စိုက်ပျိုးသုတ နိုဝင်ဘာလ

01/11/2022 11:00 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

ယခုနိုဝင်ဘာလတွင် ဆောင်းသီးနှံများစိုက်ပျိုးရေး၊ မိုးစပါးသီးနှံရိတ်သိမ်းရေးနှင့် နွေစပါးစိုက်ပျိုးရေးတို့နှင့် ပတ်သက်၍ စိုက်ပျိုးသုတ ပေးဝေမျှလိုပါသည်။

၁။ ဆောင်းသီးနှံများအတွက်

မတ်ပဲသီးနှံ

မိုးကောင်းသောက်ဒေသလယ်မြေများ(Rain-fed Lowland)တွင်  စိုက်ပျိုးနိုင်သည်။ ဆည်ရေသောက်ဒေသ လယ်မြေများ(Irrigated Lowland)တွင်လည်း စိုက်ပျိုးနိုင်သည်။ ထို့နောက် မတ်ပဲအပြီး နွေစပါးကို ဆက်လက်စိုက်ပျိုးကာ သုံးသီးစားသီးနှံပုံစံ စပါး-မတ်ပဲ-နွေစပါး သီးနှံပုံစံကို ဆောင်ရွက်နိုင်ပါသည်။ 

မတ်ပဲသီးနှံကို စိုက်ပျိုးရာတွင် မိုးစပါးရိတ်သိမ်းအပြီး မြေတွင်းအစိုဓာတ်ကို ချင့်ချိန်၍ နိုဝင်ဘာလကုန် နောက်ဆုံးထားပြီး စိုက်ပျိုးရန်ဖြစ်သည်။ ပဲတီစိမ်းတွင် ကျရောက်လေ့ရှိသော အဝါရောင်မိုစေ့ရောဂါ ကျရောက်နိုင်သဖြင့် ကာကွယ်နှိမ်နင်းရေးကို အထူးဂရုပြုသင့်ပါသည်။

ပဲတီစိမ်းသီးနှံ

ညအပူချိန် လွန်စွာနိမ့်ကျခြင်းမရှိသည့်ဒေသများတွင် စပါးအပြီး ပဲတီစိမ်းကို စိုက်ပျိုးနိုင်သည်။ စိုက်ချိန်နောက်မကျသင့်ပါ။ နိုဝင်ဘာလလယ် နောက်ဆုံးထား စိုက်ပျိုးသင့်ပါသည်။

ပဲတီစိမ်းတွင် အဝါရောင်မိုစေ့ရောဂါကျရောက်တတ်သည်။ ရောဂါခံနိုင်သောမျိုးကို အသုံးပြုသင့်သည်။ ယခင်နှစ်က ရောဂါကျရောက်သောလယ်မြေကို ယခုနှစ်တွင် စိုက်ပျိုးခြင်းမပြုသင့်ပါ။

ကုလားပဲသီးနှံ

ကုလားပဲသီးနှံသည် နုံးမြေစေး၊ စနယ်မြေစေးတို့တွင် ကောင်းစွာဖြစ်ထွန်းသည်။ မြေတွင်းအစိုဓာတ်ကို ထိန်းထားနိုင်ပြီး ရေမဝပ်သောမြေမျိုးတွင် စိုက်ပျိုးသင့်သည်။  နိုဝင်ဘာလအတွင်း စိုက်ပျိုးသင့်ပါသည်။ 

စိုက်ချိန်နောက်ကျလျှင် သီးတောင့်ရင့်မှည့်ချိန်၌ အပူချိန်မြင့်မားမှုဒဏ်ခံရခြင်း၊ အစိုဓာတ်မလုံလောက်ခြင်းတို့ကြောင့် အထွက်နှင့် မျိုးစေ့အရည်အသွေး လျော့ကျနိုင်ပါသည်။

ပဲပုပ်သီးနှံ  

သဲဆန်သောမြေအမျိုးအစားမှအပ မြေဆီသြဇာ အသင့်အတင့်မှ ထက်သန်သည့်မြေတို့တွင် နိုဝင်ဘာလသည် ပဲပုပ်သီးနှံ စတင်စိုက်သင့်သောလ ဖြစ်သည်။ 

အာဟာရရှုထောင့်မှ ကြည့်ပါက ပဲပုပ်တွင် အသားဓာတ်ပါဝင်မှု မြင့်မားသည်။ ထိုမျှမက ဆီပါဝင်မှုလည်း မြင့်မားပါသည်။ အသက်လျင်အထွက်ကောင်းသောမျိုး ဖြစ်ရုံမက စပါးအပြီး သီးထပ်စိုက်ပျိုးရန် သင့်တော်သောမျိုး ဖြစ်သင့်ပါသည်။

