ငါးပိ၊ အာဆင်းနစ်၊ ယူရီးယားနဲ့ကျန်းမာရေး အန္တရာယ်

16/01/2018 10:15 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကင်ဆာနဲ့ရောဂါစုံဖြစ်ပွားနေခြင်းဟာလူသုံးများတဲ့ငါးပိထဲပိုးသတ်ဆေး၊ဓာတုဆေးပါဝင်မှုနဲ့ဆက်စပ်နေပြီးဒီပြဿနာကိုပူးပေါင်းဖြေရှင်းဖို့လိုအပ်နေပါတယ်

မကြာသေးခင်က ရန်ကုန်မြို့ရဲ့  စျေးတစ်ခုအတွင်း သားငါးရောင်းတဲ့နေရာကိုရောက်သွားချိန်မှာ အံ့သြစရာ အခြေအနေ တစ်ခုကိုတွေ့ခဲ့ရပါတယ်။ ဟင်းသီး ဟင်းရွက်တန်းမှာတော့ ယင်ကောင်တွေ တဝီဝီ ပျံသန်းနေပေမယ့် ငါးပိဆိုင်တွေမှာတော့  ယင်ကောင် တစ်ကောင်မှ မရှိသလို၊ ငါးပိပုံထဲမှာ လည်းလောက်ကောင်လေးတွေကို မတွေ့ရပါဘူး။ ငါးပိနဲ့လောက် ရွှေနဲ့ကျောက်လို့ဆိုကြပေမဲ့ ငါးပိဆိုင်တွေရဲ့အနေအထားက အဲဒီဆိုရိုးစကားနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ မြန်မာတွေရဲ့ရိုးရာ အစားအစာငါးပိမှာ ဆိုးဆေး၊ ယင်မနားဆေး၊ လောက်သေဆေး၊ ပိုးသတ်ဆေးတွေ ပါဝင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာ နှစ်နဲ့ချီ ရှိခဲ့ပေမယ့်လည်း ငါးပိနဲ့ ပတ်သက်တဲ့ သုတေသနတွေ ထွက်ပေါ်လာခြင်း မရှိသေးသလို စားသုံးသူဘေးအန္တရာယ် ကင်းရှင်းရေး ဆိုတာလေထဲ တိုက်အိမ်ဆောက်သလို မှုန်ဝါးဝါး ဖြစ်နေဆဲပါ။ ကင်ဆာ နဲ့ရောဂါစုံ ဖြစ်ပွားနေခြင်းဟာ လူသုံးများတဲ့ ငါးပိထဲ ပိုးသတ်ဆေး၊ ဓာတုဆေး ပါဝင်မှုနဲ့ ဆက်စပ်နေပြီး ဒီပြဿနာကို ပူးပေါင်းဖြေရှင်းဖို့ လိုအပ်နေချိန်မှာ အစားအစာတွေဘေးကင်း လုံခြုံအောင် အစိုးရက ယခုထက်ပိုပြီး ထိထိရောက်ရောက် မလုပ်ဘူးလားလို့   မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

ငါးပိထဲက အာဆင်းနစ်

ရန်ကုန်မှာ အစားအစာ သုတေသီတချို့ရဲ့ အကူအညီနဲ့စျေးကွက်ထဲက ငါးပိနမူနာ တချို့ယူပြီး အစိုးရ အသိအမှတ်ပြု ဓာတ်ခွဲခန်း(၁ဝ)ခုလောက်ကို မကြာသေးခင်က သွားရောက်ဆက်သွယ်ရာမှာ ဓာတ်ခွဲခန်း (၄) ခုကသာ ငါးပိကို လက်ခံ စစ်ဆေးနို်င် တာတွေ့ရပါတယ်။ အဲဒီထဲမှာပဲ ဓာတ်ခွဲခန်း(၂) ခုက အာဟာရ တန်ဖိုးတွေကိုသာ စစ်ဆေးပေးနိုင်တာပါ။

ဓာတ်ခွဲခန်းတစ်ခုရဲ့အဖြေကတော့ မျှင်ငါးပိနမူနာမှာ အာဆင်းနစ် ပါဝင်မှု မရှိပါဘူး။ တခြား ဓာတ်ခွဲခန်းတစ်ခုရဲ့တွေ့ရှိချက်ကတော့  အာဆင်းနစ်ဓာတ် ပါဝင်မှုက ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ သတ်မှတ်ချက်ထက် ၅ ဆနီးပါး ပိုနေပါတယ်။ ဓာတ်ခွဲခန်းမှူးကတော့ အာဆင်းနစ်ဓာတ် ပါဝင်မှုဟာ ဓာတုဆိုးဆေးကြောင့်လို့ပုံသေပြောလို့ မရဘူး။ ဧရာဝတီ တိုင်းဒေသကြီးကထွက်တဲ့ ငါးပိတွေမှာ ဆိုရေက တစ်ဆင့်ပါဝင်နိုင်တယ်လို့ သုံးသပ်ပါတယ်။ အစားအသောက်ဆိုင်ရာ ပညာရှင် ဒေါက်တာစိုးခိုင်ကလည်း ဒေသတချို့ရဲ့မြစ်ချောင်း၊ အင်းအိုင်များက ရရှိတဲ့ ငါးပုစွန်တွေမှာ အာဆင်းနစ်က သဘာဝအလျောက် ပါဝင်နိုင်သလို၊ ငါးပိ ထုတ်လုပ်ပုံ အဆင့်ဆင့်မှာလည်း ပါဝင်လာနိုင်ခြေရှိတယ်လို့  ရှင်းပြပါတယ်။ အာဆင်းနစ် အဆိပ်သင့်ရောဂါ လက္ခဏာတွေထဲ ခေါင်းကိုက်ခြင်း၊ ဝမ်းပျက် ဝမ်းလျှောခြင်း တို့ ပါဝင်ကြောင်း သိရပါတယ်။ 

