ငါးနှပ်(ခေါ်) အာပဲ့ခြောက်ငါး၏ သဘာဝနှင့် အသုံးဝင်ပုံ

08/10/2024 14:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ငါးနှပ်သည် အင်ဒို-ပစိဖိတ်ဒေသ၏ အပူပိုင်းဒေသများတွင် နေထိုင်ကျက်စားသည့် ငါးမျိုးဖြစ်သည်ဟု ဖော်ပြကြပြီး ထိုမှတဆင့် အိန္ဒိယကမ်းရိုးတန်းသို့ မျိုးဆက်ပြန့်ပွားလာဟန်ရှိသည်ဟု တချို့ အဏ္ဏဝါ​ဗေဒလေ့လာသူများမှ ဆိုသည်။ ယခုအခါ အဆိုပါငါးများကို ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ် ပင်လယ်တို့တွင်လည်း အများအပြားတွေ့ရတတ်သည်။

အစောပိုင်းကာလများ၌ ဘဂ်လားပင်လယ်အော်မှ ဖမ်းဆီးမိသော ငါးနှပ်ငါးများကို မစားသုံးဘဲ လွှင့်ပစ်လေ့ရှိကြသည်။ သို့သော် နောက်ပိုင်းတွင် အဆိုပါငါးများကို ဘဂ်လားတွင် စတင်၍ ပင်လယ်စာစားဖွယ်အဖြစ် စားသုံးကြရာမှ ငါး၏အရသာပြည့်ဝမှုကို သိရှိသွားကြပြီး ယခုအခါ ကမ္ဘာအနှံ့တွင် လူ့ခန္ဓာ ကိုယ်အတွက် လိုအပ်သည့် ဖြည့်စွက်စာ ပင်လယ်စာအဖြစ် ခုံမင်စွာ စားသုံးနေကြပြီဖြစ်ကြောင်း သိရသည်။ 

ငါးနှပ်၏ လူသိများသောအမည်များ

ပါဏဗေဒအလိုအရ ငါးနှပ်သည် ‘စကိုပယ်လီဒေး’ မျိုးရင်းတွင် ပါဝင်သည်။ သိပ္ပံအမည်အားဖြင့် ငါးနှပ်ကို ‘Harpadon nehereus (ဟာပိုဒွန် နေဟေးရီးယပ်)’ဟု ခေါ်သည်။ အင်္ဂလိပ်အခေါ်(အများအခေါ်)မှာ Bombay duck, bummalo, bombil, bombili, boomla, bumla, lote, loitta ဟု ခေါ်ဆိုကြပြီး ဖော်ပြပါအမည်များထဲမှ Bombay duck နှင့် Loitta Fish သည် ကမ္ဘာပေါ်တွင် လူသိများသောအမည်များ ဖြစ်ကြသည်။ ငါးနှပ်သည် lizardfish မျိုးစိတ်တွင်ပါဝင်ပြီး ရေငန်ပိုင်း(Marine)နှင့် ရေချိုရေငန်စပ်(Brackisk water)တို့တွင် အများဆုံးတွေ့ရလေ့ရှိသည်။

ငါးနှပ်၏ ပုံပန်းသဏ္ဌာန်

ငါးနှပ်၏ပုံပန်းသဏ္ဌာန်မှာ ငါးနှပ်ကိုယ်သည် ရှည်လျား၍ အနည်းငယ်ပြား၏။ မျက်လုံးသေးသေး၊ ပါးစပ်ကျယ်ကျယ်ဖြစ်သည်။ ဦးခေါင်းတို၍ တုတ်သည်။ နှာတံသည် ကျယ်၍ထိပ်ဝိုင်းသည်။ ပါးစပ်ပေါက် အလွန်ကျယ်သည်။ မေးရိုး ၂ ခုလုံးတွင် ထက်သောသွားများရှိသည်။ ဦးခေါင်းနှင့် ဆူးတောင်တို့သည် အလင်းပေါက်လုနီးဖြစ်သည်။ ဝမ်းပိုင်း နေရာမှလွဲ၍ ကျန်ကိုယ်ပိုင်းသည်လည်း အလင်းပေါက်လုနီး ဖြစ်သည်။ တစ်ကိုယ်လုံးတွင် မည်းနက်သော အစက်အပြောက်များ ရှိသည်။ ဝမ်းပိုင်းတွင် ငွေရောင်သန်းလျက် ရှိသည်။ အကြေးခွံသည် သေးငယ်၍ အလင်းပေါက်သဖြင့် လတ်ဆတ်သော ငါးနှပ်တွင် အကြေးခွံကိုခွဲခြား၍ သိနိုင်ရန် ခဲယဉ်း၏။ ငါးနှပ်ခြောက်ကို အာပဲ့ခြောက်ဟူ၍ ခေါ်ကြသည်။

