သစ်သားပြာကို စိုက်ခင်းများတွင် အကျိုးရှိရှိ အသုံးပြုခြင်း

09/03/2022 16:30 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ပြာဆိုတာ ပတ်ဝန်းကျင်မှာ အလွယ်တကူရနိုင်တဲ့ အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ မြို့ပြတွေမှာတော့ ထင်း (သစ်သား) အစား မီးသွေး၊ ဂတ်စ်နဲ့ လျှပ်စစ် တို့ကို အဓိကထားပြီး အသုံးပြုကြပေမယ့် ကျေးလက်ဒေသတွေမှာတော့ သစ်သားတွေကို ထင်းအဖြစ်နဲ့ အသုံးပြုနေကြဆဲဖြစ်ပါတယ်။

ယခုဆောင်းပါးမှာ မျှဝေချင်တဲ့ ပြာဆိုတာက သစ်သားကို ထင်းအဖြစ် အသုံးပြုပြီးနောက် ရရှိလာမယ့် ပြာ (Wood ash) ကိုဆိုလိုချင်တာ ဖြစ်ပါတယ်။ ထင်းအဖြစ်အသုံးပြုပြီးနောက် ရရှိလာမယ့် ပြာတွေကို ပုံမှန်အားဖြင့်တော့ အလွယ်တကူပဲ လွှင့်ပစ်လိုက်ကြမယ်ထင်ပါတယ်။ လက်တွေ့မှာတော့ သစ်သားကနေရရှိလာမယ့် ပြာတွေကို ဥယျာဥ်စိုက်ခင်းတွေမှာ ပြန်လည်အသုံးပြုခြင်းဖြင့် အကျိုးရှိစေနိုင်ပါတယ်။ 

သစ်သားပြာမှာဆိုရင် သတ္တုဓာတ်တွေနဲ့ အာဟာရဓာတ်တွေများစွာပါဝင်ပြီး အကျိုးပြုနိုင်တဲ့ ဂုဏ်သတ္တိတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် ပြာဟာ မြေဆီလွှာရဲ့ ချဥ်ခြင်း/ ငံခြင်း ပြဿနာများကို ပြုပြင်ရာမှာလည်း ထိရောက်မှုရှိတဲ့ စွန့်ပစ်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ 

သစ်သားပြာမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေ 

သစ်သားပြာမှာ အပေါများဆုံးပါဝင်တဲ့ သတ္တုဓာတ်ကတော့ ကယ်လ်စီယမ်ဓာတ်ပဲ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် သစ်သားပြာမှာ ကယ်လ်စီယမ်ပါဝင်မှုဟာ ၂၀ ရာခိုင်နှုန်းနဲ့ အထက်မှာရှိနေပါတယ်။ ကယ်လ်စီယမ်ဓာတ်ဟာဆိုရင် အပင်တွေမှာ ဆဲလ်ကွဲပွားခြင်းလုပ်ငန်းတွေကို လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။ 

သစ်သားပြာမှာ တွေ့ရှိရတဲ့ ကယ်လ်စီယမ်ဓာတ်ဟာ ကယ်လ်စီယမ်ကာဗွန်နိတ်ပုံစံနဲ့ ပါဝင်နေတာဖြစ်ပါတယ်။ ကယ်လ်စီယမ်ကာဗွန်နိတ်ကို စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေမှာ အသုံးပြုကြပါတယ်။ အထူးသဖြင့် ဥယျာဥ်ခြံမြေတွေနဲ့ မြေပြုပြင်တဲ့နေရာတွေမှာ အသုံးပြုကြပါတယ်။ အထူးသဖြင့် မြေဆီလွှာ သမမျှတမှုရှိစေဖို့ ပြုပြင်ရာမှာ အသုံးပြုကြတာ ဖြစ်ပါတယ်။ ကယ်လ်စီယမ်ဓာတ်ဟာ အပင်တွေမှာ တွေ့ရတတ်တဲ့ အပွင့်တွေမတင်ဘဲ ပုပ်သွားတာမျိုးတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

 ဒါ့အပြင် သစ်သားပြာမှာ ပိုတက်ရှ်လို့ အသိများကြတဲ့ ပိုတက်စီယမ်ဓာတ်လည်းပါဝင်ပါတယ်။ ပိုတက်စီယမ်ပါဝင်မှုကတော့ ၅ ရာခိုင်နှုန်းခန့်ဖြစ်ပါတယ်။ ပိုတက်စီယမ်ဓာတ်ကတော့ အပင်တွေကို အစာချက်လုပ်နိုင်ဖို့၊ ပိုးမွှားရောဂါဒဏ်ခံနိုင်ဖို့၊ အသီးအပွင့် အစေ့အဆန်တွေရဲ့ အရည်အသွေးတိုးတက်ဖို့ ကူညီပေးနိုင်ပါတယ်။ 