မြန်မာနိုင်ငံမှာ အသည်းကင်ဆာက ကင်ဆာရောဂါ အားလုံးရဲ့တတိယအဖြစ် အများဆုံး အဆင့်မှာရှိနေကြောင်း ရန်ကုန်၊ လမ်းမတော်မြို့နယ် ခုတင် ၅ဝဝ ဆံ့ဆေးရုံကြီးရဲ့မှတ်တမ်းများ အရ သိရပါတယ်။ အဲဒီဆေးရုံမှာ အသည်းနဲ့ ပတ်သက်ပြီး ကုသမှုခံယူနေတဲ့ လူနာများစွာထဲမှာ တစ်ဦးက ၅၆နှစ်အရွယ် ဒေါ်ခင်ခင်စောဖြစ်ပါတယ်။

“ရုတ်တရက်ခေါင်းမူးပြီး ကြွက်တက်လို့ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကိုေ ရာက်မှပဲ ကျွန်မမှာ ဆီးချို၊ သွေးတိုးသာမကဘဲ အသည်းကိုပါ ထိနေတယ်ဆိုတာ သိရတာ” လို့ဒေါ်ခင်စောကဆိုပါတယ်။ “နေ့တိုင်း စားနေတဲ့ ငါးပိမှာ ဆိုးဆေးတွေ၊ ယူရီးယားတွေ ထည့်တယ်လို့အပြင်မှာပြောကြတာပဲ။ ငါးပိရည်မပါရင် ထမင်းစား မမြိန်လို့ စားနေတာပဲ။ အခုတောင်သွေးတိုးရောဂါရှိတယ်လိ့ု ဆရာဝန်ပြောလို့လျှော့စားနေရတယ်”

သွေးတိုး ၊နှလုံးသွေးကြောကျဉ်း၊ ကင်ဆာ အပါအဝင် မကူးစက်နိုင်တဲ့ရောဂါတွေကြောင့်သေဆုံးမှုနှုန်းကမြင့်မားလာတယ်လို့ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မကူးစက်နိုင်သည့်ရောဂါများ ကာကွယ် နှိမ်နင်းရေးဌာနခွဲ ညွှန်ကြားရေးမှူးဒေါက်တာမြင့်ရွှေ ကပြောပါတယ်။ တခြားရောဂါတွေကြောင့်ေ သဆုံးသူ ရာခိုင်နှုန်း ထက်ဝက်ကျော်ရှိနေတယ်လို့ သူက ဆိုပါတယ်။

အာဆင်းနစ် အဆိပ်သင့် အစားအစာတွေကြောင့် အသည်း၊ ကျောက်ကပ် ပျက်စီးစေတယ်၊  ရောဂါ လက္ခဏာပေါ်လာဖို့လည်း ၅နှစ်မှ၁၅နှစ်အတွင်း ကြာတတ်တယ်လို့ ဆေးပညာရှင်တွေက ဆိုပါတယ်။ အာဆင်းနစ် ပါဝင်တဲ့ရေကိုသောက်သုံးရတဲ့ဒေသကဒေသခံတွေအနေနဲ့ဆီးအိမ်၊ အဆုတ်၊ အရေပြား ကင်ဆာ တို့ဖြစ်စေနိုင်ပြီး အရေပြား ပြဿနာများ၊ သွေးလည်ပတ်မှု စနစ်၊ ပင်ကို ခုခံအားစနစ်နဲ အာရုံကြောစနစ်တွေကို ပျက်စီး ထိခိုက်စေနိုင်တယ်လိ့ု ကမ္ဘာ့ ကျန်းမာရေး အဖွဲ့စစ်တမ်းက ဖော်ပြထားပါတယ်။

ငါးပိစျေးကွက်

မြန်မာပြည်သား အများအပြား နှစ်သက်ကြတဲ့ ငါးပိကို ဧရာဝတီတိုင်းဒေသကြီးမှာစီးပွားဖြစ် ထုတ်လုပ်လျက်ရှိပြီး နိုင်ငံအနှံ့ဖြန့်ချိနေပါတယ်။

ဓာတ်ပုံ-ရန်ကုန်မြို့ငါးပိအလုပ်ရုံ တစ်ခုအတွင်းတွေ့ရတဲ့အရည်ကျို ငါးပိ သိုလှောင်ကနိ တစ်ခု။ လုပ်ငန်းရှင် တချို့က ကာလတို အတွင်း ကုန်ချောထုတ်လုပ် ပြီးစီးချင်တဲ့အတွက်အရည်ကျို ငါးပိထဲ ယူရီးယားမြေသြဇာထည့်ကြတယ်လို့အစားအစာ သုတေသီဒေါက်တာပြည့်ဖြိုးက ဆိုပါတယ်။

စျေးနှုန်းအနည်းငယ်မြင့်မားတဲ့မြိတ်၊ထားဝယ်ဒေသနဲ့ရခိုင်ပြည်နယ်ထွက်ငါးပိကဒေသတွင်းစားသုံးမှုများပြီးတစ်ခြားဒေသကိုတင်ပို့မှုနည်းပါတယ်။

နှစ်စဉ် ငါးပိနဲ့ ငံပြာရည် တန်ချိန် ၃,၁ဝဝ၊ ငါးခြောက် တန်ချိန် ၅၃,ဝဝဝလောက်ကို အလုပ်သမား အင်အား ၆,ဝဝဝ ဝန်းကျင်နဲ့ ထုတ်လုပ်နေကြောင်း ငါး လုပ်ငန်း ဦးစီးဌာနရဲ့ခန့်မှန်း စာရင်းတွေ မှာတွေ့ရပါတယ်။ ရန်ကုန်၊ ဒဂုံ ဆိပ်ကမ်းမြို့နယ် ငါးပိ၊ ငါးခြောက်ဇုန်မှာ အလုပ်ရုံ ၄ဝဝ ဝန်းကျင် ဟာမြေအောက်ရေကိုသာ သုံးစွဲကြပြီး ရေသန့်စက်တွေ တပ်ဆင် သုံးစွဲဖိ့ု တွက်ခြေ မကိုက်နိုင်ဘူးလို့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ 

