ဘက်စုံအသုံးဝင်တဲ့ နှမ်းရွက် စိုက်ပျိုးပြုစုခြင်း

10/12/2022 15:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား
  • အင်္ဂလိပ်အမည် - Perilla Leave, Beefsteak plant, Chinese Basil 
  • သိပ္ပံအမည် - Perilla frutescens 

နှမ်းရွက်ဆိုလို့ ကျွန်တော်တို့ မြန်မာ့ရိုးရာမုန့်တွေမှာ ထည့်သွင်းအသုံးပြုကြတဲ့ နှမ်းစေ့ထုတ်ပေးတဲ့ နှမ်းပင်ရဲ့ အရွက်တွေကို ပြောတာမဟုတ်ပါဘူး။ ဒီနှမ်းရွက်ဟာ ကိုရီးယားရုပ်ရှင်တွေ ဇာတ်လမ်းတွဲတွေထဲမှာ အသားကင်တွေကို ဆလပ်ရွက်‌ကဲ့သို့ ထုပ်ပြီးစားကြသလို ထမင်းလိပ်ပြုလုပ်ရာမှာလည်း ထည့်သွင်းအသုံးပြုကြတဲ့ အရွက်ကိုဆိုလိုတာဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုရီးယားနှမ်းရွက်ဆိုပြီးတော့လည်း ခေါ်ဆိုကြပါတယ်။

အရွက်ရဲ့ အပေါ်ဘက်ဟာ စိမ်းစိုနေပြီး အရွက်အောက်ဘက်မှာတော့ အမွှေးကြမ်းတွေ ရှိတာဖြစ်ပါတယ်။ ၎င်းမှာ စူးရှရှနဲ့မွှေးတဲ့ အနံ့အသက်လည်း ရှိပါတယ်။ ဒါကြောင့်ပဲ နှမ်းရွက်တွေကို ငါးဟင်း၊ ထမင်း၊ တန်ပူရာနဲ့ ဆာရှိမိ ဟင်းလျာတွေမှာ အနံ့အသက်ကောင်းမွန်စေဖို့အတွက် အသုံးပြုကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း တွင်တွင်ကျယ်ကျယ် စားသုံးနေကြသလို ဈေး ကောင်းရတဲ့ အရွက်လည်းဖြစ်ပါတယ်။ 

သူ့ရဲ့မူရင်းဒေသကတော့ ဟိမဝန္တာတောင်တန်းတွေနဲ့ အရှေ့တောင်အာရှဒေသတွေပဲ ဖြစ်ပါတယ်။ နှမ်းရွက်ကို အာရှနိုင်ငံတွေမှာတော့ ဟင်းလျာတွေချက်ပြုတ်ရာမှာ ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ သာမက ဆေးဖက်ဝင်အပင်အနေနဲ့ရော အစားအစာတွေမှာ အရောင်အဆင်းအတွက်ရောပါ အသုံး ပြုကြတာဖြစ်ပါတယ်။ ဒီအပင်ဟာ Lamiaceae မျိုးရင်းဝင်အပင်ဖြစ်ပြီး တစ်ရာသီခံပင်လည်း ဖြစ်ပါတယ်။ 

ဒီအပင်ဟာ ကြီးထွားမှုမြန်ဆန်ပြီး အမြင့်အားဖြင့် ၃ ပေနဲ့ အကျယ်အားဖြင့် ၁ ပေခွဲခန့်အထိ ကြီးထွားနိုင်တာ ဖြစ်ပါတယ်။ နှမ်းရွက်အပင်တွေဟာ အပူဒဏ်နဲ့ မိုးခေါင်မှုဒဏ်ကို အသင့်တင့် ခံနိုင် ရည်ရှိတဲ့ အပင်တွေဖြစ်ပါတယ်။ နေရောင်ခြည် ကောင်းစွာရရှိပြီး အစိုဓာတ်အနည်းငယ်ရရှိရုံနဲ့ ကောင်းစွာဖြစ်ထွန်းနိုင်တာ ဖြစ်ပါတယ်။

