နှံစားသီးနှံတစ်မျိုးဖြစ်သည့် ဆန်စပါးအပိုင်း (၂)

03/02/2025 14:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (158)  Cereal Crops – Rice-2 (Part-3)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၅၈) နှံစားသီးနှံများ - ဆန်စပါး-၂ (အပိုင်း-၃)

၂၀၂၂ခုနှစ် ကမ္ဘာ့ထုတ်လုပ်မှုအရ ဆန် ၅၂၀-တန်သန်းခန့်၊ ဂျုံ ၇၈၀-တန်သန်းခန့်၊ ပြောင်းဖူး ၁၂၀၀ တန်သန်းခန့် ထုတ်လုပ်ပြီး၊ တစ်ကီလိုစားသုံးလျှင် ဆန် ၃၅၀၀ ကီလိုကယ်လိုရီ (Milled Rice 3500 Kilo Cal kg-1)၊ ဂျုံမှုန့် ၃၄၀၀ ကီလိုကယ်လိုရီ (Wheat Flour 3400 Kilo Cal kg-1 )၊ ပြောင်းဖူး ၃၆၀၀ ကီလိုကယ်လိုရီ (Maize Kernal 3600 Kilo Cal kg-1 ) စွမ်းအင် (Energy) ရရှိနိုင်ပါသည်၊ 

လူတစ်ဦး တစ်ရက် ၂၅၀၀ ကီလိုကယ်လိုရီ လိုအပ်ပြီး၊ ဤသီးနှံ ၃မျိုးက သီအိုရီတွက်ချက်မှုအရ ကမ္ဘာ့လူဦးရေ အားလုံးနီးပါး စွမ်းအင်လိုအပ်ချက်ပေးနိုင်ပြီး ချွင်းချက်အနေနှင့် ပြောင်းဖူးအများဆုံးက တိရစ္ဆာန်အစာ၊ ဇီဝလောင်စာ (Biofuels) အသုံးပြုနေခြင်း၊ ဆင်းရဲချမ်းသာကွာဟမှုကြောင့် လိုအပ်ချက်အရ လူတိုင်းမစားသုံးနိုင်သေးပါ။ ပရိုတိန်း၊ ဗီတာမင်လိုအပ်ချက်ကိုတော့ ဤသီးနှံများက ရာနှုန်းပြည့် မပေးနိုင်ပါ။

ဆန်စပါးအတွက်အကောင်းဆုံးရာသီဥတု (Best Climate for Rice)

ဆန်စပါးသည် ကမ္ဘာပေါ်တွင် တောင်ပေါ်မြေပြန့်မရွေး၊ နေရာတော်တော်များများ စိုက်ပျိုး ထုတ်လုပ်နိုင်သော သီးနှံတစ်ခုဖြစ်ပါသည်။ လတ်တီတွဒ် ၅၃ ဒီဂရီမြောက် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းမှ အီကွေတာ ဆူမားတြားမှသည် လတ်တီတွဒ် ၃၅-ဒီဂရီတောင် ဩစတေလျနိုင်ငံ၊ နယူးဆောက်ဝေးလ် ပြည်နယ်အထိ ကျယ်ပြန့်စွာ စိုက်ပျိုးနေပါသည်။ ပင်လယ်ပြင်ရေပြင်အောက် အိန္ဒိယနိုင်ငံ၊ ကာရလာပြည်နယ် (Kerala, India) မှ ပင်လယ်ပြင်အမြင့်ပေ ၆၀၀၀ ကျော် အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးရားဒေသ (Kashmia, India) အထိ စိုက်ပျိုးလျက်ရှိနေပါသည်၊ 

မိုးလေဝသပညာရှင် (Meteorologist) နှင့် ပထဝီဝင်ပညာရှင် (Geographer) တို့၏ အဓိပ္ပာယ်ဖေါ်ထုတ်ချက်အရ ကမ္ဘာ့အပူပိုင်းနိုင်ငံများ (မြန်မာနိုင်ငံဒေသအများစု) က မြောက်နှင့်တောင် လတ္တီတွတ် ၂၃.၅ ဒီဂရီ ကြားမှာ တည်ရှိပါသည်။ အပူပိုင်းဒေသစပါး စိုက်ပျိုးရန်အတွက် မိုးရေချိန် (Rainfall)၊ အပူချိန် (Temperature)၊ နေရောင်ခြည်ရရှိမှု (Solar Radiation)၊ လေတိုက်နှုန်း (Wind speed)၊ စိုထိုင်းဆ (RH – Relative Humidity) အစရှိသည်တို့သိရှိရန် အရေးကြီးပါသည်၊