ငါးပိ လုပ်ငန်း လုပ်ကိုင် သူတွေက စည်ပင် သာယာရေးကော်မတီ၊ ငါးလုပ်ငန်း ဦးစီးဌာနတို့မှာ လုပ်ငန်း လိုင်စင်လျှောက်ဖို့ လိုအပ်ပါတယ်။ ငါးပိ လုပ်ငန်းရှင်၂ဝဝကျော်က ငါးလုပ်ငန်း ဦးစီးဌာနမှာ လိုင်စင် တင်ထားတယ်၊ ဒါဟာနိုင်ငံ တစ်ဝန်း လုပ်ငန်းရှင် အရေအတွက်ရဲ့၁ဝရာခိုင်နှုန်းကိုသာ ကိုယ်စားပြုတယ်လို့ မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ထုတ်လုပ်ရောင်းဝယ်သူများ အသင်းအတွင်းရေးမှူး ဦးထွန်းစိန်ကပြောပါတယ်။

မျှင်ငါးပိနဲ့ဆိုးဆေး

ငါးပိဆိုတာ မိသားစုအများစုရဲ့မီးဖိုခန်းထဲမှာ သိမ်းဆည်း သိုလှောင်ထားတဲ့ အစားအစာ ဖြစ်ပါတယ်။ နိုင်ငံ ရပ်ခြားကိုရောက်နေတဲ့မြန်မာတွေ အမြဲတောင့်တမိတဲ့ အစား အစာစာရင်းမှာလည်း ငါးပိရည်၊ ငါးပိထောင်းက ထိပ်တန်းမှာနေရာ ယူထားပါတယ်။ ရန်ကုန်၊ လမ်းမတော်မြို့နယ်နေ ဒေါ်ခင်မေမြင့်က“ဇာတိမြေဖြစ်တဲ့ သံတွဲက ပဲမျှင်ငါးပိကိုမှာပြီးတော့ သုံးတာ။ လတ်ဆတ်တဲ့ မျှင်ကောင်တွေကိုထောင်းထားတဲ့ အတွက် အနံ့ ပိုကောင်းတယ်။ အိမ်က ဟင်းချက်တဲ့ အခါမပါမဖြစ်ဆိုတော့ ၁နှစ်စာလောက်ကို ဝယ်လှောင်ထားရတယ်” လိ့ုပြောပြပါတယ်။

ငါးပိမှာ အာဟာရဓာတ်တွေ၊ ဗီတာမင်တွေ အများကြီး ပါဝင်တဲ့အတွက် အရိုးအဆစ် သန်မာစေရုံမက ကျန်းမာရေး အတွက်လည်း များစွာ အကျိုးပြုတယ်လို့ပညာရှင်တွေဆီက သိရပါတယ်။ ကမ်းရိုးတန်းဒေသမှာ ငါးခြောက်လုပ်ဖို့စံမမီတဲ့ ငါးတွေကိုကြိတ်ပြီး ဆားလူးလိုက်ပါတယ်။ အဲဒီနောက် ပုစွန်ဖွဲ ခွံရောထည့်ပြီး ကြိတ်ရပါတယ်။ လုပ်ငန်းရှင် တချို့ကတော့ မကြိတ်ခင်မှာ ဆိုးဆေးကိုရေဖျော်ပြီး ဖြန်းတယ်၊  သုံးခေါက်လောက်ကြိတ်လိုက်ရင်အရောင် ညီညာတဲ့မျှင်ငါးပိကိုရနိုင်တယ်လို့ ပြောပါတယ်။ 

စျေးကွက်မှာ မျှင်ငါးပိရောင်းပန်းလှဖို့ ဓာတုဆေးအသုံးပြုလာတာ နှစ်ပေါင်း၄ဝ ဝန်းကျင်ကြာခဲ့ပြီလို့သိရပါတယ်။ အစားအသောက် နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)က တားမြစ်တာတွေရှိပေမယ့် ငါးပိ ထုတ်လုပ်သူ တချို့ကတားမြစ် ဆိုးဆေးတွေရဲ့အန္တရာယ်ကို သိပုံမရကြပါဘူး။  စားသုံးသူ တချို့ကလည်း မျှင်ငါးပိဆိုတာ အနီရောင်လို့ ထင်မှတ် နေတာတွေလည်း ရှိပါတယ်။

မျှင်ငါးပိ အရောင်နီနေတိုင်းလည်း အရောင်ပါတယ်လို့ပြောလို မရပါဘူး။ ပင်လယ်လေတိုက် တာတွေပြောင်းလဲတဲ့အခါ သဘာဝ အရောင်ပါတဲ့ မျှင်ငါးပိကို ရရှိနိုင်ပါသေးတယ်။

အရောင်ထည့်ရခြင်းရဲ့အားသာချက်ထဲမှာ အရသာခါးသက် မသွားခြင်း၊ တာရှည် အထားခံခြင်းတို့ ပါဝင်ကြောင်း ငါးပိ လုပ်ငန်းရှင်တစ်ဦးက ပြောပြပါတယ်။

ရန်ကုန်မြို့က ငါးပိ လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဦးရွှေမန်းက“လုပ်ငန်းရှင်တွေအနေနဲ့ အမြဲတမ်း ဓာတ်ခွဲခန်းကိုသွားပြီး စမ်းသပ်နေဖို့ မဖြစ်နိုင်ပါဘူး၊ ငါးပိထွက်တဲ့ အချိန်ကျရင် တစ်ရက်ကို ငါးပိကုန်သည် အယောက် ၆ဝကနေ၈ဝ အထိ ဘုရင့်နောင်ပွဲရုံကို တင်ပို့နေတာတွေရှိပါတယ်” လို့ပြောပါတယ်။

