ပဲယင်းကို မိုးရာသီမှာစိုက်မယ်ဆိုရင် ဘယ်အချိန်တွေက အကောင်းဆုံးဖြစ်မလဲ..

11/08/2022 13:02 PM တွင် U Thet Lwin U Thet Lwin မှ ရေးသား

‘ ပဲယင်းကို မိုးရာသီ ဘယ်လထဲမှာ စိုက်သင့်ပါသလဲ ’ လို့ အခုတလော အောက်မြန်မာပြည် ဒေသအချို့က မေးမြန်းတာတွေရှိလာလို့ ဒီဆောင်းပါးနဲ့ ပြန်လည် ဖြေကြားပေးလိုက်ပါတယ်။

ပထမအရေးကြီးဆုံးအချက်အနေနဲ့ ပြောရရင် ပဲယင်းဟာ လင်းတာတုံ့ပြန်မှုရှိ၍ ရာသီလိုက်တယ်လို့ ဆိုချင်ပါတယ်။

ပဲယင်းစိုက်ပျိုးသူများအား အသိပေးလိုတာက ပဲယင်းအပွင့်ဆုံးကာလနဲ့ ပွင့်တဲ့အပွင့်ကနေ အသီး​ အောင်မြင်စွာ ရရှိသောကာလဟာ ဒီဇင်ဘာ (၁၅-၂၀) ရက် ဖြစ်တယ် ဆိုတာကိုပါ။

အဲ့ဒီကာလမှာရရှိတဲ့အပွင့်ဟာ အောင်မြင်သော အသီးတောင့်နှင့် အစေ့ အရေ အတွက် ပြည့်မီစွာ ရရှိနိုင်လို့ အထွက်ကောင်းစွာ ရရှိနိုင်ပြီး အဲ့ဒီကာလကျော်သွားရင်တော့ အစေ့အရေအတွက်နည်းပါးသွားပြီး အထွက်နှုန်း လျော့ကျသွားတတ်ပါတယ်။

ဒီတော့ ပဲယင်းစိုက်ပျိုးသူများအနေနဲ့ စက်တင်ဘာ၊ အောက်တိုဘာလအတွင်း အပင်ပေါက်ရအောင် စိုက်ပျိုးဖို့ လိုအပ်ပါတယ်။

ဒီတော့ မေးစရာ ရှိလာပါပြီ..။

အခု ဩဂုတ်လထဲမှာကော စိုက်လို့မရဘူးလား ဆိုတာပါ..။

စိုက်လို့ရပါတယ်လို့ပဲ ဖြေရမှာပါ။

ဘာဖြစ်လို့လဲဆိုတော့ အောက်မြန်မာပြည် ကုန်းမြေ၊ ယာမြေတွေဟာ မိုးရွာသွန်းမှုကို အားထားစိုက်ပျိုးရတာဖြစ်လို့ မိုးမကုန်မီ အပင်ပေါက် စိတ်ချစွာ ရရှိထားဖို့ လိုပါတယ်။

မုတ်သုံရာသီ​လေ နောက်ဆုံး ဆုတ်ခွာတဲ့ စက်တင်ဘာလကုန်မျိုးဆိုရင် အပင်တွေမှာ ရွက်မှန် အနည်းဆုံး (၆) ရွက်ခန့် စီ ရှိနေသင့်ပါတယ်။ မိုးရွာသွန်းမှုဆိုတာကလည်း စိတ်ချရတဲ့အခြေအနေရှိမယ်လို့ တပ်အပ် ပြောမရနိုင်တဲ့အတွက် ဖြစ်နိုင်ရင် ဩဂုတ်လ (၁၅) ရက်လောက်ကနေ စက်တင်ဘာလ (၁၅) ရက်အတွင်း စိုက်သင့်ပါတယ်။