(ထို့ကြောင့် စိုက်ပျိုးရေးပညာသင်ကြားရာတွင် မိုးလေဝသပညာသာမက၊ ပထဝီဝင်အကြောင်းပါ သင်ယူနိုင်သော တက္ကသိုလ်များ ဖြစ်ပါကပိုမိုကောင်းမွန်ပါမည်။ ၁၉၉၈ ခုနှစ်လောက်က စိုက်ပျိုးရေးနှင့်ပတ်သက်သော ပထဝီအချက်အလက်နည်းပညာ (GIS – Geographic Information System in Agriculture) သင်တန်းကို နီပေါနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာတောင်တန်းဒေသများဖွံ့ဖြိုးရေးဌာန (ICIMOD – International Center for Integrated Mountain Development) တွင် သွားရောက်သင်ကြားခဲ့ရာ မြေပုံဆွဲနည်း ပညာ (Cartogrphy) အခြေခံမသိ၍ အခက်အခဲကြုံခဲ့ရဖူးပါသည်။)

(က) မိုးရေချိန် (Rainfall)

စိုက်ပျိုးသီးနှံများ အတွက် မိုးရေချိန်သည် ရာသီဥတုဆိုင်ရာ အချက်အလက်များထဲမှ အရေးအကြီးဆုံး အချက် (Important parameter) ဖြစ်ပါသည်။ ယခုရာသီဥတု ပြောင်း လဲမှုနှင့်လိုက်လျောညီထွေဖြစ်စေသောစိုက်ပျိုးရေး (CSA – Climate Smart Agriculture) စနစ်အရ ရေကြီး၊ မိုးခေါင်မှုကိုစပါးပင်များ ခံနိုင်ရည်ရှိအောင် နည်းပညာအသစ်များကို စပါးစိုက်ပျိုးသူတောင်သူဦးကြီးများ လိုက်နာစေခြင်ပါသည်။

ပုံ - ၁ မြန်မာနိုင်ငံအပါအဝင်အာရှနိုင်ငံများသို့ မုတ်သုံမိုးဝင်ပုံ

(နှစ်အလိုက် ရက်အနည်းငယ် ပြောင်းလွဲနိုင်ပါသည်)

စပါးအတွက်အကောင်းဆုံးမိုးရေချိန်ကတော့ ၁၀၀၀-၂၀၀၀ မီလီမီတာ (၄၀-၈၀ လက်မ) အကြားရှိပါသည်၊ အထူးသဖြင့် မိုးကောင်းသောက်စပါးပင် (Rain-fed Rice) ကြိုက်နှစ် သက်သည်က စိုက်ပျိုးချိန်တစ်လျှောက်လုံး ပုံမှန်မိုးရွာပြီး အစိုဓာတ်ရနေခြင်းကို ကြိုက်နှစ်သက်ပါသည်။ ယခုရာသီဥတုပြောင်းလဲမှုကြောင့် မိုးကြီး၊ ရေလျှံ စပါးခင်းထဲရေဝပ်နေခြင်း ကို အချိန်မှီရေမထုတ်နိုင်ခြင်း၊ မိုးခေါင်၍ အချိန်မှီရေမသွင်းပေးနိုင်ခြင်းတို့ကြောင့် အပင် ကြီးထွားမှု အားနည်းကာ စပါးအထွက်လျော့နည်းနိုင်ပါသည်။

(ခ) အပူချိန် (Temperature)