ငါးနှပ်၏ သဘာဝ

ငါးနှပ်တစ်ကောင်၏ ဘဝသက်တမ်းသည် (၂)နှစ်ခန့် အသက်ရှင်နိုင်သည်ဟု သိရှိရသည်။ ခန္ဓာကိုယ်တစ်ဝက်ခန့်သေးငယ်သော အကြေးများရှိသည်။ ခန္ဓာကိုယ်မှာ အလွန်ပျော့ပျောင်းနူးညံ့သည်။ ကမ်းလွန်ပိုင်းတွင်နေပြီး ရွှံ့ပေါသောသဲနွံအောက်ခြေတွင် တွေ့ရသည်။ မြစ်ဝများတွင် တစ်နှစ်ပတ်လုံး နေထိုင်ကျက်စားကြပြီး အုပ်စုလိုက် တွေ့ရတတ်သည်။ မိုးရာသီတွင် မြောက်များစွာ တွေ့ရသည်။

ငါးနှပ်သည် တစ်နှစ်လျှင်(၆)ကြိမ်ခန့် မျိုးပွားသားပေါက်လေ့ရှိကြောင်း သိရှိရသည်။ ရန်လိုတတ်ပြီး အသားစားငါးဖြစ်သည်။ ညဖက်တွင် ကိုယ်ခန္ဓာမှ မီးစုန်းအရောင်တောက်ပသည်။

အရွယ်အစား 

ငါးနှပ်ငါးများသည် အုပ်စုဖွဲ့နေတတ်ကြပြီး ယင်းတို့ကို ကျားပါးစပ်(Bagnet)၊ မျှောပိုက်များတွင် ထိမိပြီး အများအားဖြင့် မျှောပိုက်တွင်ထိမိသော ငါးနှပ်သည် ပို၍ လတ်ဆတ်သည်။ အရွယ်ရောက်ငါးနှပ်သည် အမြင့်ဆုံးခန္ဓာကိုယ်အလျား ၄၀ စင်တီမီတာ( ၁၆ လက်မ)ရှိပြီး အသုံးများသောအရွယ်အစားမှာ ၂၀-၂၅ စင်တီမီတာ ရှိကြပါသည်။

သုံးမည်ရငါး 

ငါးနှပ်ငါးကို ရခိုင်ဒေသအခေါ်အရ ဗရဲဂါးငါးဟု ခေါ်ဆိုကြပြီး သုံးမည်ရငါးဟုလည်း တင်စားပြောဆိုကြသည်။ ဗရဲဂါးငါးငယ်ကို ငါးဒမူ၊ ကြီးလာသည့် အချိန် ဗရဲဂါးဟုခေါ်ကြပြီး အဆိုပါငါးကို အခြောက်လှမ်း၍ ရလာသော ငါးခြောက်ကို အာဗြဲခြောက်ဟု အမည်သုံးမျိုးကွဲ၍ ခေါ်ကြလေသည်။

ပြည်ပပို့ကုန် 

ငါးနှပ်ငါးကို ဆားနယ်၊ အခြောက်လှန်းပြီး  နိုင်ငံခြားပို့ကုန်အဖြစ် တင်ပို့ကြသည်။ ငါးနှပ်ခေါ်  Bombay duck သည် အိန္ဒိယနိုင်ငံ၏ အချို့သော ဒေသများတွင် အထူးသဖြင့် Maharashtra တွင် လူကြိုက်များသော အစားအစာဖြစ်သည်။ သီရိလင်္ကာတွင် ငါးနှပ်ခြောက်အား ကြော်၍ စားသုံးကြသည်။ ငါးနှပ်အခြောက်(အာပဲ့ခြောက်)သည် ဘင်္ဂါလီနှင့် အိန္ဒိယလူမျိုးများ၏ အဓိက အစားအစာဖြစ်သည်။

