အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
 မြစ်ဝကျွန်းပေါ်နှင့် အောက်ပိုင်းဒေသများ အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၁ ရက်အတွင်း မိုးအသင့်အတင့်မှ မိုးရွာသွန်းမှု ပြန်လည်အားကောင်းလာမည်

မြစ်ဝကျွန်းပေါ်နှင့် အောက်ပိုင်းဒေသများ အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၁ ရက်အတွင်း မိုးအသင့်အတင့်မှ မိုးရွာသွန်းမှု ပြန်လည်အားကောင်းလာမည်

အောက်တိုဘာ ၂၉ ရက်၊ နေ့လည် ၂ နာရီ အိန္ဒိယမိုးလေဝသဌာန (IMD) ၏ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့ ထုတ်ပြန်ချက် (Tropical Cyclone Advisory No. 24)၊ ထိုင်းမိုးလေဝသဌာန၏ Surface Weather Chart နှင့် ဂြိုဟ်တုဓာတ်ပုံများ၊ METEOBLUE ICON Model ၏ အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ နေ့စဉ်မိုးရေချိန် ခန့်မှန်းမြေပုံများ ကို အခြေခံ၍ မိုးလေဝသနှင့် စိုက်ပျိုးရေးဆိုင်ရာ သုံးသပ်ခန့်မှန်းချက်များ ဖြစ်ပါသည်။

၁။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း လေဖိအားနည်းရပ်ဝန်း အခြေအနေနှင့် ဆက်လက်ဖြစ်ပေါ်နိုင်ခြေ သုံးသပ်ခန့်မှန်းချက်

လက်ရှိအခြေအနေ - အိန္ဒိယမိုးလေဝသဌာန (IMD) ၏ အောက်တိုဘာ ၂၉ ရက် ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်နေသော အန္ဒမန်ကျွန်းစုများပေါ်တွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု စတင်ဖြစ်ပေါ်နေပြီ ဖြစ်ပါသည်။


ရှေ့ဆက်ဖြစ်ပေါ်နိုင်ခြေ ခန့်မှန်းချက် - အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် လာမည့် ၂၄ နာရီအတွင်း အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားရင်း အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အဖြစ်သို့ လည်းကောင်း၊ နောက်ထပ် ၂၄ နာရီအတွင်း (အောက်တိုဘာ ၃၁ ရက်ခန့်တွင်) ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း၌ မုန်တိုင်းငယ် (Depression) အဖြစ်သို့ လည်းကောင်း ပိုမိုအားကောင်းလာမည်ဖြစ်ပါသည်။


ဆက်လက်ရွေ့လျားနိုင်မည့်လမ်းကြောင်း - ၎င်းစနစ်သည် အိန္ဒိယနိုင်ငံ သမုဒ္ဒရာဘက်သို့ အနောက်-အနောက်မြောက်ဘက် ဦးတည်ရွေ့လျားမည်ဖြစ်သော်လည်း ယင်း၏ လေပွေလှိုင်းနှင့် စိုစွတ်သော လေထုဆွဲငင်မှုများကြောင့် မြန်မာနိုင်ငံတောင်ပိုင်း၊ ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများသို့ လေဖိအားနည်းရပ်ဝန်း-အပြင်ပိုင်း မိုးတိမ်များ ဆက်တိုက် တိုးဝင်စေမည်ဖြစ်ပါသည်။
 
၂။ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် ဖြစ်ပေါ်နိုင်သော မိုးလေဝသ အခြေအနေ


မြန်မာနိုင်ငံ တောင်ပိုင်းနှင့် ကမ်းရိုးတန်းဒေသများ (တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်) - ကပ္ပလီပင်လယ်ပြင် လေဖိအားနည်းရပ်ဝန်းနှင့် တိုက်ရိုက်နီးစပ်သဖြင့် အောက်တိုဘာ ၂၉ မှ နိုဝင်ဘာ ၁ ရက်အတွင်း မိုးဆက်တိုက်ရွာသွန်းခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် ပင်လယ်ပြင် မိုးသက်လေပြင်းများ ကျရောက်နိုင်ပါသည်။


မြစ်ဝကျွန်းပေါ်နှင့် အောက်ပိုင်းဒေသများ (ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း) - အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၁ ရက်အတွင်း အရှေ့ဘက်မှ လေပွေလှိုင်းများ တိုးဝင်လာသဖြင့် မိုးအသင့်အတင့်မှ မိုးရွာသွန်းမှု ပြန်လည်အားကောင်းလာမည် ဖြစ်ပါသည်။


အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများ (မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်) - မြောက်ပိုင်းမှ တရုတ်အေးလေထု (High Pressure Area) တိုးဝင်လာမှုကြောင့် အပူချိန် အနည်းငယ် ကျဆင်းမည်ဖြစ်ပြီး အောက်တိုဘာ ၃၁ ထိ မိုးပြတ်သလောက် နည်းပါးမည်ဖြစ်သော်လည်း နိုဝင်ဘာ ၁ မှ ၃ ရက်အတွင်း လေအေးနှင့် လေနွေးတွေ့ဆုံမှုကြောင့် မိုးရွာသွန်းမှု အနည်းငယ် ပြန်လည်ရှိလာနိုင်ပါသည်။


မြောက်ဘက်စွန်းဒေသများ (ကချင်ပြည်နယ်၊ ချင်းပြည်နယ်) - မိုးရွာသွန်းမှု နည်းပါးမည်ဖြစ်ပြီး ဆောင်းဦးရာသီ ကာလအလိုက် အအေးဓာတ် စတင်ပိုမိုလာမည် ဖြစ်ပါသည်။
 
၃။ ပြည်နယ်/တိုင်းဒေသကြီးအလိုက် ဖြစ်ပေါ်နိုင်သည့် သဘာဝဘေး အန္တရာယ် သတိပေးချက်
တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ဧရာဝတီတိုင်း (ကမ်းရိုးတန်း) –
မိုးကြီးခြင်းနှင့် ရေကြီး/မြေပြိုအန္တရာယ် - တောင်ကျရေ လျှင်မြန်စွာ ကျဆင်းခြင်း၊ မြေနိမ့်ပိုင်း ရေလျှံခြင်းနှင့် တောင်ကမ်းပါးယံများ မြေပြိုခြင်းများ သတိပြုရန် လိုအပ်ပါသည်။
ပင်လယ်ပြင် လှိုင်းကြီးအန္တရာယ် - ကမ်းလွန်နှင့် ပင်လယ်ပြင်အတွင်း မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သဖြင့် ငါးဖမ်းရေယာဉ်များ သတိပေးချက် ကြည့်ရှုရန် လိုအပ်ပါသည်။
 
ပဲခူး၊ ရန်ကုန်၊ မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများ
အခါလွန်မိုးနှင့် မိုးကြိုးအန္တရာယ် - လေအေးနှင့် လေနွေး ထိတွေ့မှုကြောင့် မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း များ ဖြစ်ပေါ်နိုင်သဖြင့် ပွင့်လင်းကွင်းပြင်များတွင် သတိထားရန် လိုအပ်ပါသည်။


၄။ စိုက်ပျိုးရေးတောင်သူများအတွက် အကြံပြုချက် (စပါးရိတ်သိမ်းချိန်နှင့် ဆောင်းသီးနှံ)


စပါးရိတ်သိမ်းခြွေလှေ့ရေး အစီအစဉ်

မြန်မာနိုင်ငံတောင်ပိုင်းနှင့် မြစ်ဝကျွန်းပေါ် (ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီ) - အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၁ ရက်အတွင်း မိုးပြန်လည်ရွာသွန်းနိုင်သဖြင့် ရိတ်သိမ်းပြီး စပါးများကို ရေမစိုစေရန် ပလတ်စတစ်စများဖြင့် သေချာဖုံးအုပ်ခြင်း၊ စပါးခင်းများအတွင်း ရေနုတ်မြောင်းများ ကြိုတင်ဖောက်လုပ်ထားခြင်းများ ပြုလုပ်ရပါမည်။


အလယ်ပိုင်းနှင့် အထက်ပိုင်း (မန္တလေး၊ စစ်ကိုင်း၊ မကွေး) - အောက်တိုဘာ ၂၉ မှ ၃၁ ရက်အထိ မိုးနည်းသော ပွင့်လင်းရက်များ ရရှိမည်ဖြစ်သဖြင့် စပါးရိတ်သိမ်းခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် အပြီးဆောင်ရွက်သင့်ပါသည်။