စပါးအတွက် အသင့်တော်ဆုံးအပူချိန်မှာ ၂၀-၃၅ ဒီဂရီဆဲလ်စီယတ်စ် (20-35 *C) ဖြစ်ပါသည်၊ အညှောက်ပေါက်ချိန် (Germination) တွင် အနည်းဆုံး ၂၀ ဒီဂရီ ဆဲလ်စီယတ်စ်၊ အပင်ကြီးထွားချိန် (Vegetative Growth) တွင် ၂၅-၃၀ ဒီဂရီ ဆဲလ်စီယတ်စ်အကြား၊ ဝတ်မှုံကူးချိန်နှင့် စပါးနှံအစေ့ဖြည့်တင်းချိန် (Reproductive growth – Pollination and Grain filling) တွင် ၂၁-၂၇ ဒီဂရီဆဲလ်စီယတ်စ် အကြား ရှိနေမှသာ အထွက်အကောင်းဆုံး ရရှိနိုင်ပါသည်။ ဩစတေလျ၊ ဂျပန်စသည့် သမပိုင်းနိုင်ငံများတွင်တော့ စပါးကို တနှစ်လျှင် တစ်ရာသီသာ စိုက်ပျိုးကြပြီး မြန်မာနိုင်ငံအပါအဝင်အပူပိုင်း ဒေသများ (Tropical Regions) တွင်တော့ တစ်နှစ် ၂-၃ ကြိမ်လောက်အထိ ရေရရှိမှု အပေါ် မူတည်၍ စိုက်ပျိုးလေ့ရှိပါသည်၊ 

(ဂ) နေရောင်ခြည်/အလင်းရောင်ရရှိမှု (Solar Radiaion)

စပါးပင်ကြီးထွားမှုကောင်းရန် တစ်ရက် တစ်စင်တီမိတာပတ်လည် ၃၀၀-၄၀၀ ကယ်လိုရီ (300-400 Cal cm-2 day-1) ရရှိရန်လိုအပ်ပါသည်။ အထူးသဖြင့် မျိုးပွားပိုင်းဆိုင်ရာ ကြီးထွားမှုအဆင့် (Reproductive Phase) တွင်ပိုအရေးကြီးပါသည်။ မြန်မာနိုင်ငံအပါအဝင် အာရှတိုက်နိုင်ငံအချို့က မိုးတွင်း မိုးတိမ်ထူထပ်မှုက နေရောင်ခြည်ရရှိမှုအားနည်းပြီး အစာချက်လုပ်မှုနှုန်း (Photosynthesis Rate) လျော့နည်းစေပါသည်။ ဩစတေလျ၊ ဂျပန် စသည့် သမပိုင်းနိုင်ငံများတွင်တော့ မှို့ကပ် (PI–Panicle Initiation) ပန်းပွင့်ပြီး (Flowering) နောက်ပိုင်းကာလ နေရောင်ချည်ကို ရက်ကြာကြာ ရရှိခြင်း အကြောင်းက လည်း အထွက်တိုးရခြင်း အချက်တစ်ခုဖြစ်ပါသည်။

(ဃ) စိုထိုင်းဆ (RH – Relative Humidity)

စပါးပင်အတွက် အကောင်းဆုံးစိုထိုင်းဆမှာ ၇၀-၈၀ ရာခိုင်နှုန်း ဖြစ်ပါသည်။ နည်းသွားပါက အပင်ရေငွေ့ပြန်မှု (Evapotranspiration) များသွားနိုင်ပြီး များသွားပါက ပိုးမွား၊ ရောဂါများ ကျရောက်နိုင်ပါသည်၊ 

(င) နေ့တာတိုရှည်မှု (Photoperiod/Day Length)

ဒေသစပါးမျိုးအများစုမှာ နေ့တာတိုပင် (Short-day Plant) တနေ့ ၁၂-နာရီထက် နေ့တာ/အလင်းရောင်နဲမှပန်းပွင့်ပြီး၊ အထွက်တိုးစပါးအများစုမှာ နေ့တာတုံ့ပြန်မှု (Day-Neutral) မရှိပါ၊

(စ) လေတိုက်နှုန်း (Wind)

စပါးပန်းပွင့်ချိန်မှာ လေပြင်းတိုက်မှုများပါက အထွက်လျော့နည်းနိုင်ပါသည်။

အပြည်ပြည်ဆိုင်ရာဆန်စပါးသုတေသနဌာနမှ တွေ့ရှိထားသော စပါးအထွက်ကောင်းရရန် လိုအပ်သောအချက်များ (Steps to successful Rice production)