ဒေသအစားအစာဖြစ်

ငါးနှပ်ခြောက်သည် မြန်မာနိုင်ငံတွင်လည်း လူကြိုက်များသော ငါးခြောက်အမျိုးအစားထဲ ပါဝင်ပါသည်။ သို့ရာတွင် ရခိုင်ဒေသတွင် ငါးနှပ်ငါးကို အခြောက်ပြုလုပ်စားသုံးခြင်းထက် လတ်ဆတ်သောငါးနှပ်ကို ဟင်းရည်သောက်ဟင်းတစ်ခွက်အဖြစ် ချက်ပြုတ် စားသောက်လေ့ရှိကြသည်။ ငါးနှပ်သောက်ဆမ်းကို သံပုရာရည်ညှစ်ပြီး ချဥ်ပူပူလေး သောက်ခြင်းအားဖြင့် လန်းဆန်းတက်ကြွသွားစေပါသည်။

မွန်ပြည်နယ်ဒေသတွင် ငါးနှပ်ကို မရမ်းပြား၊ ငရုတ်သီးစိမ်း စသည်တို့ဖြင့် ချက်ထားသော “ငါးနှပ်မွန်ဟင်း”ချဥ်ချဥ်စပ်စပ်တုန်တုန်အိအိလေးက ခံတွင်းမြိန်စရာနာမည်ကြီးဟင်းတမယ် ဖြစ်ပါသည်။ ငါးနှပ်မွန်ဟင်းကို ငါးနှပ်အစိုနှင့် ချက်ရပြီး ငါးနှပ်အစိုကို အခြောက်လှမ်းထားသော ငါးနှပ်ခြောက် ခေါ် အာပဲ့ခြောက်ကလည်း ရောင်းအားကောင်းသော ရေထွက်ကုန်ခြောက်တစ်မျိုးလည်း ဖြစ်ကြပါသည်။

ငါးနှပ်စားဖွယ်စုံ

ငါးနှပ်ကို ငါးနှပ်အစပ်ဟင်း၊ ငါးနှပ်မွန်ဟင်း၊ ငါးနှပ်ရခိုင်သောက်ဆမ်း၊ ငါးနှပ်တန်ပူရာကြော်၊ ငါးနှပ်ငါးဆုပ်ကြော်အပြင် ငါးနှပ်ဟင်းရည်ထဲသို့ မုန့်တီဖတ်ထည့်၍လည်း စားသုံးကြပါသည်။ ငါးနှပ်ခြောက်ကို ဘာလချောင်ကြော်၊ အမွကြော်၊ ငါးနှပ်ခြောက်ဖုတ် စသဖြင့်လည်း စားသုံးကြသည်။ထို့ပြင် ငါးနှပ်ငါးဖြင့် ငါးမုန့်ခြောက်လည်း ပြုလုပ်ကြသည်။ 

ငါးနှပ်တွင်ပါဝင်သော အာဟာရဓာတ်များ

ငါးနှပ်သည် အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးအတွက်ကောင်းမွန်သောငါး ဖြစ်သည်။ ငါးနှပ်တွင် ပရိုတင်း၊ ဗီတာမင်(အထူးသဖြင့် ဗီတာမင်အေ)၊ သတ္တုဓာတ်များ၊ မပြည့်ဝသော ဖက်တီးအက်ဆစ်ကဲ့သို့သော အရေးကြီးသော အာဟာရအရင်းအမြစ်များကြွယ်ဝသည်။Chondroitin sulfate ၊ Phosphorous နှင့် Calcium တို့သည် တွယ်ဆက်တစ်သျှူးများ၊ အရိုးနုများ တည်ဆောက်ခြင်း၊ အရိုးကျန်းမာရေးကို ပြုပြင်ထိန်းသိမ်းရာတွင် ကူညီပေးသည်။

