တောင်သူပညာပေးဆွေးနွေးပွဲအတွေ့အကြုံများ (၆) ဒဏ်ရာ၊ အနာတွေဖြစ်တိုင်း ရောဂါလား?

05/08/2022 11:00 AM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

 ‘ ဇူလိုင်လတွင်း မိုးရာသီရဲ့ စိုက်ပျိုးရေးသီးနှံ ကွင်းသရုပ်ကတော့ ထမင်းလုတ် ပုတ်ချခံရသလိုပဲ ’  လို့ တောင်သူဆွေးနွေးပွဲ တက်လာတဲ့ နှမ်း၊ ငရုတ်ခင်းပိုင်ရှင် ဦးမြအောင်က ပြောပါတယ်။

July drought လို့ ခေါ်တဲ့ မိုးဖြတ်ကာလနဲ့ နှမ်းခင်း၊ ငရုတ်ခင်း အသီးဝင်ဆဲ ကာလ တိုက်ဆိုင်မှုဟာ တောင်သူတွေ ရင်ကွဲပက်လက်ဖြစ်စေပါတယ်။

ပျော်ဘွယ်နယ် ဆိုတာ.. ငရုတ် အကြီးအကျယ်ထွက်တဲ့ ဒေသပါပဲ။ နှစ်ပေါင်းများစွာ စိုက်လာခဲ့တော့ စိုက်နည်းစနစ်တွေလည်း ကျွမ်းကျင်နေပါပြီ။

ဆိုတော့.. တောင်သူပညာပေးဆွေးနွေးပွဲမှာ စိုက်ပျိုးရေးနည်းစနစ်ထက် ပိုးမွှား၊ ရောဂါ ကာကွယ်ရေးနည်းလမ်းကိုပဲ အထူးအလေးပေး ဆွေးနွေးဟောပြောပေးရပါတယ်။

သူတို့ခမျာလည်း မိုးခေါင်နေပေမယ့် အလုပ်မအားကြရှာဘူး။ နွားကျောင်းရတဲ့သူနဲ့၊ ပေါင်း ပေါက်ရတဲ့သူနဲ့  ဆိုတော့ ဆွေးနွေးပွဲမှာ လူနည်းတာ တွေ့ရတယ်။

ဒါပေမဲ့ နည်းပညာပေး တာဝန်ယူထားတော့ကာ တယောက်လာလာ နှစ်ယောက်လာလာ ပြောဟောရမှာက ကိုယ့်အလုပ်ပဲလေ။

ထုံးစံအတိုင်း..

  • မိတ်ဆက်စကားပြောခြင်း..
  • လတ်တလော ရာသီဥတု၊ မိုးလေဝသ၊ အပူချိန်မြင့်မားမှုနဲ့ ပိုးမွှားကျရောက်မှု
  • စုပ်စားပိုးကြောင့် ငရုတ်ရွက်သေးထိုး ဗိုင်းရပ်ကျရောက်မှု
  • အပူချိန်မြင့်ပြီး ရုတ်တရက်မိုးရွာရင် ငရုတ်ပင်ခြေပုပ်ရောဂါကျရောက်တတ်လို့ ကြိုတင်ကာကွယ်ရေး
  • သြဂုတ်လ မိုးများနိုင်လို့ စိုက်ခင်းရေမဝပ်ရေး၊
  • ငရုတ်သီးဖလံဖြူခြောက်၊ ကိုင်းဖျားခြောက်ရောဂါကြိုတင်ကာကွယ်ရေး..

စတဲ့ ဖြစ်ရိုးဖြစ်စဥ် ပိုးမွှား၊ ရောဂါများကို သဘာဝဆေးနည်း၊ ဓာတုဆေးနည်းများနဲ့ ဘယ်လို ဘယ်ပုံ စနစ်တကျ အချိန်မီ ထိန်းချုပ်နည်းများကို အသေးစိတ် ဆွေးနွေးပေးရပါတယ်။

ဆွေးနွေးပွဲရဲ့ အနှစ်သာရ ဖြစ်တဲ့ တက်ရောက်တောင်သူများမှ ပြန်လည်မေးမြန်းခြင်းမှာတော့..

