ဘဲမွေးမြူထုတ်လုပ်မည့်သူများသည် မိမိထုတ်လုပ်လိုသည့် အသား၊ ဥ တို့ကို စျေးကွက်နှင့် တွက်ချက်ရွေးချယ်၍ မျိုးရွေးချယ်ရပါမည်။
အများအားဖြင့် ဥစားဘဲများဖြစ်သော ကာကီကင်းဘဲ၊ အိန္ဒိယပြေးဘဲ၊ ဓာတ်ဘဲများ(ပြည်တွင်းမျိုး)၊ ဥစားဘဲများကို မွေးမြူကြပါသည်။ အဆိုပါ ဥစားဘဲမျိုးများသည် ဥနှုန်း ၇၀၊ ၈၀ ရာခိုင်နှုန်းအထိ ဥ ဥကြပြီး အသား ၁ ပိဿာမှ ၁ ပိဿာခွဲအထိ ရှိကြပါသည်။
အသားစားဘဲ မွေးမြူရန် ပီကင်းဘဲ၊ ချယ်ရီဘယ်ရီဘဲနှင့် မန်ဒါလီဘဲမျိုးများကို မွေးမြူရပြီး အသား ၂ ပိဿာခွဲအထိ ရှိကြပါသည်။
စီးပွားဖြစ် ဘဲမွေးမြူဖို့ မြေနေရာရွေးချယ်ခြင်းနှင့် ခြံအဆောက်အအုံ ရွေးချယ်ရာတွင် -
- သဲဆန်သောမြေနေရာဖြစ်ပါက ပို၍သင့်လျော်ပါသည်။
- ဆင်ခြေလျှောကုန်းမြင့်များရှိသောနေရာဖြစ်ပြီး ရေကန်၊ ချောင်းနှင့် လွှတ်ကျောင်းနိုင်သော မြက်ခင်းရှိလျှင် ပိုကောင်းပါသည်။
- စီးဆင်းသောရေရှင်ဖြစ်လျှင် ပိုမိုကောင်းမွန်သည်။
- မြစ်ချောင်းနံဘေးတွင် ရွေးချယ်ပါက အနက် ၂ ပေ၊ အနံ ၉ ပေခန့်ရှိရန် လိုအပ်ပါသည်။
ကန်အကျယ်အဝန်း
- သဘာဝရေကန်၊ ချောင်းမရှိပါက ဘဲအကောင် ၂၀၀ ခန့်အတွက် ၁၀ ပေပတ်လည်နှင့် အနက် ၁.၅ ပေတူးပြီး ရေကန်၏နှုတ်ခမ်းများကို ဆင်ခြေလျှော ပြုလုပ်ပေးရပါမည်။
- ရေကို ၂ ရက်၁ ကြိမ် လဲလှယ်ပေးရန် လိုအပ်ပါသည်။
ခြံအဆောက်အဦနှင့် အရွယ်အစား
- ဘဲများ ညအခါအိပ်ရန်နှင့် မိုးရွာသွန်းမှုများသောအခါ ခိုနားနိုင်ရန်နှင့် နေပူလွန်းလျှင် နားခိုနိုင်ရန် အဆောက်အအုံ ပြုလုပ်ပေးရပါမည်။
- ဘဲခြံကို အလင်းရောင်ရရန်နှင့် လေဝင်လေထွက်ကောင်းရန် စီမံပေးရပါမည်။
- အောက်ခံအခင်းကို စပါးခွံ၊ ကောက်ရိုး ၊သဲ စသည်တို့ ခင်းပေးပြီး စွတ်စိုမှုရှိလျှင် လဲပေးရပါမည်။
ဘဲခြံအရွယ်အစားမှာ-
- ဘဲငယ် ၁ ကောင်အတွက် - ၀.၅ စတုရန်းပေနှုန်း
- ဘဲလတ် ၁ ကောင်အတွက်- ၂.၅ စတုရန်းပေနှုန်း
- ဘဲကြီး ၁ ကောင်အတွက် - ၃ စတုရန်းပေနှုန်း ရှိသင့်ပါသည်။
ဥစားဘဲငယ်များကို ပြုစုစောင့်ရှောက်ခြင်း
- ဥစားဘဲငယ်များကို အနွေးပေးရာတွင် ရာသီဥတုပေါ်မူတည် ပြီး ၂ ပတ်မှ ၃ ပတ်အထိ ကြာမြင့်နိုင်ပါသည်။