ငါးနှပ်နှင့် ကျန်းမာရေး

ငါးနှပ်သည် အိုမီဂါ-၃ ကြွယ်ဝသော ပင်လယ်ငါးတစ်မျိုးဖြစ်သည်။ အိုမီဂါ-၃ သည် ပင်လယ်ငါးများတွင် ပါရှိသော ဖက်တီး အက်ဆစ်(fatty acid) တစ်မျိုးဖြစ်သည်။ နှလုံး၊ ဦးနှောက်၊ ကြွက်သားများကို ကျန်းမာစေသည်။ အိုမီဂါဓာတ်သည် လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော fatty acid ဖြစ်သည်။ လူ့ခန္ဓာကိုယ်မှ ဤအိုမီဂါဓာတ်ကို မထုတ်လုပ်နိုင်ဘဲ စားသောက်သော အစားအစာများမှသာ ရရှိနိုင်သည်။

ပင်လယ်ငါးဖြစ်သော ငါးနှပ်ငါးမှ ရရှိသော eicosapentaenoic acid ( EPA ) ၊ docosahexaenoic acid ( DHA ) နှင့် အပင်များမှ ရရှိသော alpha-linolenic acid ( ALA ) ဓာတ်များသည် လူသားတွေအတွက် အလွန်အရေးပါသော ဓာတ်များဖြစ်ကြ၏။ ၎င်း fatty acid တို့သည် လူ့ကိုယ်ခန္ဓာရှိ ဆဲလ်များ၏ ပတ်ပတ်လည်တွင် ရှိသော အမြှေးပါးကို ဖြစ်တည်စေသည်။ ထိုအမြှေးပါးများက ဆဲလ်များထဲသို့ မည်သည့်အရာမဆို ဝင်ရောက်ခြင်း၊ ထွက်သွားခြင်း ၊ ဆဲလ်တစ်ခုနှင့် တစ်ခု ဆက်သွယ်ခြင်းတို့ကို ထိန်းချုပ်ပေးပါသည်။ အိုမီဂါ-၃ ကြွယ်ဝနေသော ဆဲလ်များသည် အရည်ဓာတ်ပိုများပြီး မှန်ကန်စွာ အလုပ်လုပ်နိုင်စွမ်းပိုရှိသည်။

ထို့ပြင် ငါးနှပ်တွင်ပါဝင်သော အိုမီဂါ-၃ fatty acid မှာ eicosanoid ဟုခေါ်သည့် ဟိုမုန်းများ ထုတ်လုပ်ခြင်းကို သင့်လျော်အောင် ထိန်းညှိပေးပါသည်။ငါးနှပ်တွင်ပါဝင်သော အိုမီဂါ-၃ သည်ရောင်ကိုင်းခြင်း၊ သွေးကြောပိတ်ဆို့ခြင်းတို့ကို လျော့ကျစေပါသည်။ သိပ္ပံပညာရှင်များက အိုမီဂါ-၃ သည် နှလုံးရောဂါအတွက် များစွာအရေးပါလိုအပ်ကြောင်း လေ့လာသိရှိခဲ့ကြပါသည်။

 အိုမီဂါ-၃ သည် သွေးကြောများထဲတွင် သွေးကြောပိတ်ဆို့မှုကို လျော့နည်းစေပြီး နှလုံးရောဂါဖြစ်ပွားမှုကို လျော့ကျစေပါသည်။ အကယ်၍ Heart  attack ဖြစ်ခဲ့လျှင်တောင်မှ သေစေနိုင်ခြင်းကို နည်းပါးစေပါသည်။ အိုမီဂါ-၃ သည် နှလုံးသွေးကြောများထဲ၌ သွေးကြောပိတ်ဆို့ မှုကို ဖြစ်စေသော အဆီဖြစ်စေခြင်းကို လျော့ကျစေပြီး မူမမှန်သော နှလုံးခုန်နှုန်းကို လျော့ကျစေပါသည်။ ထို့အပြင် မြင့်နေသော သွေးပေါင်ချိန်ကိုလည်း လျော့ကျစေပါသည်။