ဓာတ်ပုံ- ရန်ကုန်မြို့ပြင်က ငါးပိ၊ ငါးခြောက် စက်မူဇုန်မြင်ကွင်း တစ်ခု။ အစား အသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွန်ကြားရေးမှူးဒေါက်တာ ထွန်းဇော်က တားမြစ် ဆိုးဆေးသုံး အစား အစာတွေကို စားသုံးမိရင်ရေရှည်မှာ ကင်ဆာမျိုးစုံဖြစ်လာနိုင်တယ်လို့ပြောပါတယ်။

တားမြစ်ဆိုးဆေးနဲ့ကင်ဆာ

စားသောက်ကုန်တွေအရောင် အဆင်းလှ၊ အရသာကောင်း၊  တာရှည်ခံ ဖို့အတွက် ဓာတုဆေးသုံးစွဲတာ ပိုမိုများပြားလာကြောင်းစျေးကွက်ထဲ စုံစမ်းမှု အရ သိရပါတယ်။ 

အစား အစာထဲအများဆုံးတွေ့ရှိရတဲ့ ဓာတုဆိုးဆေးမှာ အထည်ချုပ် လုပ်ငန်းသုံး Rhodamine B ဖြစ်ကြောင်း၊ အစာအိမ် အူလမ်းကြောင်းရောင်ရမ်းခြင်း၊ ပျို့အန်ခြင်း၊ ဦးနှောက် အာရုံကြော ထိုင်းမှိုင်းခြင်းတိ့ု လတ်တလောဖြစ်ပေါ်စေကြောင်း သိရပါတယ်။ ရေရှည်မှာတော့ ခန္ဓာကိုယ် ကြီးထွားမှု ထိခိုက်စေခြင်း၊ အသည်း၊ ကျောက်ကပ်တို့ ပျက်စီးခြင်းနဲ့ ကင်ဆာရောဂါတွေ ဖြစ်ပေါ်စေနိုင်ကြောင်း FDA က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက် တစ်ခုမှာ ဒီဆိုးဆေး အပါအဝင် Auramine O, Sudan Dyes, Orange II တို့ဟာ  မြန်မာပြည် အစားအသောက် လုပ်ငန်းအတွင်း အများဆုံးသုံးနေကြတဲ့   အန္တရာယ်ရှိ တားမြစ် ဆိုးဆေးများဖြစ်ကြောင်းဖော်ပြထားပါတယ်။

ဓာတ်ခွဲခန်းမှူးတစ်ဦးကတော့သူတို့ဆီမှာRhodamineB မှတစ်ပါးတခြား တားမြစ် ဆိုးဆေးတွေကို   ရှာဖွေစမ်းသပ်နိုင်တဲ့ နည်းပညာတွေ မရှိသေးဘူးလို့ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကင်ဆာရောဂါတွေရဲ့၉ဝရာခိုင်နှုန်းဟာ အစားအသောက်က မြစ်ဖျားခံတယ်လို့မီဒီယာတချို့မှာဖော်ပြနေကြတာ ကြာပါပြီ။

၂ဝဝ၈ခုနှစ်က ကျန်းမာရေးဝန်ကြီး ဌာနကစျေးကွက် အတွင်း မျှင်ငါးပိမှာ တားမြစ်ဆိုးဆေးပါရင် သိမ်းယူပြီး ဖျက်ဆီးခဲ့ပါတယ်။

အစားအသောက်မှာ တားမြစ် ဓာတုဆေး လုံးဝအသုံးမပြုဖို့ လုပ်ငန်းရှင်တွေကို သတိပေးထားပြီးလိုက်နာမှု မရှိပါက အမျိုးသားအစားအသောက် ဥပဒေအရ အရေးယူမယ်လို့လည်း သက်ဆိုင်ရာက ထုတ်ပြန်ထားပါတယ်။

၂ဝ၁၄ခုနှစ်ကဧရာဝတီတိုင်းဒေသကြီးမှာFDA ရုံးခွဲတစ်ခုကိုတိုးချဲ့ခဲ့ပြီးစျေးကွက်ထဲစစ်ဆေးရာမှာမျှင်ငါးပိ၇ဝရာခိုင်နူန်းလောက်မှာတားမြစ်ဆိုးဆေးပါဝင်တာတွေ့ရှိခဲ့ရတယ်လို့တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနဒုညွှန်ကြားရေးမှူးဒေါက်တာပြည့်ဖြိုးကပြောပါတယ်။

ဧပြီကနေ စက်တင်ဘာအတွင်း ဧရာဝတီတိုင်းဒေသကြီးကျေးရွာမြို့နယ်တွေက ရရှိတဲ့ မျှင်ငါးပိနမူနာတွေကို ဓာတ်ခွဲခန်း ပို့စစ်ဆေးထားတယ်၊ တားမြစ် ဆိုးဆေးတွေ့ ရှိရင် မူလ ထုတ်လုပ်တဲ့နေရာအထိ ရှာဖွေအရေးယူသွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။

 “ငါးပိထုတ်လုပ်တဲ့နေရာတွေမှာဆိုးဆေး အသုံးပြုထားတဲ့ လက်ရာတွေရှိနေတုန်းပါပဲ။ သူတို့ပြောတာက အရင်တုန်းက လက်ကျန်တွေပါ လို့တော့ပြောတယ်” လို့ဒေါက်တာပြည့်ဖြိုးကဆိုပါတယ်။

