စပါးစိုက်ပျိုးနည်း (တောင်သူလက်စွဲ- ဦးဘဟိန်း) (၁)

07/02/2018 15:45 PM တွင် ဦးဘဟိန်း ဦးဘဟိန်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အခန်း (၁)
စပါးမျိုး ရွေးချယ်ခြင်း

၁.၁ ကိုယ့်လယ်ကွက် ကိုယ့်ဒေသနဲ့ ကိုက်ညီတဲ့မျိုးကို ရွေးချယ်စိုက်ပျိုးပါ။

ဘာကြောင့် ရွေးချယ်ရတာလဲ။

  •   သီးနှံပင် သန်စွမ်းတယ်၊ ဖြစ်ထွန်းတယ်။
  • အထွက်ကောင်းတယ်။
  • စျေးကွက်ရှိတယ်။

ဘယ်လိုရွေးချယ်မလဲ ... .. .

  • ကြိတ်ခွဲရာမှာ ဆန်ထွက်ကောင်းရမယ်။
  • ချက်ပြုတ်ရာမှာ အိုးတက်ရမယ်။
  • စားသုံးရာမှာ ကောင်းရမယ်။
  • အထွက်ကောင်းရမယ်။
  • အထွက်နှုန်း တည်ငြိမ်ရမယ်။
  • ပိုးမွှားဒဏ် ခံနိုင်ရမယ်။
  • မိုးလို မိုးခေါင်ဒဏ် ခံနိုင်ရမယ်။
  • ရေကြီး နစ်မြုပ်ဒဏ်ခံနိုင်ရမယ်။
  • ပင်ပွားထွက်အားကောင်းရမယ်။ ဒါမှ ပေါင်းမြက်ကို ဖိနှိမ်နိုင်မယ်။ ပင်ပွားများပြီး အထွက်ကောင်းရမယ်။ အပင်ယိုင်လဲမှု ကင်းရမယ်။ ဓာတ်မြေသြဇာ နည်းနည်းထည့်သော်လည်း သင့်တင့်တဲ့စပါးအထွက်ရှိရမယ်။

ဘယ်လိုဆုံးဖြတ်ချက်ချမလဲ ... .. .

  • ရွေးချယ်ထားတဲ့မျိုးကို သုံးရာသီခန့်စိုက်ပျိုးပါ။ အထက်မှာ ဖော်ပြထားတဲ့ အရည်အချင်းတွေရှိရင် ကိုယ့်လယ်ကွက် ကိုယ့်ဒေသနဲ့ ကိုက်ညီတဲ့မျိုးလို့ ဆုံးဖြတ်ချက်ချနိုင်ပါပြီ။

၁.၂ စိုက်ပျိုးရေး သုတေသန(ရေဆင်း)က ထောက်ခံထားတဲ့ ရေ မြေ ဒေသစိုက်စနစ်အလိုက် ရွေးချယ်စိုက်ပျိုးရမည့် မျိုးများ။

ရေတော် မိုးတော် ဒေသများ ... .. .

  • ကျော်ဇေယျ၊ မနောသုခ၊ ရွှေဝါထွန်း၊ ရွှေသွယ်ထွန်း၊ ဆင်းသိဂီ၊ ဆင်းဧကရီ-၂၊ ဆင်းဧကရီ-၃၊ ဆင်းသီရိ၊ ဆင်းရွှေဝါ၊ ဆင်းသွယ်လတ်၊ ဆင်းနွယ်ရင်၊ မှော်ဘီ-၁၊ မှော်ဘီ-၂၊ မှော်ဘီ-၃၊ မှော်ဘီ-၅၊ ရွှေသွယ်ရင်၊ ရွှေမြန်မာ၊ ရေဆင်းလုံးသွယ်၊ သုခရင်၊ ပုလဲသွယ်၊ ရွှေသွယ်လေး၊ ရွှေသွယ်ထွန်း၊ လုံးသွယ်မွှေး။

ရေနေရေထိုင် တောင်ဆုပ်/တစ်တောင်ခန့်ရှိ လယ်ကွက်ဒေသများ ... .. .