သစ်သားပြာမှာ နောက်ထပ်တွေ့ရှိရတဲ့ အာဟာရဓာတ်တွေကတော့ မဂ္ဂနီစီယမ်၊ ဆာလ်ဖာ၊ ဖော့စဖောရပ်စ် တို့ဖြစ်ကြပြီး ၎င်းအာဟာရဓာတ်တွေကတော့ ၂ ရာခိုင်နှုန်းဝန်းကျင်ခန့် ပါဝင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် အိုင်းယွန်း၊ ဇင့်၊ အလူမီနီယံ၊ ဘိုရွန်နဲ့ ကော့ပါး ဓာတ်တွေကတော့ အလွန်နည်းပါးတဲ့ ပမာဏအနေနဲ့ ပါဝင်နေကြတာ ဖြစ်ပါတယ်။ 

ဘယ်အချိန်မှာ အသုံးပြုရမလဲ? 

သစ်သားပြာဟာ မြေဆီလွှာထဲမှာ အလွန်လျင်မြန်တဲ့နှုန်းနဲ့ အလုပ်လုပ်နိုင်တာကြောင့် အပင်တွေမစိုက်ပျိုးခင် ၁ လလောက် အလိုကတည်းက မြေမှာထည့်ပေးနိုင်သလို စိုက်ခင်းတွေမှာဆိုရင်တော့ အပင်ခြေရင်းမှာ ထည့်ပေးလို့ ရပါတယ်။ သစ်သားပြာတွေကို အသုံးပြုဖို့ အသင့်တော်ဆုံးအချိန်ကတော့ ဆောင်းရာသီအကုန် နွေရာသီ အစကဲ့သို့ အချိန်မျိုးပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အပင်တွေမှာ ကယ်လ်စီယမ်နဲ့ပိုတက်စီယမ်ဓာတ် ချို့တဲ့မှုလက္ခဏာ တွေ့ရတဲ့အချိန်နဲ့ မြေချဥ်တဲ့အခြေအနေမျိုးတွေမှာ သစ်သားပြာကို အသုံးပြုဖို့ ထည့်သွင်း စဥ်းစားသင့်ပါတယ်။ သစ်သားပြာဟာ ထုံးထက်ကို ပိုမိုလျင်မြန်စွာ အလုပ်လုပ်နိုင်ပြီး မြေဆီလွှာ ချဥ်/ငံခြင်းကို ထိန်းညှိရာမှာ ၁ လခန့်သာ အချိန်ပေးရတာကြောင့် ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်စေမှာပါ။ 

ဒီလို သစ်သားပြာ အသုံးပြုမယ်ဆိုရင်တော့ အရင်ဆုံး မိမိစိုက်ခင်းရဲ့ မြေ ချဥ်/ ငံကိန်း ပမာဏကို သိရှိထားရင်တော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ မြေ ချဥ်/ ငံကိန်း ၆.၅ ကနေ ၇ အတွင်းကဲ့သို့ သမမျှတမှုရှိနေတဲ့မြေမှာ မစစ်ဆေးဘဲ အများအပြား အသုံးပြုမယ်ဆိုရင်တော့ မြေမှာ အယ်ကာလိုင်း (alkaline) ဓာတ်တွေ တိုးလာနိုင်တာကြောင့် ဖြစ်ပါတယ်။ စိုက်ခင်းတွေမှာ တစ်နိုင်တစ်ပိုင် အနည်းငယ်အသုံးပြုတာမျိုးတွေအတွက်တော့ ပြဿနာမရှိနိုင်ပါဘူး။ 

ဘယ်လိုအသုံးပြုရမလဲ? 

ပထမဆုံးအနေနဲ့ကတော့ မိမိအသုံးပြုမယ့် သစ်သားပြာဟာ ကောင်းစွာအေးပြီး အပူဓာတ်လုံးဝမရှိဖို့ပဲ  ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ပြာရဲ့အတွင်းမှာ အချိန်အတော်ကြာသည်အထိ အပူဓာတ်တွေရှိနေနိုင်တာကြောင့် ဒီအချက်ကိုတော့ အထူးဂရုပြုဖို့လိုအပ်ပါတယ်။ နောက်တစ်ချက်ကတော့ ပြာကိုအသုံးမပြုခင်မှာ မလောင်ဘဲကျန်ရှိနေခဲ့တဲ့ သစ်သားအပိုင်းအစတွေကို ဖယ်ရှားပေးရမှာ ဖြစ်ပါတယ်။

ပြာဆိုတာကတော့ သဘာဝအရ အလွန်ပေါ့ပါးတဲ့ အမှုန်တွေဖြစ်တာကြောင့် ပမာဏအများအပြား ကိုင်တွယ်အသုံးပြုမယ်ဆိုရင်တော့ မျက်လုံး၊ နှာခေါင်း၊ အသက်ရှုလမ်းကြောင်းတွေနဲ့ အရေပြားတွေကို တိုက်ရိုက်ထိတွေ့တာမျိုး သတိပြုသင့်ပါတယ်။ 