မရီရီနွဲ့ ဆိုတဲ့တောင်သူတစ်ဦးက..

သူ့ငရုတ်ခင်းမှာ ဒီလိုတွေ ဖြစ်နေပါတယ်ဆရာ..။

ဆေးတွေဖျန်းတာလည်း မထူးခြားဘူး၊

အဲဒါ  ဘာဖြစ်တာပါလဲရှင့်..ဆိုပြီး..

ကြွပ်ကြွပ်အိတ်နဲ့ ထည့်လာတဲ့ ငရုတ်သီးများကို ပြသပါတယ်။

ငရုတ်သီးလေးတွေ တပိုင်းစိမ်းပြီး အဖျားပိုင်း ရေနွေးပူလောင်သလို ဖြစ်နေတာပါ။

ဒီဖြစ်စဥ်မျိုးကို တခြားတောင်သူတွေရော ဖြစ်ကြသလား..မေးတော့.. အခင်းတိုင်းနီးပါး ဒီလိုဖြစ်ကြတယ်လို့..ဆိုပါတယ်။

ဒါကြောင့်လည်း..ဒီ ဆောင်းပါးလေးကို  ရေးရခြင်းဖြစ်ပါတယ်။

သီးနှံပင်တွေမှာ ရောဂါကျ ရောက်မှုကို သရုပ်ခွဲရင် ၂ ပိုင်း တွေ့ရပါတယ်။

၁။ Abiotic disease(သက်မဲ့ကြောင့်ဖြစ်ခြင်း)

  •  ရာသီဥတုပူလွန်း/ အေးလွန်းခြင်း
  •  အာဟာရဓာတ် နည်းခြင်း/များခြင်း
  •  မြေဆီလွှာ ချဥ်/ငန်ကိန်း မညီမျှခြင်း
  •  ပိုးသတ်ဆေး/ ပေါင်းသတ်ဆေး လောင်ခြင်း

စတဲ့ အချက်တွေကြောင့်လည်း သီးနှံပင်တွေမှာ ပြဿနာ ရှိတတ်ပါတယ်။

အဆိုပါပြဿနာတွေဆိုရင် ရောဂါကြောင့်လို့ယူဆမိပြီး မှိုသတ်ဆေးဖျန်းမယ်ဆို ထိရောက်မှာမဟုတ်ပါဘူး။

၂။ Biotic diseases(သက်ရှိကြောင့်ဖြစ်ခြင်း)

  •  မှိုရောဂါကျရောက်ခြင်း
  •  ဘက်တီးရီးယားကျရောက်ခြင်း
  •  ဗိုင်းရပ်ရောဂါကျရောက်ခြင်း
  •  နီမတုတ်ရောဂါကျရောက်ခြင်း
  •  ပိုးမွှားကျရောက်ခြင်း..တို့ ဖြစ်ကြပါတယ်။

ဒီနေရာမှာ Source of problemကို အရင်ဆွဲထုတ်ရပါလိမ့်မယ်။

မရီရီနွဲ့ရဲ့ ငရုတ်သီးလက္ခဏာကို ကြည့်ရင် ဘက်တီးရီးယား ပျော့ပုပ်လက္ခဏာနဲ့ ဆင်ပါတယ်။

စာရေးသူလည်း ရုတ်တရက်ကြည့်ပြီး ဘက်တီးရီးယားရောဂါလို့ စိတ်ထဲက တွက်ပြီးသားပါ။

သို့သော်..မရီနွဲ့ ..ဘာဆေးတွေ  ဖျန်းထားသလဲ..?

ဆိုတဲ့ ဆေးသုံးစွဲမှု မှတ်တမ်းကို စစ်လိုက်တော့...