  • ကျော်ဇေယျ၊ ဧရာမင်း၊ ရွှေမန်း-၁၊ အင်းမရဲဘော်၊ ငကျွဲ၊ ပေါ်ဆန်းမွှေး၊ပေါ်ဆန်းရင်၊ ရွှေတစ်ဆုပ်၊ ရေနက်-၃၊ ရေနက်-၄။

ရေနက်ကွင်းဒေသများ ... .. .

  • ရေနက်-၁၊ ရေနက်-၅၊ ဆစ်ပွား၊ တတောင်ပို၊ တောင်ထိ၊ ယိုးဒယား။

ဆားငန်ရေဝင်ဒေသများ ... .. .

  • ဆားငန်ခံ-၂၊ ဆားငန်ခံ-၃၊ ဆားငန်ခံ-၄၊ လက်ရုံးကြီး၊ ရခိုင်သူမ။

မိုးပါးရေရှားဒေသများ ... .. .

  • ယာ-၂၊ ယာ-၄၊ ယာ-၅၊ ယာ-၈၊ ယာ-၉၊ ယာ-၂ ထွန်း၊ ခေါက်ဒင်။

တောင်ပေါ်ဒေသများ ... .. .

  • လယ်စပါးအတွက် - သီးထပ်ရင်၊ ဆင်းရွှေဝါ၊ မှော်ဘီ-၂၊ ဆင်းဧကရီ-၃၊ စိန်တလေး၊ ရွှေရင်အေး၊ ရေဆင်းလုံးသွယ်၊ သုခရင်၊ ဘာစမာတီ-၃၇၀၊ ကုန်းမြင့်-၂၊ ကုန်းမြင့်-၄။
  • ယာစပါးအတွက် - ဒေသစပါးများ။

နွေစပါး(မျိုးစေ့တိုက်ရိုက်ချစနစ်) ... .. .

  • ရွှေသွယ်ရင်၊ သီးထပ်ရင်၊ ရတနာအောင်၊ ရွှေမြန်မာ၊ ရေဆင်းလုံးသွယ်၊ သုခရင်၊ ရေဆင်း-၂၊ ဆင်းနွယ်ရင်၊ ရတနာတိုး။

၁.၃ မျိုးစေ့ကောင်းကိုသာ စိုက်ပျိုးပါ။

မျိုးစေ့ကောင်းကို ဘာကြောင့်စိုက်ပျိုးရသလဲ ... ..

  • မျိုးစေ့နှုန်းကို လျှော့ချနိုင်တယ်။
  • အစေ့ ၁၀၀ မှာ ၈၀ စေ့ (၈၀ ရာခိုင်နှုန်း) အပင်ပေါက်တယ်။
  • ကျင်းပျောက်ပင်ပျောက် ဖာထေးရသက်သာတယ်။
  • အပင်ညီညာတယ်။
  • အပင်ကြီးထွားမြန်တယ်။ ဒါကြောင့် ပေါင်းကိုစီးနိုင်တယ်။
  • ပိုးမွှားရောဂါဒဏ်ကို ခံနိုင်ရည်ရှိတယ်။ သာမန်မျိုးစေ့နဲ့ စိုက်ပျိုးလို့ စပါးတင်း ၁၀၀ ထွက်တယ်ဆိုရင် မျိုးစေ့ကောင်းကို အသုံးပြုမယ်ဆိုပါက စပါး ၁၀၅ တင်းမှ ၁၂၀ တင်းအထိထွက်တယ်။ အနည်းဆုံး ၅ တင်းမှ အများဆုံး ၂၀ တင်း (၅ မှ ၂၀ ရာခိုင်နှုန်း) အထိ ပိုမိုထွက်ရှိနိုင်တယ်။

 

မျိုးစေ့ကောင်းဆိုတာဘာလဲ ... .. .

  •  မျိုးသန့်တယ်။
  • အစေ့အဆံပြည့်ဖြိုးတယ်။
  • အစေ့အရွယ်အစားညီညာတယ်။
  • အပင်ပေါက်နှုန်း ၈၀ ရာခိုင်နှုန်း အထက်ရှိတယ်။ (အစေ့ ၁၀၀ မှာ အနည်းဆုံး ၈၀ စေ့ အပင်ပေါက်တယ်)
  • ပိုးထိုးလောက်ကိုက်ကင်းတယ်။ ရောဂါကင်းတယ်။
  • ပေါင်းစေ့၊ အခြားစပါးစေ့နဲ့ အဖျင်းအမှော် ဖုံ၊ခဲ၊သဲ ကင်းစင်တယ်။

မျိုးစေ့ကောင်းကို ဘယ်လိုရနိုင်သလဲ ... .. .

  • မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းနဲ့ စိုက်ပျိုးရေးသုတေသနဌာန (ရေဆင်း၊ ပျဉ်းမနား နေပြည်တော်) တို့ထံမှ ဝယ်ယူရရှိနိုင်တယ်။
  • ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်မျိုးကိုယ်ထားစနစ် ကျင့်သုံးနိုင်တယ်။

၁.၄ ကိုယ့်အားကိုယ်ကိုး ကိုယ့်မျိုးကိုယ်ထားစနစ် ဆောင်ရွက်ပုံနည်းလမ်း။

  • မြေဆီထက်သန်တဲ့ လယ်မြေကို ရွေးချယ်ပါ။
  • မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း (သို့) စိုက်ပျိုးရေးသုတေသနဌာန(ရေဆင်း/ပျဉ်းမနား-နေပြည်တော်)မှ မျိုးစေ့ကို ဝယ်ယူပါ။
  • သမန်းပြင်ညီညာအောင်၊ သမန်းပုတ်အောင်၊ သမန်းညက်အောင်၊ ကောက်မစိုက်မီ သမန်းအိပ်အောင် လုပ်ဆောင်ပါ။
  • တိုတုတ်သန်မာပြီး အမြစ်ဖွံ့ဖြိုးတဲ့ ပျိုးပင်တွေရရှိအောင် ဧရိယာကျဉ်း အစိုပျိုးထောင်နည်းစနစ်ကို ကျင့်သုံးပါ။
  • ပျိုးသက်(၁၅-၂၀)ရက်သားကို ၁ ကျင်း ၂ ပင်နှုန်းနဲ့ ပင်ကြား ၉ လက်မ၊ တန်းကြား ၉ လက်မ အကွာအဝေးထားပြီးစိုက်ပါ။
  • ဓာတ်မြေသြဇာကို ထောက်ခံနှုန်းထားအတိုင်း အသုံးပြုပါ။
  • ပင်ပွားအများဆုံးထွက်ချိန်၊ အနှံထွက်ချိန်နဲ့ စပါးမရိတ်သိမ်းမီအချိန်မှာ မျိုးကွဲပေါင်းမြက်နဲ့ ပိုးမွှားရောဂါကျရောက်နေတဲ့ အပင်များကို နှုတ်ပယ်ပါ။
  • မောင်းညိုချိန် (အစေ့ ၁၀၀ မှာ အစေ့ ၈၀ မှ ၈၅ စေ့ခန့် ကောက်ရိုးရောင်ပြောင်းချိန်) မှာ ရိတ်သိမ်းပါ။
  • သီးခြားချွေလှေ့ ပြာတီးသန့်စင်ပါ။ ချွေစက်နှင့် တောင်းများအတွင်း အခြားစပါးမျိုးစေ့များ လုံးဝမပါအောင်သန့်စင်ပါ။)
  • အစိုဓာတ် ၁၂ မှ ၁၄ ရာခိုင်နှုန်းအထိ ရောက်ရှိအောင် အခြောက်လှန်းပါ။ (စပါးစေ့ကို ရှေ့သွားနဲ့ ဖိညှပ်ပြီးကိုက်လို့ ထောက်ခနဲအသံမည်ပါက အစိုဓာတ် ၁၂ မှ ၁၄ ရာခိုင်နှုန်း ရှိတယ်လို့သတ်မှတ်နိုင်ပါတယ်။)
  • ခြောက်သွေ့တဲ့စပါးကို စည်ပိုင်း၊ စဉ့်အိုး၊ ပလပ်စတစ်ပုံး၊ ပုတ် စသည်တို့အတွင်း အပြည့်အသိပ်ထည့်သွင်းပြီး လေလုံသိုလှောင်ထားပါ။
  • အေးပြီး ခြောက်သွေ့သန့်ရှင်းတဲ့နေရာမှာ ထားပါ။

မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်