လောင်စာဆီနဲ့ မြေဆီဈေးကို တန်ပြန်တဲ့ ဂရိလယ်သမားတွေရဲ့ လယ်ထွန်စက်သပိတ်

22/03/2022 15:00 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ဂရိနိုင်ငံက ရာနဲ့ချီတဲ့ လယ်သမားတွေဟာ လယ်ထွန်စက်တွေကို မောင်းနှင်ပြီး မြို့တော်အေသင်မှာ ပြီးခဲ့တဲ့သောကြာနေ့က ဆန္ဒပြသပိတ်မှောက်ခဲ့ကြပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း မြင့်တက်လာခဲ့တဲ့ လောင်စာဆီနဲ့ ဓာတ်မြေသြဇာဈေးတွေကို တန်ပြန်နိုင်ရန် အစိုးရအနေနဲ့ အခွန်တွေ ထပ်လျှော့ပေးဖို့၊ အမတော်ကြေးတွေ ထပ်တိုးပေးဖို့ တောင်းဆိုဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

နှစ်ဦးပိုင်းတုန်းကလည်း လောင်စာဆီဈေး ကြီးမြင့်မှုအပေါ် သီတင်းပတ်အတော်ကြာ ဆန္ဒပြခဲ့ကြတဲ့ လယ်သမားတွေဟာ ယခုအခါ စိုက်ပျိုးရေးစရိတ်တွေ အလွန် မြင့်လွန်းနေကြောင်း၊ အဲတာကြောင့် လယ်ယာထွက်ကုန်တွေ လျှော့ချထုတ်လာရနိုင်ကာ စားသုံးသူတွေဟာ ဈေးပိုပေး ဝယ်ကြရတော့မှာဖြစ်ကြောင်း ပြောပါတယ်။

ဂရိအစိုးရကတော့ စွမ်းအင်နဲ့ လောင်စာဆီဈေးမြင့်တက်မှုကြောင့် အတိဒုက္ခရောက်ကြရတဲ့ လယ်သမားတွေ၊ အိမ်ထောင်စုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်မှု သက်သာစေအောင် စက်တင်ဘာလက စပြီး ထောက်ပံ့ကြေးငွေ ယူရို ၃.၇ ဘီလျံ သုံးစွဲထားပါတယ်။

ဓာတ်မြေသြဇာအရောင်းခွန်ကို ယခင် ၄၆ ရာခိုင်နှုန်းကနေ ၁၃ ရာခိုင်နှုန်းကို လျှော့ချပေးခဲ့သလို ထပ်မံပြီးလည်း ၆ ရာခိုင်နှုန်းရောက်အောင် လျှော့ချသွားဦးမယ်လို့ ကြာသပတေးနေ့က ကြေညာပါတယ်။ ဒါ့အပြင် လယ်ယာသုံးစက်ယန္တရားတွေအတွက် လောင်စာဆီခွန် ပြန်အမ်းငွေ ပေးအပ်သွားဖို့လည်း ကြေညာခဲ့ပါတယ်။

လယ်သမားတွေကတော့ အစိုးရအစီအမံတွေဟာ လုံလောက်မှု မရှိဘဲ လောင်စာဆီကနေ တိရစ္ဆာန်စာအထိ အစစအရာရာ ဈေးကြီးလွန်းလာပြီလို့ ပြောပါတယ်။

"အသက်ရှင်ရပ်တည်ရေးဟာ ဒီနှစ်အတွက်တော့ ကြိုးတန်းလမ်းလျှောက်ရသလိုပဲ။ အခုဖြစ်နေတဲ့ ထုတ်လုပ်စရိတ်၊ မီတာခ၊ သွင်းအားစုဈေးနဲ့ လောင်စာဆီဈေးတွေကြောင့်ပါ" လို့ ဆန္ဒပြလယ်သမားတစ်ယောက်ဖြစ်တဲ့ ဂျော့ဂေါ့စ်လောတစ်က ပြောပါတယ်။

ဒီသပိတ်မှာ ဂရိနိုင်ငံအနှံ့က လယ်သမားတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ လယ်သမားအချို့ကတော့ သိုးကျောင်းတုတ်တွေ ဒါမှမဟုတ် ရိုးရိုးတုတ်ချောင်းတွေမှာ အနက်ရောင်အလံတွေ လွှင့်တင်ဆန္ဒပြခဲ့ကြပါတယ်။

"အခြေအနေဟာ ဘယ်လိုမှ သည်းမခံနိုင်တဲ့အဆင့် ဖြစ်လာပြီ" လို့ အခြားလယ်သမားတစ်ဦးဖြစ်တဲ့ ဒီယာမန်တိုခရီတီကိုက ပြောပါတယ်။

"လယ်ယာအလုပ်က လုပ်မရတော့ဘူး။ သီးနှံ မစိုက်နိုင်တော့ဘူး။ ယာဉ်တွေမှာ ဆီမဖြည့်နိုင်တော့ဘူး။ မျိုးစေ့၊ ဓာတ်မြေသြဇာလည်း မဝယ်နိုင်တော့ဘူး။ နိုင်ငံထဲမှာ စားသောက်ကုန်‌ရောင်းအား ပြဿနာ တက်လာတော့မယ်" လို့ ၎င်းက ပြောပါတယ်။

ယူကရိန်းအပေါ် ရုရှားနိုင်ငံရဲ့ ကျူးကျော်စစ်ပြုမှုဟာ ဓာတ်ဆီနဲ့ ဒီဇယ်ဆီဈေးနှုန်းတွေကို စံချိန်တင်အမြင့်ဆုံးထိ မြင့်တက်စေခဲ့ပါတယ်။

ရုရှားဟာ ပိုတက်ရှ်၊ ဖော့စဖိတ်နဲ့ နိုက်ထရိုဂျင်တို့ ပါဝင်တဲ့ ဓာတ်မြေသြဇာတွေ ပမာဏများစွာ ထုတ်လုပ်နေတဲ့ နိုင်ငံဖြစ်သလို ဓာတ်မြေသြဇာတင်ပို့မှု ဦးဆောင်နိုင်ငံအဖြစ် ကမ္ဘာ့ထုတ်လုပ်မှုရဲ့ ၁၃ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ပမာဏကို ထုတ်လုပ်ပေးနေပါတယ်။

ယခုလမှာ ရုရှားကုန်သွယ်ရေးနဲ့ စက်မှုလက်မှုဝန်ကြီးဌာနက ပြည်တွင်းရှိ ဓာတ်မြေသြဇာလုပ်ငန်းတွေအနေနဲ့ ပို့ကုန်ကို ယာယီ ရပ်နားထားဖို့ ညွှန်ကြားထားပါတယ်။

ယူကရိန်းပဋိပက္ခရဲ့ နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ နိုင်ငံတကာ စားသောက်ကုန်စည်နဲ့ တိရစ္ဆာန်စာဈေးနှုန်းတွေဟာ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်လာလိမ့်မယ်လို့ ကုလသမဂ္ဂစားနပ်ရိက္ခာအေဂျင်စီက ပြီးခဲ့တဲ့အပတ်မှာ ခန့်မှန်းထားပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Greek Farmers on Tractors Protest 'Unbearable' Fuel, Fertilizer Costs - Reuters 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်