မြေပြင်ခြင်း

  • အော်ဂဲနစ်ဓာတ်ကြွယ်ဝပြီး ရေဆင်းအားကောင်းတဲ့ မြေနေရာကို ကြိုက်နှစ်သက်တာ ဖြစ်ပါတယ်။
  • အကယ်လို့ စိုက်ပျိုးမယ့် မြေနေရာဟာ သဲဆန်နေတယ် ရွှံ့စေးဆန်နေတယ်ဆိုရင်တော့ မြေဆွေး၊ သစ်ဆွေးမြေသြဇာ၊ အုန်းဆံမှုန့် စတာတွေထည့်ပြီး ပြင်ဆင်ထားသင့်ပါတယ်။ 

စိုက်ပျိုးခြင်း

  • မျိုးစေ့ကနေ စိုက်ပျိုးနိုင်သလို ပင်စည်ကို ဖြတ်ပြီး (Stem Cutting) နဲ့လည်း မျိုးပွားစိုက်ပျိုးနိုင်တာ ဖြစ်ပါတယ်။ အိုးနဲ့လည်း စိုက်ပျိုးနိုင်သလို ပြုစုထိန်းသိမ်းရတာလည်း လွယ်ကူတဲ့အပင်ဖြစ်ပါတယ်။
  • နှမ်းရွက်ပင်တွေရဲ့ မျိုးစေ့ဟာ အပင်ပေါက်ဖို့အတွက် အလင်းရောင်လိုအပ်တာကြောင့် ၎င်းတို့ကို ခပ်နက်နက်စိုက်တာမျိုး ဖုံးအုပ်ထားတာမျိုး မပြုလုပ်သင့်ပါဘူး။ မျိုးစေ့တွေကို ကျင်းတူးပြီးစိုက်ပျိုးနိုင်သလို ကြဲပက်ပြီးတော့လည်း စိုက်ပျိုးနိုင်ပါတယ်။
  • ကျင်းတူးပြီးစိုက်မယ်ဆိုရင်တော့ အနက်အားဖြင့် ၁ မီလီမီတာ လောက်သာရှိသင့်တာ ဖြစ်ပါတယ်။ ကြဲပက်ပြီးစိုက်မယ်ဆိုရင်တော့ မျိုးစေ့ကြဲပြီးတဲ့နောက် ထွန်ခြစ်နဲ့ ခပ်ဖွဖွလေးဆွဲပြီး ပြန်ဖုံးပေးနိုင်ပါတယ်။
  • အပင်ပေါက် မြင့်မားစေဖို့အတွက် အဓိကကျတဲ့သော့ချက်တွေကတော့ အလင်းရောင်နဲ့ အစိုဓာတ် တသမတ်တည်းရှိနေဖို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် မျိုးစေ့ကြဲထားပြီးပြီဆိုရင် တစ်နေ့လျှင်တစ်ကြိမ် ရေလောင်းပေးဖို့လိုအပ်ပြီး မြေဆီလွှာ ခြောက်သွေ့သွားခြင်းမရှိအောင် ဂရုပြုသင့်ပါတယ်။
  • မျိုးညှောက်ပေါက်ချိန်ဟာ ၂ ပတ်ကနေ ၄ ပတ်လောက်အထိ ကြာနိုင်ပါတယ်။ မျိုးစေ့‌တွေဟာ အပူချိန် ၂၀ ဒီဂရီစင်တီဂရိတ် နဲ့ ဝန်းကျင်မှာဆိုရင် အပင်ပေါက်တာ မြန်မှာဖြစ်ပါတယ်။

