ငါးမွေးမြူရေးတွင် အရေးပါသောငါးမျိုးစိတ် အမျိုးမျိုးရှိပါသည်။ ၎င်းတို့တွင် ရေချို/ငံ ငါးအမျိုးမျိုး၊ ပုဇွန် အမျိုးမျိုး၊ ဂဏန်းနှင့် အခြား တွားသွားသတ္တဝါများလည်း ပါဝင်သည်။ အဓိကမွေးမြူသော ရေချိုငါးများမှာ ငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးခေါင်းပွ၊ မြက်စားငါးကြင်း၊ ရွှေဝါငါးကြင်း၊ ငါးဒန်၊ တီလားပီးယား စသည်တို့ ဖြစ်သည်။
ငါးများနေထိုင်ကျက်စားသည့် အလေ့အထ၊ ရေအခြေအနေ၊ ငါးအမျိုးအစား၊ မွေးမြူသည့် အရေအတွက်၊ မွေးမြူသည့်စနစ် စသည်တို့ အပေါ်မူတည်၍ ငါးမွေးမြူရေးပုံစံ အမျိုးမျိုး ကွဲပြားသွားသည်။ ကန်ဖြင့်မွေးမြူခြင်း၊ လှောင်အိမ်ဖြင့်မွေးမြူခြင်း၊ ခြံခတ်မွေးမြူခြင်း၊ ကွန်ကရစ်ကန်ဖြင့်မွေးမြူခြင်း၊ ခြံမြောင်းဖြင့် မွေးမြူခြင်း၊ တာပေါ်လင်ဖြင့်မွေးမြူခြင်းစသည်ဖြင့် ကွဲပြားကြသည်။

ကန်သစ်တူးဖော်ရန်မြေနေရာရွေးချယ်ခြင်း
- မိမိတို့၏ နေအိမ်အနီးအနားရှိ မြေလွတ်၊ မြေရိုင်းများတွင် ကောင်းမွန်သင့်တော်သော နေရာကို ရွေးချယ်ပါ။
- ငါးမွေးမြူသည့်နေရာသည် အခြား သီးနှံစိုက်ပျိုးသောနေရာမဖြစ်ရန် သတိပြုပါ။
- ပြေပြစ်သော လျှောစောက်ရှိသည့် မြေမျိုးသည် ကောင်းမွန်ပါသည်။
- မြေအလွန်နိမ့်နေခြင်းနှင့် မိုးတွင်းကာလရေကျော်သော၊ ရေလွှမ်းသောနေရာ မဖြစ်စေရပါ။
- တောင်ကုန်းပေါ်ရှိမြေနှင့် လှေခါးထစ်ကဲ့သို့သော မြေမျိုး မဖြစ်စေရပါ။
- မိမိရွေးချယ်ထားသော ငါးကန်မြေနေရာသည် သင်၏ နေထိုင်ရာ အိမ်နှင့် နီးစပ်မှုရှိရမည်။ သို့မှသာ မိမိငါးကန်ကို စောင့်ရှောက်နိုင်မည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
WorldFish