ဇူလိုင်လ ကလည်း မန္တလေးတိုင်းဒေသကြီး အတွင်းစျေး ၁၃ခုကရရှိတဲ့ ငါးပိနမူနာတွေရဲ့၁၉ရာခိုင်နှုန်းမှာ တားမြစ်ဆိုးဆေးတွေ့ရှိရကြောင်း FDA က ထုတ်ပြန်ခဲ့ပါသေးတယ်။

သဘာဝ ဆိုးဆေးတွေရှိပေမဲ့ကုန်ကျစရိတ်ကြီးမားခြင်း၊တာရှည ်မခံခြင်း၊ရောင်းပန်း မလှခြင်း၊ဝယ်ယူ ရရှိဖို့ခက်ခဲခြင်းတို့ကြောင့်လုပ်ငန်းရှင်တွေကအသုံးပြုမှုနည်းပါးတယ်လို့ဆိုပါတယ်။

ဓာတ်ပုံ- စျေးကွက် အတွင်းတွေ့ရတဲ့ မျှင်ငါးပိ။ မြန်မာပြည် တလွှားပုံစံမျိုးစုံ စီမံပြီး စားသုံးနေကြတဲ့ ငါးပိမှာ ကယ်လဆီယမ်၊ ပရိုတိန်း၊ ဖက်တီးအက်ဆစ်၊ ဇင့်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်၊ပိုတက်ဆီယမ်၊ ဖေ့ာ(စ်)ဖရတ်၊ ဗီတာမင်အေ၊ ကလိုရင်း၊ ဗီတာမင်ဒီတွေ အပြင် တခြားအာဟာရဓာတ်တွေ ပါဝင်ကြောင်းသိရပါတယ်။ တချို့သော အလုပ်ရုံတွေကနေ ထွက်လာတဲ့ ငါးပိမှာတော့ ဓာတုဆေး အနည်းနဲ့ အများ သုံးထားကြပါတယ်။

ယင်မနားဆေးနဲ့ပိုးသတ်ဆေး

ငါးပိရောင်းတဲ့စျေးတွေမှာရောင်းချသူတွေဟာ မိရိုးဖလာနည်းတွေ အရဆိုလိ့ုရှိရင် တစ်နေ့စာကိုပဲ ပုံပြီးရောင်းတာပါ။ လုပ်ငန်းရှင်ဦးရွှေမန်းကဆားကို အသုံးပြုပြီး ထိန်းရင်လည်း ရပါတယ်။ နည်းပညာကိုတော့ လုပ်သက်ရင့်တဲ့လူတွေဆီက သင်ယူရတာတွေလည်း ရှိပါတယ်” လို့ဆိုပါတယ်။

ငါးပိ ငါးခြောက်တွေမှာ ယင်မနားဆေး အသုံးပြုနေကြတာလည်း ကာလ အတော် ကြာနေပြီ ဖြစ်ကြောင်း၊ လောလောဆယ်မှာ ထိန်းချုပ်လို့ရတဲ့ အနေအထား ကိုတော့ရောက်နေပြီ ဖြစ်ကြောင်း လက်တွေ့ ကွင်းဆင်းပြီးတွေ့ရတဲ့ အခြေအနေကိုဒေါက်တာပြည့်ဖြိုး ကပြောပြပါတယ်။

ယင်မနားဆေး ထည့်သွင်းထားခြင်း ရှိ မရှိ ကို ငါးလုပ်ငန်း ဦးစီးဌာနနဲ့စိုက်ပျိုးရေးဦးစီးဌာနမှာရှိတဲ့ ဓာတ်ခွဲခန်းတွေမှာသာ စစ်ဆေးနိုင်တာပါ။

ဓာတုဗေဒဆိုးဆေး၊ ယင်မနားဆေး၊ တာရှည်ခံဆေး မသုံးစွဲဖို့ ကျွန်တော်တို့ အသင်းအဖွဲ့က အသိပညာပေးဆွေးနွေးပါတယ်၊ ဒါပေမယ့် လိုက်နာမှု အားနည်းနေ တာတွေ့ရပါတယ်၊ကျွန်တော်တို့အဖွဲ့က အာဏာပိုင် အဖွဲ့အစည်းလည်း မဟုတ်တော့ တင်းကျပ်စွာ လုပ်ဆောင်လို့ မရပါဘူး” လို့ငါးပိ၊ ငါးခြောက်၊ ငံၿပာရည် ထုတ်လုပ်ရောင်း ဝယ်သူများ အသင်း အတွင်းရေးမှူး ဦးထွန်းစိန်ကပြောပါတယ်။

ရန်ကုန်စျေးကွက် အတွင်းလေ့လာတဲ့အခါ Tricholorofon (ထရိုင်ကလိုရိုဖောင်း) လို့ခေါ်တဲ့ ပိုးသတ်ဆေး တမျိုးကို ငါးပိ ထုတ်လုပ်သူတွေ ဝယ်ယူမှုရှိနေတယ်လို့ သိရပါတယ်။

အဲဒီစိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတုဆေးဝါးကို အစားအစာတွေမှာ ထည့်သွင်းအသုံးပြုရင်  ငွေဒဏ် ကနေထောင်၅နှစ်အထိ ချမှတ်နိုင်တဲ့ ပိုးသတ်ဆေး ဥပဒေ ပုဒ်မ(၃၃)အရ အရေးယူ ခံရနိုင်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းသီးနှံကာကွယ်ရေး တာဝန်ခံ ဦးဝင်းစိုးကပြောပါတယ်။

 “ပိုးသတ်ေ ဆးရောင်းမယ်ဆိုလို့ရှိရင်သုံးစွဲပုံ သင်တန်း တက်ရပါတယ်။ သင်တန်း လက်မှတ်ရပြီးမှပဲ ပိုးသတ်ဆေးရောင်းချခွင့်လိုင်စင်လျှောက်ရတာပါ။ ဒါတွေ မရှိဘဲရောင်းချရင် ပိုးသတ်ဆေးဥပဒေနဲ့ အရေးယူပါမယ်” လို့ဦးဝင်းစိုးက ရှင်းပြပါတယ်။