- ပထမပတ်တွင် အပူချိန် ၂၉ ဒီဂရီစင်တီဂရိတ်မှ ၃၂ ဒီဂရီစင်တီဂရိတ်အတွင်းရှိအောင် ဆောင်ရွက်ပေးရပါမည်။
- ၁ ပတ်လျှင် ၃ ဒီဂရီစင်တီဂရိတ်အထိ အပူချိန်လျှော့ချနိုင်ပြီး မီးလွတ်ချိန်ရောက်သည်အထိ လျှော့ချပေးရပါမည်။
- ရာသီဥတုပေါ်မူတည်၍ ၂ ပတ်သားအထက်တွင် ရေချပေးနိုင်ပါသည်။
- ခြံအကျယ်အဝန်းကို ဥစားဘဲငယ်တစ်ကောင်အတွက် ၁ စတုရန်းပေ လိုအပ်ပါသည်။
ဥစားဘဲလတ်များကို ပြုစုစောင့်ရှောက်ခြင်း
- ဥစားဘဲလတ်များ (၄ ပတ် မှ ၁၆ ပတ်အထိ) ပြုစုစောင့်ရှောက်ရာ၌ ခြံလှောင်မွေးမြူမည်ဆိုပါက ၁ ကောင်လျှင် ၃ စတုရန်းပေ လိုအပ်ပြီး ခြံလှောင်လွှတ်ကျောင်းစနစ်ဆိုပါက ၂.၅ စတုရန်းပေ လိုအပ်ပါသည်။
- လွှတ်ကွင်းစနစ် မွေးမြူမည်ဆိုပါက ၁ ဧကလျှင် ဘဲလတ် ၁၀၀၀ ကောင် မွေးမြူနိုင်ပါသည်။
- ဘဲအသက် ၄ ပတ်မှ ၁၆ ပတ်သားအထိ ဥစားဘဲလတ်စာ ကျွေးရပါမည်။
- ဘဲလတ်ကာလတွင် ညဘက်အလင်းရောင်ပေးရန် မလိုဘဲ နေ့ဘက်တွင် အလင်းရောင် ကောင်းစွာပေးရပါမည်။
ဥစားဘဲကြီးများကို ပြုစုစောင့်ရှောက်ခြင်း
- ဥစားဘဲကြီးများ(၁၆ ပတ်အထက်)ကို ပြုစုစောင့်ရှောက်ရာ၌ ခြံလှောင်စနစ်တွင် ဥစားဘဲကြီး ၁ ကောင်လျှင် ၄ စတုရန်းပေမှ ၅ စတုရန်းပေ လိုအပ်ပြီး ခြံနှင့် လွှတ်ကျောင်းတွဲဖက်မွေးမြူသည့်စနစ်အတွက် ၃ စတုရန်းပေနှုန်း ထားရှိပေးရပါမည်။
- ဘဲများ ဥစတင်စမ်းသည့်အချိန်မှ စတင်၍ ဥစားဘဲကြီးစာကို ပြောင်းလဲကျွေးရပါမည်။
- များသောအားဖြင့် ဥစားဘဲများသည် အသက် ၁၆ ပတ်မှ ၁၇ ပတ်တွင် ဥစတင်စမ်းလေ့ ရှိကြပါသည်။
- ဥစတင်စမ်းသည့်အချိန်မှ စတင်၍ ၁ ပတ်လျှင် ၁ နာရီနှုန်း ညဘက်အလင်းရောင် တိုးပေးရပါမည်။
- အမြင့်ဆုံးအလင်းပေးချိန် ၁၆ နာရီမှ ၁၇ နာရီ ရရှိရန် လိုအပ်ပါသည်။
- အလင်းပေးစနစ်သည် ဘဲဥထုတ်လုပ်မှုအတွက် များစွာ အရေးပါသောကြောင့် အထူးဂရုစိုက်ရန် လိုအပ်ပါသည်။
- ဘဲမွေးမြူရေးအတွက် အစာပုံစံများ ပြုလုပ်ရာတွင် ဆန်ကွဲ၊ ဖွဲနုနှင့် ဖွဲကြမ်း၊ ပုစွန်ဖွဲ ၊ခရုမှုန့်၊ ပြောင်းစသည်တို့ကို အသက်အရွယ်အလိုက် ပိုင်းခြားကျွေးရပါမည်။
(အပိုင်း-၂ ကို ဆက်လက်ဖော်ပြပေးပါမည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်