ထို့ပြင် ငါးနှပ်တွင်ပါသော အိုမီဂါ-၃ သည် အဆစ်အမြစ်ရောင်ရမ်းကိုက်ခဲခြင်း ရောဂါများကို သက်သာစေပါသည်။ နို့စို့ကလေးငယ်များအတွက် DHA ဓာတ် အရင်းအမြစ်ဖြစ်သည့် မိခင်နို့ရည်မှ လွဲ၍ ဦးနှောက်ကို ဖွံ့ဖြိုးစေသောဓာတ်မှာ အိုမီဂါ-၃ ပဲဖြစ်ပါသည်။ အခြားလေ့လာစမ်းသပ်မှုများအရ အိုမီဂါ-၃ သည် စိတ်ကျခြင်း depression မျိုးနှင့် disorder များကို လျော့နည်းသက်သာစေပြီး ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အလွန်အရေးပါသော ဓာတ်ပဲဖြစ်ပါသည်။ကြွက်သားများ နွမ်းနယ်ညောင်းညာခြင်းကို သက်သာလျော့ပါးစေသည်ကိုလည်း လေ့လာတွေ့ရှိခဲ့ကြပါသည်။

ရှေးဦးလေ့လာ စမ်းသပ်မှုများအရ အစားအစာထဲတွင် အိုမီဂါ-၃ ဓာတ်ကြွယ်ဝနေခြင်းသည် အင်္ဂါအစားထိုးကုသခံရသော  လူနာများအတွက် အထောက်အကူပြုစေပြီး ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာ ရောဂါများ ဖြစ်ပွားမှုကို နည်းပါးစေပါသည်။ လက်ရှိကာလတွင် စမ်းသပ်လေ့လာနေဆဲဖြစ်ပြီး အကျိုးသက်ရောက်မှု ကောင်းစေမည်ဟု ယူဆရသော ရောဂါများမှာ ရင်ကြပ်ရောဂါ၊ lupus ၊ စိတ်ကျခြင်း၊ အမျိုးသမီးများ ရာသီလာနေစဉ် ကိုက်ခဲခြင်း၊ နှင်းခူ၊ အတက်ရောဂါ ၊ nephtoric syndrome ၊ လေဖြတ်ခြင်း ၊ schizophrenia ၊ dementia နှင့် အူမကြီးတွင် အနာဖြစ်ခြင်းတို့ဖြစ်ကြသည်။

ကျွမ်းကျင်သူပညာရှင်များမှ ယောက်ျားတစ်ဦးလျှင် EPA နှင့် DHA တစ်နေ့လျှင် ၆၁၀ မီလီဂရမ် စားသုံးသင့်ပြီး အမျိုးသမီးတစ်ဉ်ီးက ၄၃၀ မီလီဂရမ် စားသုံးသင့်သည်ဟု ဆိုပါသည်။ထိုပမာဏများသည် fatty acid ကြွယ်ဝနေသော ငါးများဖြစ်သည့် salmon ၊ herring ၊ mackerel ၊ sardine (ငါးသေတ္တာငါး) နှင့် anchovies(ငါးနှပ်အုပ်စုဝင်) ငါးများကို တစ်ပတ်လျှင် ၂ ကြိမ် စားသုံးခြင်းဖြင့် ရရှိသောပမာဏနှင့် ညီပါသည်။ နှလုံးရောဂါရှင်များသည် ပင်လယ်ငါးမှ ရရှိသော အိုမီဂါ-၃ ဓာတ် ပိုမိုလိုအပ်ပါသည်။ နှလုံးရောဂါရှင်များသည် တစ်နေ့လျှင် အိုမီဂါ-၃ ဓာတ် ၁ ဂရမ် ပါရှိသည့် တစ်တောင့် နေ့စဉ်ပုံမှန် စားသုံးခြင်းဖြင့် နှလုံးရောဂါဖြင့်သေဆုံးခြင်းမှ ၂၅% လျော့နည်းစေနိုင်ပါသည်ဟု လေ့လာမှုတစ်ခုက ဆိုပါသည်။

ပင်လယ်ငါးနှင့် ဓာတ်မတည့်တဲ့သူများအနေဖြင့် ပင်လယ်ငါး ငါးနှပ်မှ ရရှိသော အိုမီဂါ-၃ ကို ရှောင်ကျဉ်သင့်သည်ဟု ဆိုပါသည်။

အချုပ်အားဖြင့် ဆိုရသော်-

ငါးနှပ်(ခေါ်) အာပဲ့ခြောက်ငါးသည် လူကြိုက်များသော စျေးကွက်ဝင် ပင်လယ်ငါးတစ်မျိုးဖြစ်ပြီး အာဟာရဓာတ်လည်း များပြားစွာပါဝင်လှသည်မို့ စားပေးသင့်သော ပင်လယ်ငါးတစ်မျိုးဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။  


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်