ဆောင်းသီးနှံ စိုက်ပျိုးရေး (ပဲမျိုးစုံ၊ နှမ်း၊ ကြက်သွန်) - အခါလွန်မိုး ရွာသွန်းနိုင်ခြေရှိသော ဒေသများတွင် စိုက်ခင်းများ ရေဝပ်ကျန်ခဲ့ပါက အစေ့အညှောက်ပေါက်မှုကို ထိခိုက်နိုင်သဖြင့် စိုက်ခင်းရေနုတ်စနစ် ကို ကြိုတင်ပြင်ဆင်ထားရန် အကြံပြုအပ်ပါသည်။
 
၅။ နေ့စဉ်နှင့် စုစုပေါင်း ခန့်မှန်းမိုးရေချိန် ဇယား (အောက်တိုဘာ ၂၉ - နိုဝင်ဘာ ၄) - (စုစုပေါင်း မိုးရေချိန် မိုးများရာမှ နည်းရာသို့ Sorting ပြုလုပ်ထားပါသည်)
“၂၄ နာရီအတွင်း မိုးရေချိန် ၂၅ မီလီမီတာ = ၁ လက်မ ခန့် ရွာသွန်းရရှိနိုင်သည့် မိုးရေချိန်ပမာဏများကို အနီရောင်ဖြင့် ဖေါ်ပြထားပါသည်”

လက်ရှိ ဂြိုဟ်တု (Satellite) နှင့် မိုးလေဝသ အနီအောက်ရောင်ခြည် (Infrared) ပုံရိပ်များ အရ မြန်မာနိုင်ငံနှင့် အနီးဝန်းကျင် ဒေသများ၏ တိမ်တိုက်ဖြစ်ထွန်းမှုနှင့် မိုးရွာသွန်းနိုင်ခြေ အခြေအနေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။


တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်: မွန်၊ ကရင်နှင့် တနင်္သာရီကမ်းလွန်/မြေပြင်ဒေသများ (ဒေဝါး၊ မြိတ်၊ ကော့သောင်း အပါအဝင်) တွင် မိုးတိမ်တောင် (Convective Clouds) တိမ်ထုအလွန်အားကောင်း လျက်ရှိပြီး မိုးကြိုးပစ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သော အခြေအနေတွင် ရှိနေပါသည်။

ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး: မြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်အနီးဝန်းကျင် (ပင်လယ်ကွေ့နှင့် ထိစပ်နေသော ကမ်းလွန်ဧရိယာများ) တွင် တိမ်ထုအတန်အသင့် ထူထပ်နေပြီး နေရာကွက်ကျား မိုးရွာသွန်းနိုင်ခြေ သို့မဟုတ် မိုးဖွဲ/မိုးပါးများ ဖြစ်ပေါ်နေပါသည်။
ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း) / ကချင်ပြည်နယ်: ဘင်္ဂလားပင်လယ်အောက်ပိုင်းရှိ လေဖိအားနည်းရပ်ဝန်း/တိမ်တိုက်စနစ်များ၏ အရှိန်ကြောင့် ရခိုင်ကမ်းလွန်နှင့် အထက်ချင်းတွင်း၊ ကချင်ပြည်နယ် (မိုညှင်း၊ ဖားကန့် အနီး) ဒေသအချို့တွင် မိုးတိမ်တောင်ငယ်များ ဖြစ်ထွန်းလျက်ရှိပြီး နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။

မြန်မာ့အလယ်ပိုင်း (မန္တလေး၊ မကွေး၊ ပဲခူး) နှင့် ရှမ်းပြည်နယ်: စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်အများစုတွင် တိမ်အသင့်အတင့်မှ တိမ်အနည်းငယ်သာ ရှိပြီး မိုးရွာသွန်းနိုင်ခြေ နည်းပါးကာ ရာသီဥတု သာယာ/သာမန်အခြေအနေတွင် ရှိနေပါသည်။
အထူးသဖြင့် တနင်္သာရီတိုင်း၊ ကရင်၊ မွန်နှင့် အောက်ပိုင်းပင်လယ်ပြင်/ကမ်းလွန်ဒေသများတွင် မိုးထစ်ချုန်းမှု အားကောင်းနေသဖြင့် မိုးကြိုးအန္တရာယ်နှင့် လေပြင်းဘေးကို အထူးဂရုပြုရန် လိုအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မိုးလေဝသ

မိုးလေဝသ

You

ဆက်စပ်ဆောင်းပါးများ

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။