ဩဂဲနစ်မြေဩဇာများရဲ့ အဆိုးဘက်ခြမ်းများ..

11/02/2022 17:30 PM တွင် ဖုန်းမဏ်တိုး ဖုန်းမဏ်တိုး မှ ရေးသား

ယခုမျက်မှောက်ခေတ်အချိန်ကာလအရ ဓာတုမြေဩဇာဈေးတွေကြီးနေမှုဟာ စိုက်ပျိုးရေးလုပ်ကိုင်နေသူတိုင်း အတွက် ဒုက္ခကြီးကြီးမားမားတစ်ခု ဖြစ်လာနေပါတယ်..။

အဲ့ဒီအတွက် စိုက်ပျိုးရေး အသိမိတ်ဆွေတော်တော်များများက လက်တွေ့ သဘာဝမြေဩဇာတွေ ဖော်ဆောင် သုံးစွဲလာကြတာကို တွေ့ရပါတယ်..။ ဒါဟာ ဩဂဲနစ်စိုက်ပျိုးရေးစနစ်ကို ကူးပြောင်းရာမှာ အကူအညီဖြစ်လို့ မိမိအနေနဲ့ သဘောကျပါတယ်..။ အင်တာနက်ခေတ်လည်းဖြစ်တာကြောင့် မြေဩဇာလုပ်နည်း အများအပြားကို လည်း အလွယ်တကူ တွေ့မြင်သိရှိနိုင်နေပြီ ဖြစ်ပါတယ်..။

အခုလို ဩဂဲနစ် တစ်ပိုင်တစ်နိုင် လက်လုပ်မြေဩဇာတွေဟာ ရေရှည်တည်တံ့သော စိုက်ပျိုးရေးနဲ့ မြေဆီလွှာ မပျက်စီးရေးအတွက် ကောင်းမွန်ပြီး ကောင်းကျိုးများစွာ ရှိတာတော့ မှန်ပါတယ်..။ ဒါပေမယ့်လည်း ဘယ်အရာ မဆို အကောင်း၊ အဆိုး ဒွန်တွဲနေတာဖြစ်လို့ ဩဂဲနစ်မြေဩဇာတေွမှာလည်း ဆိုးကျိုးအချို့ရှိနေသေးပြီး သတိပြု နားလည်စေဖို့ ဖော်ပြလိုက်ပါတယ်..။

(၁) အပင်အာဟာရဓာတ် ပါဝင်မှု 

အပင်အာဟာရဓာတ်များဖြစ်တဲ့ နိုက်ထရိုဂျင် (N) ၊ ဖော့စဖရပ် (P) ၊ ပိုတက်စီယမ် (K) နဲ့ တခြား အနည်း လိုအာဟာရဓာတ်တွေဟာ သဘာဝမြေဆွေးနှင့် အပုတ်ခံရည် အချဉ်ဖောက်ရည်များထဲမှာ ပါနိုင်ပါတယ်..။ ဒါပေမဲ့ အသုံးပြုတဲ့ ကုန်ကြမ်းအလိုက် ဘယ်လောက် ဘယ်လိုပါဝင်တယ်ဆိုတာကိုတော့ တွက်ဆမရနိုင်ပါဘူး..။ ဒါ့အပြင် ပါဝင်တဲ့ ကိန်းတန်ဖိုးအရလည်း နည်းပါးပါတယ်..။ တစ်ခါတစ်ခါလုပ်တိုင်း လုပ်နည်းမတူညီမှု အခြေအနေ မတူညီမှုတွေကြောင့် အပင်အာဟာရတန်ဖိုးပါဝင်မှုတွေ ပုံသေပါမှာ မဟုတ်ပါဘူး..။