ပဲမျိုးစုံသီးနှံများစိုက်ပျိုးရာတွင် မျိုးစေ့ကို သက်ဆိုင်ရာ ပဲမြစ်ဖုဇီဝမြေသြဇာနှင့် လူးနယ်စိုက်ပျိုးသင့်သည်။ အပင်ငယ်စဉ်တွင် မှိုရောဂါကျရောက်တတ်သည်။ အပင်ပေါက်ပြီး တစ်ပတ်သားတွင် ပင်စည်ထိုးပိုး(Stem Fly) ကျရောက်တတ်သည်။ ကြိုတင်ကာကွယ်သည့်အနေဖြင့် မျိုးစေ့ကို သင့်တော်ရာဆေးဖြင့် လူးနယ်စိုက်ပျိုးသင့်ပါသည်။

ထို့ပြင်အသုံးပြုမည့်မျိုးသည် အသက်လျင်သင့်သည်။ စျေးကွက်အမြင့်ဆုံး ရနိုင် သည့်မျိုး ဖြစ်သင့်သည်။ စိုက်စနစ်မှာလုပ်သားလုပ်အား သုံးစွဲမှုအနည်းဆုံး၊ ကုန်ကျစရိတ် အနည်းဆုံးဖြင့် စိုက်ပျိုးမှု လွယ်ကူစေသင့်ပါသည်။

၂။ မိုးစပါးသီးနှံအတွက်

စိုက်ချိန်စောသည့်မိုးစပါးကို များမကြာမီတွင် ရိတ်သိမ်းတော့မည် ဖြစ်ပါသည်။ 

ရိတ်သိမ်းချိန်မှန်၍ ခြွေလှေ့နည်းစနစ်မှန်ရေး တိုက်တွန်းလိုပါသည်။ စပါးအထွက်မြင့်မားရေးအတွက် ဖြစ်သည်။ စပါးအထွက်အတွက်သာ မကပါ။ စပါးအရည်အသွေးမြင့်မားဖို့လည်း ဖြစ်ပါသည်။ မျိုးအဖြစ်ပြန်စိုက်လျှင်လည်း အပင်ပေါက်ကောင်းမည်ဖြစ်သည်။ ထို့ကြောင့် ရိတ်သိမ်းချိန်မှန်ကိုသိဖို့နှင့် ရိတ်သိမ်းဖို့ အလွန်အရေးကြီးပါသည်။

ရိတ်သိမ်းချိန်မှန်မှာ စပါးအနှံများရှိ စပါးစေ့များ၏ ၈၀ မှ ၈၅ ရာခိုင်နှုန်း ကောက်ရိုးရောင် ဖြစ်ပေါ်ချိန် ဖြစ်ပါသည်။ စပါးရိတ်သင့်သော ထိုအချိန်တွင် စပါးနှံအောက်ခြေတွင် ကောက်ရိုးရောင် မဖြစ်ပေါ်သေးဘဲ အစိမ်းရောင်ဖြစ်ပေါ်နေသေးသော စပါးစေ့များရှိနေပါသေးသည်။ ထိုအချိန်ကို  မောင်းညိုချိန်ဟုလည်း ခေါ်ပါသည်။ 

ရိတ်သိမ်းသင့်သော်လည်း စပါးခင်းထဲ အချိန်ကြာကြာထားရှိပါက စပါးပင်များ ယိုင်လဲနိုင်သည်။ ရိတ်သိမ်းချိန်နောက်ကျခြင်း၏ ဆိုးကျိုးဖြစ်သည်။ ကြွက်၊ ငှက်၊ ပိုးမွှားဖျက်ဆီးနိုင်သည်။ အစေ့တွေ မြေပေါ် ကြွေကျနိုင်သည်။ 

ဆန်ကြိတ်သည့်အခါတွင် အကျိုးအကြေများသဖြင့် ဆန်ကောင်းရာခိုင်နှုန်းနည်းကာ ဆန်ကွဲရာခိုင်နှုန်းများနိုင်သည်။ လေလွင့်ဆုံးရှုံးမှုတွေဖြစ်ပေါ်နိုင်သည်။ ရောင်းချပါကလည်း ဆန်အရည်အသွေးညံ့သဖြင့် စျေးကောင်းရနိုင်မည်မဟုတ်ကြောင်း အသိပေးလိုပါသည်။

၃။ နွေစပါးသီးနှံအတွက်

နွေစပါးဟုဆိုသော်လည်း အများစုမှာ သီးထပ်စပါးဖြစ်သည်။ ဒေသအလိုက် စိုက်ချိန်မှန်ဖို့ လိုသည်။ နွေစပါးစိုက်ချိန်သည် မြန်မာနိုင်ငံတစ်နံတစ်လျားတွင် အမျိုးမျိုး ကွဲပြားနေသည်။ မိမိဒေသ မိမိအခြေအနေနှင့် ကိုက်ညီသည့်စိုက်ချိန်သည် စိုက်ချိန်မှန်ဟု ဆိုရမည်ဖြစ်ပါသည်။ 