ဒီတော့ ထပ်မေးပါလိမ့်ဦးမယ်..။

စက်တင်ဘာ (၁၅) ရက်နောက်ပိုင်းဆိုရင်ကော စိုက်လို့မရနိုင်ဘူးလားပေါ့။

မိမိမြေက မြေဆီဩဇာ ထက်သန်တဲ့မြေ အစိုဓာတ် ထိမ်းသိမ်းထားနိုင်တဲ့ မြေဆိုရင်တော့ စိုက်နိုင်ပါတယ်။ ဒါပေမဲ့ အောက်တိုဘာလ (၁၅) ရက်ထက်တော့ နောက်ကျပြီး မစိုက်သင့်ဘူးလို့ အကြံပြုလိုပါတယ်။

မိုးရာသီ စိုက်ပျိုးမယ့် ကုန်းမြေ ယာမြေများအတွက်ဆိုရင်တော့ အကောင်းဆုံးစိုက်ချိန်က ဩဂုတ် (၁၅) ရက်ကနေ စက်တင်ဘာ (၁၅) အတွင်းပဲ ဖြစ်သင့်တယ်လို့ ဆိုချင်ပါတယ်။

ပဲယင်းကို အချိန်စော စိုက်ပျိုးစေချင်တာက ပဲယင်းရဲ့အပင်ဖြစ်ထွန်းမှုဟာ အခြားပဲမျိုးများနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အလွန်နှေးကွေးလို့ပါ။ သူက အပင်ငယ်စဉ်မှာ အားရစရာမရှိဘဲ စတင်စိုက်ပျိူးသူများအတွက် စိတ်ပျက်စရာလိုဖြစ်နေရပြီး တစ်လသား နောက်ပိုင်းကာလရောက်မှသာ ကျေနပ်စရာဖြစ်လာတာမျိုးပါ။

စိုက်ချိန်နောက်ကျရင် အပင်ဖြစ်ထွန်းမှု အားနည်းခြင်းကြောင့် ပွင့်သီးမှု နှောင့်နှေးကြန့်ကြာခြင်း၊ အားနည်းခြင်းများဖြစ်ပြီး အထွက်လျော့နည်းသွားတာမျိုး ဖြစ်စေ နိုင်ပါတယ်။

သို့ဖြစ်၍ မိုးလယ်၊ မိုးနှောင်း သီးနှံစိုက်ပျိုးမယ်ဆိုရင် တောင်သူများ စိုက်ပျိုးနေကြတဲ့ နှမ်း၊ မြေပဲ များနေရာမှာ ပဲယင်းကို အစားထိုး စိုက်ပျိုးပါလို့ အကြံပြုလိုပါတယ်။

ဒီလိုအချိန်မျိုးမှာ ပဲယင်းစိုက်မယ်ဆိုရင် ၁၀-၂၅ တင်းအထိ ထွက်နိုင်ပြီး တစ်ဧက ဝင်ငွေ မြင့်မားစွာ ရရှိမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပဲယင်းစိုက်ပျိုးလိုကြသူများအနေနဲ့ အခုလိုမိုးရာသီစိုက်ပျိုးမယ်ဆိုရင် ဇန်နဝါရီ (၂၀) ရက် နောက်ပိုင်းမှသာ ရိတ်သိမ်းရမှာဖြစ်လို့ မိမိမြေဟာ သဲဆန်လွန်းသောမြေ၊ ကျောက်ကုန်းမြေများ ဖြစ်နေမယ်ဆိုရင်တော့ စိုက်ဧက အများအပြား မစိုက်သင့်ပါလို့ အကြံပြုလိုပါတယ်။

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ပဲယင်းဟာ ပိုးမွှားရောဂါ ကျရောက်ဖျက်ဆီးမှု နည်းပါးတာကြောင့် တစ်ဧကကုန်ကျစရိတ် နည်းပါးပြီး တစ်ဧကဝင်ငွေ မြင့်မားတာကြောင့် ရာသီအချိန်မီလေး စိုက်ပျိုးကြပါလို့ တိုက်တွန်းလိုတာပါပဲ။

‘ ပဲယင်းစိုက်ပျိုးနည်း’ အကြောင်းကို သိချင်ရင်တော့ ဒီ https://greenwaymyanmar.com/posts/growing_of_ricebean ဆောင်းပါးကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ချမ်းမြေ့ပါစေ

ဦးသက်လွင်

ထန်းညီနောင်ပျိုးဥယျာဉ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်