(၁) စပါးစိုက်ပျိုးသော ပြက္ခဒိန်မှတ်ထားပါ (Use a Crop Calendar)

သီးနှံပြက္ခဒိန်က စပါးသက်တန်းတစ်လျှောက်လုံး မြေပြင်သည့်အချိန်မှ စပါးသိုလှောင်ချိန်အထိ မှတ်တမ်းယူထားပါ။

(၂) အကောင်းဆုံးစပါးမျိုးပြားကိုရွေးချယ်ပါ (Choose the Best variety)

မိမိစိုက်ပျိုးမည့်နေရာ၊ ဒေသရာသီဥတု နှင့်လိုက်လျှောညီထွေဖြစ်မည့် မျိုးပြားကို စပါးစိုက်တောင်သူကြီး အသိဆုံးဖြစ်ပါသည်။ သုတေသနဌာနမှထုတ်လုပ်သောမျိုးသစ် ဖြစ်ပါကလည်း ရေမြေ၊ ဒေသ၊ ရာသီဥတုနှင့် ကိုက်ညီအောင်ဆောင်ရွက်ပြီးမှ မျိုးဖြန့်ချီပေးခြင်း ဖြစ်ပါသည်။

(၃) အရည်အသွေးအကောင်းဆုံးစပါးမျိုးစေ့သုံးပါ (Use High Quality Seeds)

မျိုးစေ့ကောင်းဆိုသည်မှာ အညှောက်ပေါက်ကောင်း (Good Germination)၊ မျိုးစေ့ဆောင်ရောဂါကင်းစင် (Free from Seed-borne Diseases)၊ မျိုးကွဲ၊ ပေါင်းစေ့များ၊ အခြားအရာများကင်းစင် (Higher Purity) စသည်တို့ရှိရပါမည်။ နိုင်ငံတကာမှာ ဆောင်ရွက်နေသည့်နည်းတူ မျိုးစေ့ထုတ်လုပ်ငန်းမှာ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ (Private Sectors) ကဏ္ဍမှ အားကိုးရမည့် မျိုးစေ့ထုတ်ကုမ္ပဏီများ နှင့်အတူ ပူးတွဲဆောင်ရွက်ရပါမည်။

(၄) စပါးခင်းကို မစိုက်ခင်ရေကွက်၍ မဝပ်စေရန် မြေကိုညီညာစွာညှိပါ (Prepare and Level the Fields Well)

တမန်းဘဝကတည်းကပေါင်းမရှိစေရပါ။ တောင်ယာစပါးမှအပ လယ်စပါးခင်းကို  ကွင်းပြင်ကြယ်ရေသွင်းနည်းစနစ် (Flood Irrigation) ဖြင့် သွင်းရသဖြင့် စပါးပင်များအားလုံး ရေညီညာစွာရစေရန် မြေညှိပေးရပါသည်။ ဩစတေလျစပါးခင်းများက လေဆာစနစ်ဖြင့်မြေညှိပေးသဖြင့် စပါးပင်များရေ ရရှိ မှုညီညာပြီး အထွက်ကောင်းပါသည်။

(၅) အချိန်မှန်စိုက်ပါ (Plant on Time)

စပါးအပါအဝင်သီးနှံများက ရာသီဥတုနှင့်လိုက်လျှောညီထွေရှိမှသာလျှင် စွမ်းအားပြည့် အမြင့်ဆုံး ကြီးထွားမှုနှင့်အထွက်နှုန်း (Potential Growth and Yield) ပေးစွမ်းနိုင်ပါ သည်၊

(၆) ပေါင်းစောစောနှိမ်ပါ (Weed early)