ထရိုင်ကလိုရိုဖောင်းက အမှုန့်၊ အရည်နဲ့ အခဲဆိုပြီး ပုံစံ(၃)မျိုးနဲ့စျေးကွက်ထဲမှာ ရှိတာပါ။ အဲဒီထဲမှာ တရုတ်နိုင်ငံ ကနေ တရားမဝင် တင်သွင်းတဲ့ အစိမ်းရောင် ပုလင်းကို သုံးစွဲမှု များတယ်လို့စျေးကွက်ထဲက သိရပါတယ်။

နယ်ဘက်ကမှာယူတာတွေကိုလည်း ကားဂိတ်ကနေ တဆင့် ပို့ပေးတယ် လို့ရောင်းချသူတွေ ကပြောပါတယ်။ ရောင်းချသူတွေကလည်း ဓာတုဆေးဝါးတွေနဲ့ဒီဓာတုဆေးဝါးတွေရဲ့အန္တရာယ်ကို နားမလည် တာတွေ့ရပါတယ်။ ဆေးအမည်ကိုတောင် မှန်ကန်အောင် မပြောနိုင်ဘဲလောက်သေဆေး၊ ယင်မနားဆေး အစရှိတဲ့ အခေါ်အဝေါ်တွေ နဲ့ရောင်းချနေကြတာပါ။

ပိုးသတ်ဆေးတာရှည် အသုံးပြုမိရင်  ဉာဏ်ရည်၊ မျိုးပွား စွမ်းအင်၊  ရောဂါဘယဒဏ် ခံနိုင်ရည်ရှိမှုတို့ ကျဆင်းလာခြင်း၊ ပုံမမှန်မွေးဖွားမှု၊ ကင်ဆာရောဂါတို့ဖြစ်ပေါ် လာနိုင်စေတယ် လို့ဒေါက်တာပြည့်ဖြိုးကပြောပြပါတယ်။

“ဘယ်ပိုးသတ်ဆေးကိုမှ အစားအသောက်မှာ ပါဝင်ဖို့ FDAကခွင့်ပြုထားတာ မရှိဘူး။ အခု မထည့်ဖို့ညှိနှိုင်းထားတယ်၊ နည်းပညာ ရှာနေတယ်။ ဒီကြားထဲ ကျုးလွန်ရင် အရေး ယူမယ်” လို့ သူကပြောပါတယ်။

ဓာတ်ပုံ- ငါးပိ လုပ်ငန်းရှင် တချို့သုံးတတ်တဲ့ ပိုးသတ်ဆေးတစ်မျိုးကိုတွေ့ရပုံ။ ပုလင်းတံဆိပ်မှာတော့ အဆိပ်ပါဝင်သည်လို့ တရုတ်စာနဲ့ရေးသားထားပါတယ်။ ပိုးသတ်ဆေး ပါဝင်တဲ့အစားအစာ စားမိရင်  မူးဝေ၊ ခေါင်းကိုက်၊ ခံတွင်းပျက်၊ ပျို့အန်၊ ဝမ်းပျက်တာတွေဖြစ်တတ်တယ်၊  ပိုးသတ်ဆေး အပြင်းအထန် အဆိပ်သင့်ရင်တော့ အသက်ရှူကျပ်၊ အသိဉာဏ် ချို့ယွင်း၊  အပြင်းအထန်ဗိုက်နာ၊ မေ့မျော၊ သေဆုံးခြင်းတို့ဖြစ်ပေါ်စေနိုင်တယ်လို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ငါးပိထဲကဓာတ်မြေသြဇာ

သဘာဝလ အလျောက်ရှိတဲ့ ယူရီးယား ဆိုတာကနိုက်ထရိုဂျင်ပါဝင်တဲ့ ဓာတုပေါင်းစပ်မှုဖြစ်ပြီးနို့တိုက် သတ္တဝါတွေကစွန့်လိုက်တဲ့ဆီးမှာ ပါဝင်ပါတယ်။

အစားအသောက်ရေးရာ ပညာရှင်ဒေါက်တာစိုးခိုင်က အသားဓာတ်က တစ်ဆင့်ဖြစ်ပေါ်လာတဲ့ ယူရစ်အက်ဆစ်ဟာ အဆစ်အမြစ်ရောင်ရမ်းတဲ့ရောဂါကို ဖြစ်စေတယ်လို့ပြောပြပါတယ်။

“အသည်းရောဂါ နဲ့ကျောက်ကပ်ရောဂါရှိသူတွေ အနေနဲ့ ယူရီးယား ဓာတ်ပါဝင်မှုမြင့်တဲ့ ကြက်သား၊ ငါး၊ ငါးပိ၊ ငါးပိရည် စတာတွေကို မစားသုံးသင့်ဘူး” လို့လည်း ဒေါက်တာစိုးခိုင် ကပြောပါတယ်။

ဒေါက်တာပြည့်ဖြိုးကလည်း ယူရီးယားနဲ့ပတ်သက်ပြီး အလားတူ သုံးသပ် ပါတယ်။

“အပူပေးချက်ပြုတ်လိုက်တဲ့ယူရီးယားက အငွေ့ပျံသွားတဲ့အတွက် အန္တရာယ်တော့ မရှိလောက်တော့ဘူး။ ဒါပေမယ့် စိတ်ချလက်ချ စားသုံးဖို့ မပြောနိုင်သေးပါဘူး။ တိကျတဲ့ သုတေသန ရလဒ်တွေလည်း မရှိသေးပါဘူး” လို့ဒေါက်တာပြည့်ဖြိုးကပြောပါတယ်။