ရွှေ့ပြောင်းစိုက်ပျိုးခြင်း

  • ယေဘုယျအားဖြင့်တော့ ပျိုးပင်တွေမှာ ပထမဆုံးအရွက်အစစ်ထွက်ရှိပြီး အမြင့်အားဖြင့် ၅ - ၁၀ စင်တီမီတာခန့် ရောက်ပြီဆိုပါက ‌‌ရွှေ့ပြောင်းစိုက်ပျိုးနိုင်ပြီ ဖြစ်ပါတယ်။
  • ပျိုးပင်တွေကိုတော့ အရွယ်အစားပေါ်မူတည်ပြီး ၆ - ၁၂ လက်မ ခြားပြီး စိုက်ပျိုးနိုင်ပါတယ်။
  • နွေရာသီလို ပူပြင်းတဲ့ ကာလမျိုးမှာဆိုရင်တော့ ရေကိုဂရုတစိုက် လောင်းပေးဖို့လိုအပ်ပါတယ်။
  • အာဟာရအနေနဲ့ကတော့ နိုက်ထရိုဂျင် ပါဝင်မှုများတဲ့ မြေသြဇာတွေနဲ့ ရေပျော်မြေသြဇာတွေကို ထည့်ပေးလို့ရပါတယ်။
  • မြေဆီလွှာအစိုဓာတ် ထိန်းထားနိုင်ဖို့အတွက် ၂ - ၃ လက်မခန့် မြေဖုံး (mulching) ပေးဖို့လည်း လိုအပ်ပါတယ်။ မြေဖုံးပေးခြင်းဖြင့် ပေါင်းပင် ပေါက်ရောက်မှုကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ 

ပိုးမွှားရောဂါ

  • ကျရောက်တတ်တဲ့ အဖျက်ပိုးနဲ့ ရောဂါတွေကတော့ ပျပိုး၊ ယင်ဖြူ၊ မွှားပင့်ကူနီ၊ ခါရိရောဂါ၊ ဒေါင်းနီးရွက်ခြောက်ရောဂါ စတာတွေ ဖြစ်ပါတယ်။
  • နှမ်းရွက်တွေကို ခန့်မှန်းခြေအားဖြင့် သက်တမ်း ၈၀ - ၉၅ ရက်ခန့် အမြင့်အားဖြင့် ၆၀ စင်တီမီတာ ရောက်ပြီဆိုလျှင် ခူးဆွတ်ရိတ်သိမ်းလို့ရပြီ ဖြစ်ပါတယ်။
  • ပုံမှန်အားဖြင့်တော့ အရွက်တွေဟာ စားသုံးဖို့အတွက် လုံလောက်တဲ့အရွယ်အစား ရောက်ပြီဆိုရင်ကို ခူးဆွတ်ရပြီလို့ သတ်မှတ်နိုင်ပါတယ်။
  • အရွက်တွေကို ခူးဆွတ်ပြီးမကြာခင်မှာပဲ စားသုံးနိုင်တာ ဖြစ်ပါတယ်။ 

ကျန်းမာရေးအကျိုးကျေးဇူးများ

  • နှမ်းရွက်မှာဆိုရင် ဘီတာကယ်ရိုတင်း (Beta-carotene) ဓာတ်တွေ မြင့်မားစွာ ပါဝင်နေတဲ့အပြင် ဘီတာမင် အီး၊ ရိုင်ဗိုဖလာဗင် (riboflavin)၊ ဖောလစ်အက်ဆစ်၊ အက်စ်ကောဘစ် အက်စစ် (ascorbic)၊ ကယ်လ်စီယမ်၊ အိုင်းယွန်း၊ ပရိုတင်းဓာတ်တွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။
  • ဒါ့အပြင် အရွက်တွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဖီနိုလစ်ဒြပ်ပေါင်းတွေနဲ့ (phenolic compounds)နဲ့ sitosterol ဆိုတဲ့ ဓာတ်တွေပါဝင်နေပြီး ရောင်ရမ်းမှုနဲ့ ဘက်တီးရီးယားပိုးမွှားတွေကို ဆန့်ကျင်တိုက်ဖျက်ပေးနိုင်တဲ့ luteolin ဆိုတဲ့ ဓာတ်တွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ 

ဇင်ထူးနိုင် 

Ref: https://www.theseedcollection.com.au/ 

https://avrdc.org/perilla-perilla-frutescens/  

https://www.kcet.org/ 

https://www.thegourmanticgarden.com/ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more မှာယူရန် နှိပ်ပါ

ဆွေးနွေးချက်များ

ဆွေးနွေးရန်