ပေါင်းတစ်ကြိမ်ပေါက်လျှင် ၇နှစ်နှိမ်ရမည် (One year seedings equal seven years weeding) ဟူသောဆောင်ပုဒ်အရ ပေါင်းပင်များ ကို စပါးခင်းတွင်စောစောနှိမ်ရပါမည်။ စပါးနှင့်ပေါင်းက မြက်မျိုးရင်းဝင် အပင်များဖြစ်၍ပုံစံတူပါသည်၊ လက်ပေါင်းလိုက်ရာတွင် စာရိတ်ကြီးနေ၍ ပေါင်းသတ်ဆေး (Herbicides) သုံးနေကြပါသည်၊ ပေါင်းသတ်ဆေး၏ ဆိုးကျိုးများကိုလည်း တောင်သူဦးကြီးများ သတိပြုရပါမည်။

(၇) အထွက်အကောင်းဆုံးရရန် မြေဩဇာလိုအပ်ချက်ကို ဖြည့်စည်းပါ (Fertilize to maximum Returns)

အဟာရဓါတ်စုံညီစွာ မြေဩဇာ (Balanced Use of fertilizers) ထည့်ပေးခြင်းက ပြန်ရချက်အများဆုံးရနိုင်ပါသည်၊ ဓာတ်မြေဩဇာများသာမက ဈေးချို၊ အကျိုးရှိစေသော သဘာဝမြေဩဇာ/ဩဂဲနစ်မြေဩဇာ (Natural or Organic Fertilizers) များ ဥပမာ -တိရိစ္ဆာန်အညစ်အကြေး (FYM – Farm Yard Manure)၊ မြေဆွေး (Compost)၊ သီးနှံ အကျွင်းအကျန်ဆွေး (Crop Residues)၊ သစ်စိမ်းမြေဩဇာ (Green Manure) နှင့် နောက် ဆုံးပေါ် ဇီဝလောင်စာ မြေဩဇာများ (Biochar Fertilizers) ကို စပါးစိုက် တောင်သူ ဦးကြီး များ အကျိုးရှိစွာ အသုံးပြုနိုင်ပါသည်၊ အထူးသဖြင့်ပျိုးထောင်စိုက် မည်ဆိုပါက ပိုမိုလိုအပ်ပါသည် (နောက်ဆောင်းပါး၌ တောင်သူဦးကြီးများအတွက် အသေးစိတ် ရေးပေးပါမည်)

(၈) စပါးပင်ရေလိုအပ်ချိန်အလိုက်တိကျစွာလိုက်နာပါ (Use water efficiently)

အရည်အသွေးပြည့်မှီသောရေ (Good Quality Water) မဟုတ်ပါက စပါးပင်များ ကောင်း မွန်စွာ မကြီး ထွားနိုင်ပါ၊ မြန်မာနိုင်ငံစပါးခင်းများက ကွက်ဆင့်သောက် ရေပေး စနစ်ဖြစ် သဖြင့် မိမိမြေကန်သင်းကို ခိုင်မာစွာ တည်ဆောက်ထားပါ၊ စပါးခင်းထဲတွင်လည်း အထူး သဖြင့် တိုက်ရိုက်မျိုးစေ့ချစနစ် (Direct-seeded Rice) သုံးသော ကွင်းများ၌ မြေညီညာ ပြီး ရေသွင်း၊ ရေထုတ်လွဘ်ကူရပါမည်၊ 

(၉) ပိုးမွားရောဂါစနစ်တကျကာကွယ်နှိမ်နှင်းပါ (Control Pests and Diseases effectively)

ရောဂါ၊ ပိုးမွား မကျရောက်စေရန် ကြိုတင်ကာကွယ်မှု (Prevention) က အကောင်း ဆုံးဖြစ်ပါသည်၊ ပိုးမွား၊ ရောဂါ ကျရောက်တတ်သောဒေသများတွင် ခံနိုင်ရည်ရှိသော မျိုးများ (Pest Resistant Varieties) ကို အသုံးပြုပါရန် အကြံပြုလိုပါသည်။ 

(၁၀) အချိန်မှန်ရိတ်သိမ်းပါ (Harvest on time)