(၂) အပင်လောင်ကျွမ်းမှု

ငါးအမိုင်နိုနဲ့ အချို့သော အချဉ်ဖောက်ရည်များမှာ အက်ဆစ်ဓာတ် (pH တန်ဖိုး နိမ့်ခြင်း) ရှိလို့ အပင်ကို လောင် စေနိုင်သော အာနိသင် (Phytotoxicity) ရှိပါတယ်..။ ဆိုတော့ တိကျမှန်ကန်တဲ့ နှုန်းထားဖြင့်သာ သုံးသင့်ပါ တယ်..။ အပင်ရဲ့သက်တမ်းနဲ့အခြေအနေပေါ်မှာလည်း မူတည်ပါတယ်..။ အစမ်းသဘောမျိုးအနေနဲ့ အရင် လေးငါးဆယ်ပင်ကို ကြိုဖျန်းပြီး အခြေအနေကို အကဲခတ်သင့်ပါတယ်..။ မြေဆွေးလိုမျိုးတွေကတော့ ထွေထွေ ထူးထူး ပြသနာမရှိပါဘူး..။ ဒါပေမဲ့ တိရိစ္ဆာန်အညစ်အကြေးတွေ ကောင်းစွာမဆွေးမြည့်ခြင်းက အပင်အတွက် အန္တရာယ်ရှိသော ဓာတ်ငွေ့များ ပါနိုင်လို့ အပင်ကို လောင်တာမျိုးဖြစ်နိုင်ပါတယ်..။ ဆိုတော့..ကောင်းကောင်း ဆွေးမြေ့အောင်ထား၊ မွပြီး မြေသင်းရနံ့ သင်းလာမှသာ သုံးသင့်ပါတယ်..။

(၃) အချိန်ကြာခြင်း 

တိရိစ္ဆာန်အညစ်အကြေးတွေ ကောင်းစွာ ဆွေးမြေ့ခြင်း ဖြစ်ဖို့၊ တီကျစ်စာများပြုလုပ်ဖို့၊ ငါးအမိုင်နို နဲ့ အခြားသော ဩဂဲနစ် ရွက်ဖျန်းဆေးများပြုလုပ်ဖို့ ဆိုတာတွေဟာ ပြုလုပ်ချိန်ပေးရပါတယ်..။ စောင့်ရတဲ့ရက်တွေရှိပါတယ်..။ ဆိုင်တွေမှာ တန်းဝယ်ဖို့ဆိုလည်း ဆိုင်တိုင်း ရှိချင်မှ ရှိပါမယ်..။ မြေတွင်းမှာဆိုရင်လည်း အပင်အာဟာရဓာတ်များ ရရှိစေနိုင်ဖို့ဆိုရင် ဓာတ်ပြုမှုတွေ တဖြည်းဖြည်းနဲ့ဖြစ်ပြီးမှသာ ထုတ်လွှတ်ပါတယ်..။ ဆိုတော့..အပင်တွေ အာဟာရ အရမ်း ချို့တဲ့ လိုနေပြီဆိုရင်တော့ အချိန်မီကျွေးဖို့ ခက်ခဲနိုင်တဲ့ ပြဿနာရှိပါတယ်..။ 

(၄) ပမာဏများများ သုံးရခြင်း 

အထက်ကဖော်ပြခဲ့သလို အသုံးပြုတဲ့ကုန်ကြမ်းအလိုက် အပင်အာဟာရဓာတ်တွေ ဘယ်လို ဘယ်လောက် ပါဝင် တယ်ဆိုတာ အလွယ်တကူမသိရှိနိုင်သလို ပါဝင်တဲ့အပင်အာဟာရ ဓာတ်ပစ္စည်းတွေရဲ့ တန်ဖိုးတွေကလည်း နည်းလေ့ရှိတာကြောင့် မြေဆွေးတေွကို ပမာဏများများ အပိုဆောင်း သုံးပေးရတတ်ပါတယ်..။ ကောက်ရိုး၊ သစ်ရွက်ခြောက်နဲ့ နွားချေး မြေဆွေးတွေမှာဆိုရင် တစ်တန်စာလောက်မှာတောင်မှ နိုက်ထရိုဂျင် အနည်းငယ်သာ ပါနိုင်ပါတယ်..။ ဒီအချက်ကြောင့် ပမာဏများစွာ လိုအပ်တာ၊ လူအားများ ပိုလိုတာတွေကို ဖြစ်စေပါတယ်..။