ပြာတွေကို အသုံးပြုရာမှာ တစ်နေရာတည်း စုပုံပြီးထားလိုက်တာမျိုး မပြုလုပ်သင့်ဘဲ အညီအမျှဖြန့်ကျက်ပြီး အသုံးပြုတာက ပိုထိရောက်မှာ ဖြစ်ပါတယ်။ သဘာဝအရ အစိုဓာတ်များပြီး ရွှံစေးဆန်တဲ့မြေတွေဟာဆိုရင် ပြာတွေကို မြန်မြန်စုပ်ယူနိုင်ပါတယ်။ အကယ်၍ မိမိမြေဟာ ခြောက်သွေ့နေတယ်ဆိုရင်တော့ ပြာအသုံးပြုပြီးတာနဲ့ ရေဖျန်းပေးမယ်ဆိုရင် ပိုပြီးထိရောက်မှု ရှိမှာဖြစ်ပါတယ်။ 

သစ်သားပြာကို ကြီးမားတဲ့သစ်ပင်တွေနဲ့ သစ်သီးပင်တွေအတွက် အသုံးပြုမယ်ဆိုရင်တော့ အပင်ခြေရင်းမှာ ၁ လက်မခန့်အထူအထိ ထည့်ပေးနိုင်ပါတယ်။ အလှစိုက်ပန်းပင်တွေမှာ အသုံးပြုချင်ရင်တော့ အပင်ခြေမှာ လက်မဝက်ခန့် ထည့်သွင်းပေးနိုင်ပါတယ်။ သစ်သားပြာ အသုံးပြုဖို့သင့်တော်တဲ့ သီးနှံနဲ့ အပင်တွေကတော့ ကညွတ်၊ ခရမ်းချဥ်၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း၊ အလှစိုက်မြက်ပင်၊ ကိုနီဖာ (Conifer)၊ ဂျူနီပါ (Juniper) စတာတွေပဲ ဖြစ်ပါတယ်။  

ဒါ့အပြင် သစ်သားပြာကို မြေဆွေးပုံတွေပြုလုပ်ရာမှာလည်း အသုံးပြုနိုင်ပါတယ်။ မြေဆွေးပုံမှာထည့်ပေးခြင်းအားဖြင့် မြေဆွေးပုံရဲ့ ချဥ်/ငံကိန်း ပမာဏကိုထိန်းညှိပေးနိုင်သလို မြေဆွေးပုံကနေထွက်ရှိတဲ့ ပြင်းထန်တဲ့ အနံ့အသက်ဆိုးတွေကိုလည်း လျော့နည်းသက်သာစေနိုင်ပါတယ်။ 

သတိပြုစရာ 

ဘယ်အရာမဆို ချိန်ဆပြီးမှ ပြုလုပ်သင့်သလိုပဲ သစ်သားပြာအသုံးပြုရာမှာလည်း အပင်နဲ့ မြေဆီလွှာရဲ့ အခြေအနေတွေကို သေချာစစ်ဆေးပြီးမှ အသုံးပြုသင့်ပါတယ်။ အကယ်၍ ချိန်ဆမှုမရှိဘဲ ပမာဏအများအပြား မကြာခဏ အသုံးပြုခဲ့မယ်ဆိုရင်တော့ အာဟာရဓာတ်အဆိပ်သင့်တာမျိုး ဖြစ်နိုင်ပါတယ်။ နောက်တစ်ခါ မြေမှာ ချဥ်/ငံကိန်း ပမာဏတွေ တိုးလာတာမျိုး၊ အာဟာရချို့တဲ့လာတာမျိုး၊ အာဟာရမညီမျှတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ 

နောက်တစ်ချက်အနေနဲ့ကတော့ အာလူးစိုက်ခင်းတွေမှာ ထုံးအပါအဝင် သစ်သားပြာကို အများအပြားအသုံးပြုမိခဲ့ရင် အာလူးတွေပေါ်မှာ အနာဖြစ်ပေါ်နိုင်တာကြောင့် သတိပြုစေချင်ပါတယ်။ ဒါ့အပြင် ပြာကိုလိုတာထက်ပိုပြီး အသုံးပြုခဲ့မယ်ဆိုရင်တော့ အပင်တွေရဲ့ အရွက်တွေပေါ်မှာ အဝါရောင်အစက်အပြောက် ရောင်မညီကွက်ကြား (Chlorosis) ဖြစ်ပေါ်စေနိုင်တာကြောင့် ချိန်ဆပြီးမှ အသုံးပြုသင့်ပါကြောင်း…  

ဇင်ထူးနိုင် 

Source - https://gardening.org/ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်