။ ငါးမြစ်ချင်းမွေးမြူချင်ရင် ငါးသားပေါက် များကို ဝယ်ယူမွေးမြူနိုင်ပါတယ်။ စနစ်တကျမွေးပါက ၁ လ ၊ ၂ လအတွင်း လက်ချောင်းအရွယ်ခန့် ရောက်ရှိ ကြီးထွားနိုင်ပါတယ်။

လက်ချောင်းအရွယ်ငါးလေးများကို ၁ နှစ်ခန့် ကျွေးမွေးစောင့်ရှောက်ရင် စျေးကွက်မှာရောင်းချနိုင်တဲ့ အရွယ် အစားထိ ကြီးထွားလာမှာဖြစ်ပါတယ်။

ငါးမြစ်ချင်းငါးကို မြေပြင်ပေါ်မှာ ကန်များတူး မွေးမြူနိုင်တဲ့အပြင် ရေပြင်ကျယ်မှာ ပိုက်ကွန်လှောင်အိမ်များ၊ မြစ် ကမ်းပါးအနီးမှာ လှောင်အိမ်များဖြင့်လည်း မွေးမြူနိုင်ပါတယ်။

ငါးမြစ်ချင်းငါးကို ပုံစံမျိုးစုံဖြင့် ချက်ပြုတ်စားလို့ရပါတယ်။ ကြော်စား၊ ပေါင်းစား၊ ကင်စား၊ အစပ်ဟင်း၊ သောက်ဆမ်း၊ ငါးမွှေ၊ ငါးဆုပ် စသဖြင့် ချက်ပြုတ်စားကြသလို မုန့်ဟင်းခါးချက်ရာမှာလည်း ငါးမြစ်ချင်းငါးကို အသုံးပြုကြပါတယ်။ 

လူတစ်ဦးစာ ငါးမြစ်ချင်း ၁ တုံးမှာ ၉၇ ကယ်လိုရီ၊ အဆီ ၁ ဂရမ်၊ ပရိုတင်း ၁၇ ဂရမ် ပါဝင်တဲ့ ငါးဖြစ်ပါတယ်။ အဲ့ဒီလို အဆီနည်းပါးစွာပါဝင်ပြီး အသားဓာတ်ကြွယ်ဝတဲ့ ငါးမြစ်ချင်းငါးမှာ Antioxidants, Omega -3, fatty acids နဲ့Vitamin- A,B,C တို့လည်းပါဝင်ပါတယ်။ 

ဆိုတော့ ငါးမြစ်ချင်းငါးမှာ ဘယ်လို ကျန်းမာရေးအကျိုးကျေးဇူးတွေ ပါသလဲဆိုတော့ ... 

(၁) ဗီတာမင်စီ ကြွယ်ဝတယ်

ငါးမြစ်ချင်းငါးများမှာ မြစ်များတွင် နေထိုင်တတ်သော ငါးမျိုးများဖြစ်ပြီး ဒါဟာ ကျန်းမာရေး ကောင်းမွန်ရန် အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်စီကြွယ်ဝတဲ့ အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ ငါးမြစ်ချင်းငါးဟာ အအေး မိခြင်းနဲ့ ချောင်းဆိုးခြင်းလို ရောဂါများကို သက်သာပျောက်ကင်းစေပြီး သူတို့နဲ့ဆက်စပ်တဲ့ အခြားရောဂါ များကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၂) အသားဓာတ် (protein) ကြွယ်ဝတယ်

ငါးများမှာရရှိနိုင်တဲ့ ပရိုတင်းတွေထဲမှာ အကောင်းဆုံးပရိုတင်းဓာတ်ကို ငါးမြစ်ချင်းကနေ ရရှိနိုင်ပါတယ်။ ပရိုတင်းဓာတ်ဟာ ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ တစ်ရှူးများရဲ့ ကြီးထွားနှုန်းနဲ့ ကျန်းမာရေး ကောင်းမွန်ရန် လိုအပ်တဲ့ဓာတ်တစ်ခုလည်း ဖြစ်ပါတယ်။

(၃) ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတယ် 

ငါးစားသုံးခြင်းဟာ ဦးနှောက်အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကို အကျိုးဖြစ်ထွန်းစေပါတယ်။ ငါးမြစ်ချင်းငါးကို စားသုံးသူများဟာ ပိုမိုကောင်းမွန်သောအလွတ်ကျက်မှတ်နိုင်စွမ်းနဲ့ ခွဲခြမ်းစိတ်ဖြာမှုစွမ်းရည်ရှိကြောင်း သုတေသီ များက လေ့လာတွေ့ရှိခဲ့ကြပါတယ်။

(၄) ဓာတ်သတ္တုအရင်းအမြစ် ကြွယ်ဝတယ်

ငါးမြစ်ချင်းအပါအဝင် ငါးများမှာ သံ၊ သွပ်၊ အိုင်အိုဒင်း၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ် နဲ့ ဆယ်လီနီယမ် စတဲ့ဓာတ်များ ပါဝင်နေ ပါတယ်။ ပါဝင်သောအရေအတွက်ပမာဏများမှာ တစ်မျိုးနဲ့တစ်မျိုးကွဲပြားနိုင်ပါတယ်။

 (၅) ကင်ဆာရောဂါကိုတိုက်ဖျက်ပေးတယ် 

ကမ္ဘာပေါ်ရှိရောဂါဆိုးများမှာ ကင်ဆာရောဂါဟာလည်း တစ်ခုအပါအဝင်ပါ။ ငါးမြစ်ချင်းငါးမှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒန့် (Antioxidants) တွေဟာ ကင်ဆာရောဂါတိုက်ဖျက်ရာမှာ များစွာ အထောက်အကူ ပြုနိုင်တယ်လို့ သုတေသီများက ဆိုကြပါတယ်။ 

(၆) ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးတယ် 

ငါးမြစ်ချင်းငါးဟား ပရိုတင်းဓါတ် ကြွယ်ဝပေမယ့် အဆီနည်းပါးစွာ ပါဝင်ပါတယ်။ အဆီတက်ခြင်းမရှိဘဲ ခန္ဓာကိုယ်အတွက် အကျိုးဖြစ်ထွန်းမှုများစွာကို ရရှိစေပါတယ် ။

ကဲ.. အခုဆိုရင် ငါးမြစ်ချင်းငါးရဲ့ကျန်းမာရေးကောင်းကျိုးတွေကို သိပြီမို့ စျေးလည်းသင့်ပြီး အရသာကောင်းမွန်တဲ့ ငါးမြစ်ချင်းငါးကို တစ်ပတ်တစ်ကြိမ်ခန့် စားပေးသင့်ပါကြောင်း အကြံပြုရေးသားလိုက်ရပါတယ်။

 ရေးသားသူ- နှင်းဖြူဖြူ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်