အချိန်မှန်မောင်းညိုချိန်တွင်ရိတ်သိမ်းပါ၊ ယနေ့ခေတ်တွင်တော့ ရိတ်သိမ်း၊ ချွေလှေ့စက် (Combine Harvesters) များ စပါးတောင်သူအများစုက အသုံးပြုနေ၍ ရိတ်သိမ်းပြီး နောက်ပိုင်း အစိုဓါတ် ၁၄-ရာခိုင်နှုန်းရောက်အောင် အခြောက်ခံ ပေးရာတွင် နေရောင်ချည် ကိုဘဲ အဓိကထားနေရ၍ အခက်အခဲများရှိနေပါသေးသည်၊ အခြောက်ခံစက်များ (Paddy-seed Dryers) တစ်ဖြေးဖြေးချင်းအသုံးပြုလာပါက ဆန်ကြိတ်ရာတွင် မလိုလား အပ်သော အကျိုးအကြေများနည်းပြီး ဈေးကောင်းရပါလိမ့်မည်။

(၁၁) လုံခြုံစိတ်ချရသောနေရာတွင်သိုလှောင်ပါ (Store safely)

ကြွက်၊ အင်းဆက်စသည့် သိုလှောင်ဖျက်ပိုးများ (Stored-product Pests) မကျရောက်နိုင်ရန်၊ လေမိုးဒဏ်ကာကွယ်နိုင်ရန်  စပါးများကို သိုလှောင်ပေးရန်လိုအပ်ပါသည်။

(၁၂) အကျိုးအကြေနည်းစေရန်ခေတ်မီစက်များဖြင့်ကြိတ်ခွဲပါ (Mill efficiently)

နိုင်ငံတကာ အထူးသဖြင့်အိမ်နီးနားချင်းနိုင်ငံများ တွင်ပင် ခေတ်မှီဆန်ကြိတ်စက် များစွာ ရှိနေ၍ ဆန်အကျိုးအကြေနဲကာ ဈေးကောင်းရပါသည်၊ ခေတ်မှီ ဆန်စက်များတည် ထောင်ရန် ကိုတော့ အရင်းအနှီးကြီးပါသည်၊ သို့သော် အစိုးရ၊ ပုဂ္ဂလိက ကဏ္ဏများကပါ ပူးတွဲကျိုးစားရပါမည်။

(၁၃) ဈေးကွက်အခြေအနေကိုလေ့လာပါ၊ ပွဲစားများဈေးအနှိမ်မခံရစေရန်ဂရုစိုက်ပါ (Understand the Market)

ဆန်ကောင်းအရည်အသွေးနှင့် အရသာ၊ ကြိုက်နှစ်သက်မှုအချက်များက စားသုံးသူ (Consumers) အပေါ်မှာမူတည်ပါသည်၊ စာရေးသူတို့နိုင်ငံတွင် စပါးစိုက်တောင်သူကြီးများက ပွဲစားဈေးအနှိမ်မခံရဘဲ ထိုက်တန်သောဈေးရရှိစေရန် စနစ်များကို တီထွင်၊ ဖန်တီးဖို့ ပြုလုပ်သင့်ပါသည်။

(ဆက်ပါဦးမည်)

မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)

Evenson, R.E., Herdt, R.W. and Hossain, M. (1996) Rice Research in Asia: Progress and Priorities. IRRI and CABI. 418p.

IRRI (2015) Steps to successful Rice production. IRRI Publications. 31p.

Yoshida, S. (1981) Fundamentals of Rice Crop Science. IRRI. 279p.

မောင်တိုင်ပင် (၂၀၀၉) မြန်မာ့ဆန်စပါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်ရေးညွန်ကြားမှုဦးစီးဌာန၊ ၂၅၆-မျက်နှာ

မြန်မာနိုင်ငံ စိုက်ပျိုးရေး, သစ်တော၊ မွေးမြူရေးနှင့် ရေလုပ်ငန်းပညာရှင်အဖွဲ့ (၂၀၀၄) မြန်မာ့ ဆန်စပါးစာတန်းများ၊ ၃၀၈-စာမျက်နှာ

(ဘာသာရပ်ဆိုင်ရာဝေါဟာရများကို ကူညီဖြေဆိုပေးပါသော ဒေါက်တာကြည်တိုး၊ ပါမောက္ခ (ကျောင်းအုပ်ကြီး) နှင့် ဒေါ်တင်လဲ့လဲ့ထွေး၊ ကထိက၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်တို့အား ကျေးဇူးတင်ရှိပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်