အရည်ကျို ငါးပိမှာ ယူရီးယား ဓာတ်မြေသြဇာကို ထည့်ခြင်းဖြင့် ထုတ်လုပ်မှု  ကြာချိန်ကိုလျှော့ချနိုင်တယ်၊ ယူရီးယားကို မသုံးတဲ့ လုပ်ငန်းရှင်လည်း ရှိတယ်လို့ သူကဆက်ပြောပါတယ်။

ငါးပိလုပ်ငန်းကို ကာလကြာရှည်လုပ်ကိုင်ဖူးသူရန်ကုန်၊မင်္ဂလာဒုံမြို့နယ်ကအမျိုးသမီးတစ်ဦးက “တစ်လအတွင်းငါးပိ ဖြစ်စေဖို့ အတွက်မြေဆီ(ဓာတ်မြေသြဇာ) အဖြူ တစ်မျိုးကိုထည့်ပြီးသိပ်ပါတယ်။ အဲဒီမြေဆီ အဖြူမှုန့်ကိုလည်း ဘုရင့်နောင် ပွဲရုံတန်းကစိုက်ပျိုးရေးဆိုင်တွေက ဝယ်ယူရပါတယ်” လို့ပြောပြပါတယ်။

ဘုရင့်နောင် ပွဲရုံတန်း စိုက်ပျိုးရေး ပစ္စည်း အရောင်း ဆိုင်တွေကို ကွင်းဆင်းလေ့လာ စုံစမ်းတဲ့ အခါ ငါးပိ ကုန်သည်တွေက ယူရီးယားကို အရည်ကျို  ငါးပိ ထုတ်လုပ်ဖို့ ဝယ်ယူတယ်လိ့ုပြောကြပေမဲ့ အခုလို ပြဿနာတွေဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ငါးကန်ထဲ ထည့်ဖို့သာပြောဆို ဝယ်ယူမှုတွေ ရှိနေတယ်လို့် သိရပါတယ်။

စိုက်ပျိုးရေးသမားက ယူရီးယား အရည်အသွေး ကိုသေချာစစ်ပြီးမှဝ ယ်ပေမယ့် ငါးကန် သမားတွေ ကတော့စျေးပေါတာကိုသာ ဝယ်ယူလေ့ရှိတယ်လိ့ု အရောင်း ဝန်ထမ်း တစ်ဦးကပြောပြပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ငါးပိ ထုတ်လုပ်မှုတွေကို သုတေသန လုပ်နေသူေ ဒါက်တာပြည့်ဖြိုးကတော့ ထုတ်လုပ်ပုံ လုပ်ငန်းစဉ် အဆင့်ဆင့်မှာ သန့်ရှင်းမှု အားနည်းတယ် လို့ပြောပြပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ငါးပိစက်ရုံတွေမှာ ဆိုရင်ခေါင်းစွပ်၊ လက်အိတ်တွေနဲ့ အဝတ်အစား အကာအကွယ်တွေ ကိုသေချာ သပ်ရပ်စွာ ဝတ်ဆင်ပြီး ကျန်းမာရေးနဲ့ညီညွတ်အောင် ထုတ်လုပ်မှု၊ သန့်ရှင်းမှုတို့ကြောင့် သူတို့ ငါးပိကို နိုင်ငံတကာပို့တဲ့ အဆင့်ဖြစ်နေပါပြီ။

ဓာတ်ပုံ- အရည်ကျို ငါးပိ အတွက်ကြိတ်ထားတဲ့ငါးခေါင်း၊ငါးရိုးတွေကို ရန်ကုန်မြို့ငါးပိ စက်ရုံ တစ်ခုအတွင်းကြမ်းပြင်ပေါ်မှာ ပုံပြီး သိုလှောင်ထားတာဖြစ်ပါတယ်။ မြေသြဇာ၊ဓာတုဆေးမသုံးဘဲ အရည်ကျိုငါးပိဖြစ်လာဖို့ဆိုရင်အနည်းဆုံး၃လကနေ၆လ အထိ ကြာကြောင်း သိရပါတယ်။

စားသုံးသူ ကာကွယ်ရေး

ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးဦးမြင့်ချိုက မမှန်မကန် ထုတ်လုပ်နေတဲ့ လုပ်ငန်းရှင်တွေကို  စားသုံးသူ ကာကွယ်ရေး ဥပဒေအတိုင်း အရေးယူတယ်လို့ပြောပါတယ်။

ငါးပိ ဆိုတာက အမျိုးသားရေး စားကုန်၊ ငါးပိ ငါးခြောက် ထုတ်လုပ် တဲ့ပုံစံက ကျန်းမာရေးနဲ့မညီညွတ်ဘူး။ ငါးပိဆိုတာ စထုတ်ကတည်းကေြ ခထောက်နဲ့နင်းပြီးသိပ်တာ” လို့ဦးမြင့်ချိုက ရှင်းပြပါတယ်။

ဒေါက်တာပြည့်ဖြိုးကတော့၂ဝ၁၄ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ စားသုံးသူကာကွယ်ရေးဥပဒေမှာ လိုအပ်ချက်တွေရှိနေေ သးကြောင်းထောက်ပြ ပါတယ်။

 “အဟောင်းက လိုအပ်ချက်တွေ သိပ်များနေလို့ စနစ်နဲ့ အံမဝင်တော့လို့ အသစ်ရေးဆွဲနေပါတယ်” လိ့ုဒေါက်တာပြည့်ဖြိုးက ဆိုပါတယ်။

စားသောက်ကုန်နဲ့ ပတ်သက်တဲ့ မသမာမှုတွေတွေ့ရင် တိတကျကျ သတင်းပေးတိုင်ကြားပါက လာရောက် စစ်ဆေး အရေးယူပါမယ်လို့လည်း သူက ဆက်ပြောပါတယ်။