စာရေးသူ..ကောက်ချက်စောသွားကြောင်း သိလိုက်ရပါတယ်။

“ ဖျန်းတာအများဆုံးကတော့..ဆာလဖာ 80%WDG ရယ်၊ အဘာမက်တင်1.8 EC ရယ် ရောဖျန်းတာပဲ ဆရာ” တဲ့ဗျာ။

ကျန်တဲ့ တောင်သူများကလည်း ထောက်ခံကြပါတယ်။

"ကျနော်တို့လည်း..အဲဒါတွေပဲ..ဖျန်းတာဆရာ..ကျနော့်ငရုတ်ခင်းလည်း..အဲ့လိုဖြစ်တာပဲ.."တဲ့။

စာရေးသူခေါင်းထဲ အတွေးတွေ ဆက်တိုက်ဝင်လာတာတွေက...

  •  မိုးခေါင်နေတဲ့ကာလအတွင်း နေ့အပူချိန် ၃၄ ဒီဂရီဆဲစိယပ် ရှိနေခြင်း။
  •  ပိုးသတ်ဆေး EC များဟာ ဆေးပူတွေဖြစ်ခြင်း

(အဘာမက်တင်အောက်လိုင်း(အရည်အပြစ်) ဆေးများသည် အပင်လောင်တတ်သည်၊ ဆာလဖာဆေးသည် 80 ဒီဂရီဖာရင်ဟိုက် (26.67 ဒီဂရီဆဲစိယပ်) ကျော်ရင် အပူလောင်နိုင်သည်)

  •  စိုက်ထားသော/သီးနေသော ငရုတ်သီးသည် မိုးထောင်မျိုးဖြစ်ခြင်း
  •  ဘက်တီးရီးယားပျော့ပုပ်၊ မှည့်ပျောက်စွန်းရောဂါလို ဒဏ်ရာနေရာက ပျော့မနေဘဲ မာနေခြင်း။

(ငရုတ်သီးကို ခွဲကြည့်ရင်တော့ အတွင်းသားတွေက အကောင်းတိုင်း ဖွေးနေပါတယ်)

ဖော်ပြပါ အချက်တွေဟာ  ငရုတ်သီးကို အပူလောင်စေနိုင်တဲ့ အခြေအနေတွေ ဖြစ်နေပါတယ်။

သုံးသပ်ချက်

အောက်ဆွဲငရုတ်မျိုးထက် မိုးထောင်ငရုတ်မှာ ဖြစ်တာမို့လို့ Heat stress ကြောင့်လို့ သုံးသပ်ပါတယ်။

ဒါ့အပြင် အီးစီဖော်မြူလေးရှင်းဆေးနဲ့ ဆာလဖာကို ရောနှောဖျန်းခြင်း၊ နေပူရှိန်ပြင်းချိန်ဖျန်းခြင်းဟာ အပူလောင်ခြင်းကို အားပေးနေပါတယ်။

ငရုတ်၊ ကြက်သွန် စတဲ့သီးနှံတွေမှာ ဆာလဖာ လိုအပ်တာတော့ မှန်ပါတယ်။

ဆာလဖာ ဖျန်းခြင်းဖြင့်..

  • မှိုရောဂါကင်းခြင်း
  • မွှားပင့်ကူ ကာကွယ်ခြင်း
  • အာဟာရ ဖြည့်စွက်ပေးခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။

သို့သော်..

ရာသီဥတု အေးချိန်၊ စိုစွတ်ချိန်မျိုးမှာသာ ဖျန်းသင့်ပါတယ်။

မလိုအပ်ဘဲ..ဖော်မြူလာမတူတဲ့ ဓာတုဆေးများကို ရောနှောဖျန်းခြင်းဟာ ကောင်းကျိုးထက် ဆိုကျိုးကိုသာ ဖြစ်စေနိုင်ပါတယ်လို့ သုံးသပ်တင်ပြအပ်ပါတယ်ခင်ဗျာ...

စေတနာများစွာဖြင့်..

ဒို့ဦးလေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်