(၅) လူကျန်းမာရေး 

ကောင်းစွာ မဆွေးမြည့်သေးတဲ့ တိရစ္ဆာန်အညစ်အကြေးတွေ၊ ငါးတေွမှာ လူကိုရောဂါဖြစ်စေနိုင်တဲ့ အဏုဇီဝ ပိုးတွေ ပါနိုင်ပါတယ်..။ ဒါ့ကြောင့် တချို့သူတွေက ကုန်ကြမ်းတွေကို အပူပေးခြင်း၊ နေပြခြင်း၊ UV နဲ့ ပိုးသတ်ခြင်း တို့ကို လုပ်ဆောင်ကြပါတယ်..။  တချို့ကလည်း အီးအမ်၊ ထရိုင်ခိုဒါးမား စတဲ့ အကျိုးပြု အဏုဇီဝပိုးတွေကို သုံးပြီး ဆွေးမြည့်မှုကို အရှိန်တင်ကြပါတယ်..။ ဒီမှာ အရေးကြီးတဲ့ ပြဿနာဖြစ်လာတာကတော့ ပဋိဇီဝဆေး (Antibiotics) တေွရဲ့ ဓာတ်ကြွင်းပြဿနာပါပဲ..။ မွေးမြူရေးလုပ်ငန်းနဲ့ ရေလုပ်ငန်းများတွေမှာ ပဋိဇီဝဆေး (Antibiotics) အများအပြား သုံးစွဲနေပါတယ်..။ အဲ့ဒီဆေးတွေဟာ တိရစ္ဆာန်အညစ်အကြေးတွေမှာ ပါလာနိုင်ပြီး မိမိစိုက်တဲ့အပင်များဆီ ရောက်ရှိနိုင်ပါတယ်..။ ပဲ၊ စပါး လိုမျိုး လယ်ယာသီးနှံတွေမှာ ပြဿနာမရှိပေမယ့် အရွက်စားအပင်တွေ၊ ဥပမာ ကွမ်း၊ ဆလပ်၊ မုန်ညှင်း နဲ့ အသီးပင်တွေဆိုရင်တော့ အစိမ်း တန်းစားတဲ့အတွက် ဆေးတွေပါလာနိုင်ပါတယ်..။ အဲ့ဒါဆိုရင်  ရေရှည်မှာ လူအတွက် အဲ့ဒီဆေးတွေ မတိုးတော့တဲ့ ပြဿနာကို ဦးတည်စေနိုင်လို့ သတိပြုသင့်ပါတယ်..။

(၆) ထိရောက်မှု အကျိုးအာနိသင် 

အားလုံးသိကြတဲ့အတိုင်း ဩဂဲနစ်မြေဩဇာတွေဟာ အချိန်ယူရပါတယ်..။ ဖြည်းဖြည်းနဲ့ နည်းနည်းချင်း မြန်မာ တိုင်းရင်းဆေးလို အာနိသင်ပြပါတယ်..။ ဆိုတော့.. ချက်ခြင်းလက်ငင်းမှ ကြိုက်တာဆိုသူတွေအတွက်တော့ စိတ် မရှည်ရမှာ အမှန်ပါပဲ..။

အခု ဖော်ပြတဲ့အချက်တွေကို နားလည်တယ်ဆိုရင် ဆောင်ရန်ရှောင်ရန်တွေကို ဂရုပြုမိပြီး ပိုမိုကျစ်လစ်တဲ့ ဩဂဲနစ် စိုက်ပျိုးရေးကိုဖော်ဆောင်နိုင်ပါစေလို့ ဆန္ဒပြုရေးသားလိုက်ရတာဖြစ်ပါတယ်..။

ဩဂဲနစ်မြေဩဇာတွေရဲ့ ကောင်းကျိုးတွေအကြောင်းကိုလည်း နောက်ထပ်ဆောင်းပါးတစ်ပုဒ်နဲ့ ဖော်ပြပေးသွားပါမယ်..။

ဖုန်းမာန်တိုး (ရေဆင်းရနံ့)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်