အခုချိန်ထိတော့ ကျန်းမာရေးဝန်ကြီးဌာန၊ စည်ပင် သာယာရေးကော်မတီ၊ စားသုံးသူ ကာကွယ်ရေး အသင်းတွေကို တိုင်ကြားချက်တွေရောက်လာတာ နည်းပါးနေသေးတယ်လို့ သိရပါတယ်။

ဓာတုကင်းစင်တဲ့ ငါးပိ၊ ငါးခြောက်န ဲ႔ငံၿပာရည်လုပ်ငန်းတွေ ကိုထောက်ခံစာ ထုတ်ပေးသွားမယ်လို့မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုဥက္ကဋ္ဌဦးနှင်းဦး ကပြောပါတယ်။

ငါးပိလုပ်ငန်းရှင် ဦးရွှေမန်း ကနိုင်ငံတကာ အဆင့်မီ သန့်သန့်ရှင်းရှင်း ထုတ်လုပ်ဖို့ ကြိုးပမ်းနေသူဟာ နည်းပညာ၊ ငွေကြေး အကန့်အသတ်တို့နဲ့ကြုံနေရတယ်လို့ပြောပါတယ်။

ထိုင်းနိုင်ငံအထိ နည်းပညာတွေကို သွားရောက်လေ့လာခဲ့ပေမယ့် တစ်ချို့စက်ရုံတွေက ဝင်ရောက်လေ့လာ ခွင့်တောင်မပေးပါဘူး။ ထုတ်လုပ်မှု အဆင့်ဆင့်တွေကို လက်နဲ့လုပ်တာထက် စက်နဲ့လုပ်တဲ့ စနစ်ကိုရောက်စေချင်နေပြီ။ နိုင်ငံတော် အဆင့် ကူညီပံ့ပိုးမှုတွေနဲ့ အဆင့်မီ နည်းပညာတွေ ပံ့ပိုးပေးစေချင်ပါတယ်” လို့ ဦးရွှေမန်းကပြောပါတယ်။

ငါးပိ၊ ငပြာရည်ကို နိုင်ငံတကာ လက်ခံဖို့အတွက်  ဆိုရင် နည်းပညာ မှန်ကန်စွာ၊ သန့်ရှင်းစွာ ထုတ်လုပ်ရမှာပါ။ 

အကောင်းဆုံးကို ဘယ်လို ထုတ်လုပ်ကြမလဲဆိုတာ အားလုံး ပူးပေါင်းပါဝင်ပြီး အဖြေရှာကြဖို့ လိုအပ်ပါတယ်။ အဲဒီလိုမျိုး မလုပ်နိုင်ရင်တော့ နိုင်ငံတကာကိုလည်း မထိုးဖောက်နိုင်တဲ့အပြင် ပြည်တွင်းမှာလည်း အများပြည်သူအတွက် ကျန်းမာရေး အန္တရာယ်ရှိပြီး ဆုံးရှုံးနစ်နာမှုတွေ ဆက်လက် ကြုံတွေ့နေကြရဦးမှာ ဖြစ်ပါတယ်။

စိုးစံထိုက္(Myanmar Now)

ဓာတ်ပုံ- ရန်ကုန်မြို့က မျှင်ငါးပိ သိုလှောင်ထားတဲ့ ငါးပိ ထုတ်လုပ်ရေး လုပ်ငန်းခွင် တစ်ခု။ အစား အသောက်နှင့်ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနကမျှင်ငါးပိမှာ တားမြစ် ဆိုးဆေး အသုံးမပြုရေး ပညာပေးဆွေးနွေးနေတာနှစ်နဲ့ ချီရှိပါပြီ။လုပ်ငန်းရှင် အများအပြားကတော့ငါးပိရောင်းပန်းလှရေး လုပ်ဆောင်ရာမှာ ကုန်ကျ စရိတ်သက်သာဖို့စျေးသက်သာတဲ့တားမြစ ်ဆိုးဆေးကို သုံးနေကြပါတယ်။

ဓာတ်ပုံ- ရန်ကုန်မြို့က မျှင်ငါးပိ သိုလှောင်ထားတဲ့ ငါးပိ ထုတ်လုပ်ရေး လုပ်ငန်းခွင် တစ်ခု။ အစား အသောက်နှင့်ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနကမျှင်ငါးပိမှာ တားမြစ် ဆိုးဆေး အသုံးမပြုရေး ပညာပေးဆွေးနွေးနေတာနှစ်နဲ့ ချီရှိပါပြီ။လုပ်ငန်းရှင် အများအပြားကတော့ငါးပိရောင်းပန်းလှရေး လုပ်ဆောင်ရာမှာ ကုန်ကျ စရိတ်သက်သာဖို့စျေးသက်သာတဲ့တားမြစ ်ဆိုးဆေးကို သုံးနေကြပါတယ်။

ဓာတ်ပုံ- အရည်ကျိုငါးပိကို စဥ့်အိုးထဲ သိုလှောင်ထားပုံ။ ငါးပိစျေးကွက်ထဲမှာ အရည်ကျို ငါးပိကရောင်းအား အကောင်းဆုံးဖြစ်ပြီး ၁ပိဿာကို လက်ကားစျေးကျပ်၃၅ဝ  ဖြစ်ပါတယ်။

Myanmar Now၏ ခွင့်ပြုချက်ဖြင့် ဆောင်းပါးနှင့် ဓာတ်ပုံကို ကူးယူဖော်ပြပါသည်။

(အလွတ်တန်းသတင်းထောက်စိုးစံထိုက္ကငါးပိလုပ်ငန်းနှင့်စျေးကွက်အတွင်းကိုယ်တိုင်ကွင်းဆင်းပြီးစုံစမ်းဖော်ထုတ်ရေးသားထားခြင်းဖြစ်ပါသည်။)


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်