ရေတက်ရေကျရှိသည့် မြစ်ဝကျွန်းပေါ်ဒေသများ၌ ရေငန်ဝင်ရေကို ရှောင်ရှားဖို့ လိုသည်။ ဇန်နဝါရီလတွင် ရေငန်စတင်နိုင်ပြီး ဖေဖေါ်ဝါရီလတွင် ရေပိုမိုငန်လေ့ရှိကြောင်း ကြားဖူးသည်။ အဆိုပါဒေသများအဖို့ နိုဝင်ဘာလတွင် နွေစပါးစတင်သင့်သည်၊ ဒီဇင်ဘာလတွင် အပြီးစိုက်ရမည်ဖြစ်ပါသည်။

မုတ်သုန်ဝင်တော့ မြန်မာနိုင်ငံအောက်ပိုင်းဒေသများက စတင်ဝင်ရောက်သည်။ မေလတွင် မုတ်သုန်စတင်ဝင်ပြီး မိုးမလှိုင်မီ နွေစပါးကို မိုးလွတ်လေလွတ် ရိတ်သိမ်းဖို့ လိုသည်။ ဤသို့ဆိုလျှင် နွေစပါးစိုက်ချိန် စောကိုစောရမည်ဖြစ်ပါသည်။

ဒါ့အပြင် မြန်မာနိုင်ငံအောက်ပိုင်းဒေသလယ်သမားကြီးများ၏ လယ်ယာမြေပိုင်ဆိုင်မှုက အထက်ပိုင်းဒေသနှင့်မတူ။ ဧရိယာများများကို ပိုင်ဆိုင်သူများသည်ဟု သိရသည်။ အချိန်မီပြီးစီးဖို့ စောစောကြိုတင်စိုက်ရန် လိုအပ်ပါသည်။ 

ယခုနိုဝင်ဘာလသည် ဆောင်းသီးနှံများကို မြေတွင်းအစိုဓာတ်မပြေးမီ စိုက်ချိန်မှန်တွင် စိုက်ပျိုးရန်နှင့် အောက်တိုဘာလတွင် စိုက်ပျိုးခဲ့သည့် မိုးနှောင်းသီးနှံများကို ပိုးမွှားရောဂါမကျရောက်စေရန်နှင့် ပြုစုဂရုစိုက်ရန် အရေးပါသည့်လ ဖြစ်ပါသည်။

ဆင်းသီဟ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Marlarmyaing Public Company Limited ကြော်ငြာ
ပဲခင်းထဲ ပဲမများဘဲ ပေါင်းများနေရင်တော့မဟုတ်သေးဘူးလေ။ ပေါင်းရှင်းရင်လည်း ရှင်းနည်းကလည်းမှန်ဖို့လိုသေးတယ်ဗျာ။ ပဲမျိုးစုံ၊ပဲပုတ်၊ပဲတီစိမ်း၊မတ်ပဲ၊ကုလားပဲ၊ပဲလွန်းဖြူ၊မြေထောက်ပဲတွေမှာ ကျရောက်တဲ့ တစ်နှစ်ခံနှင့်နှစ်ရှည် မြက်တွေကို သီးနှံစိုက်ပြီး (၁၀-၂၀) ရက် (သို့) ပေါင်းအရွက် (၂-၃)ထွက်ချိန်အတွင်း အမ်ကွင်း (Quizalofop-p-ethyl 10%EC) ကို အသုံးပြုနိုင်ပါတယ်။ ရွက်ပြန့်ပေါင်းတွေအတွက်ဆိုရင်တော့ သီးနှံစိုက်ပြီး (၁၄-၂၈) ရက် (သို့) ပေါင်းအရွက် (၂-၄)ထွက်ချိန် အမ်ကင်း (Fomesafen 25%SL) ကို ပက်ဖျန်းနိုင်ပါတယ်ဗျာ။ ပေါင်းသတ်ဆေး အာနိသင် ထိရောက်စေဖို့ 📌နေပြင်းချိန်မှာ ဆေးမဖျန်းဖို့ သတိပြုရပါမယ်။ 📌ဖော်ပြထားတဲ့ ဆေးညွှန်းနှုန်းထားအတိုင်းသာ အသုံးပြုပေးရပါမယ်။ မာလာမြိုင်ကတော့ တောင်သူတိုင်းပဲများနိုင်အောင် နည်းမှန်လမ်းမှန်တွေညွှန်းပေးလိုက်ပါပြီ။ တောင်သူတွေဘက်ကလည်း မှန်မှန်ကန်ကန်လိုက်နာမယ်ဆို ပဲများဝေဆာပြီး လူကြားထဲ မျက်နှာပန်းလှနေမှာပဲဗျို့။ Hotline ဖုန်းနံပါတ်☎️𝟬𝟵 𝟳𝟵𝟵 𝟵𝟵𝟯 𝟯𝟮𝟮 မှာ အသေးစိတ်မေးမြန်းနိုင်ပါတယ်
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်