တစ်ပတ်အတွင်း ကမ္ဘာ့ရော်ဘာ စျေးကွက်သုံးသပ်ချက်

16/03/2018 16:25 PM တွင် Nyi Thway Nyi Thway မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဒေသတွင်းရော်ဘာဈေးကို ဆွဲတင်သွားနိုင်မယ့် ပူပူနွေးနွေး သတင်းပလင်းတွေ မရှိလို့ လာမည့် အပတ်မှာလည်း ရော်ဘာစျေးအေးနေမယ်လို့ မလေးရှားမှ ကုန်သည်တွေကပြောပါတယ်။
မလေးရှားရော်ဘာဈေးကွက်ရဲ့ လားရာကို ပြဌာန်းတဲ့ TOCOM ရဲ့ စံရော်ဘာဈေးဟာလည်း ဒီအပတ်မှာ ဈေးအနိမ့်နဲ့ပဲ ရောင်းဝယ်နေကြတယ်။
ဒေါ်လာနဲ့ ယှဉ်ရင် မလေးရှားရဲ့ ရင်းဂစ်ငွေက မာနေတယ်။ ရင်းဂစ်ဈေးက မာနေရင် ရင်းဂစ်မဟုတ်တဲ့ အခြားငွေကြေး ကိုင်ဆောင်ထားသူအတွက် ကုန်ပစ္စည်းဟာ ဈေးကြီးသွားတာကြောင့် ကုန်စည် ဝယ်လိုအားကို အဟန့်အတား ဖြစ်စေတယ်လို့ ကုန်သည်တစ်ဦးက မှတ်ချက်ပြုပါတယ်။ ဝယ်လိုအားကောင်းမှ ဈေးလိုက်လာမှာလေ။

ပြီးခဲ့တဲ့ အပတ်အတွက်၊ ရော်ဘာဈေးဟာ ဒေသတွင်းဈေးကွက်တွေကကျ၊ ရေနံစိမ်းလည်းကျတော့၊ နှစ်ခုလုံးရဲ့ ကျရိပ်နဲ့ ပေါင်းဆုံသွားတယ်။ ဒါက တနင်္လာနေ့မှာ မလေးက ဘနားမား သတင်းဌာနကသတင်းကို အခြေခံပြီးပြောတာ။

ဗုဒ္ဓဟူးနေ့မှာ တိုကျိုရဲ့ စံရော်ဘာဟာ တပတ်အတွင်းမှာ အမြင့်ဆုံးကိုရောက်သွားတယ်။ ရှန်ဟိုင်းရဲ့ ဈေးတက်နေတယ်လေ။ ခုနောက်ပိုင်း ရှန်ဟိုင်းနောက်ကို တိုကျိုက လိုက်လေ့ရှိတယ်။ ရှန်ဟိုင်းတက်ရင် တိုကျိုလိုက်တက်တယ်။
အရှေ့တောင်အာရှရဲ့ ရော်ဘာဈေးကွက်ကို လွှမ်းမိုးတဲ့ တိုကျိုကုန်စည်ဒိုင် TOCOM ဟာ ကမ္ဘာ့ရော်ဘာ အထွက်ဆုံး ၃ နိုင်ငံရဲ့ ရော်ဘာတင်ပို့မှုလျှော့ချနေခြင်းရဲ့ အကျိုးဆက်ကို အနည်းငယ်ခံစားရနေတယ်။ ဒီ ၃ နိုင်ငံရဲ့ ပြည်တွင်းရော်ဘာသိုလှောင်ထားရှိမှုဟာ ၃ နှစ်ကျော်ကာလအတွင်း အများဆုံးဖြစ်ပြီး စုပုံနေကြပါတယ်။
ဖေဖေါ်ဝါရီ ၂၈ ရက်နေ့စာရင်းအရ ဂျပန်ဆိပ်ကမ်းရှိ သိုလှောင်ရုံတွေမှာ ရော်ဘာလက်ကျန်ဟာ ၁၅၂၀၆ တန်ရှိက ယခင်ကြေညာသည့်ရက်စွဲထက် ၂.၂% တိုးလာပါတယ်လို့ Rubber Trade Association of Japan က ဗုဒ္ဓဟူးနေ့တုန်းကပြောပြတယ်။
ဒါဟာ ၂၀၁၄ ခု၊ ဩဂုတ်လကစတွက်လျင် အများဆုံးပါပဲဆိုတာ ဒေတာတွေကို ကြည့်ခြင်းဖြင့်သိနိုင်ပါတယ်။

" အထွက်ကျလေ့ရှိတဲ့ ရွက်ကြွေရာသီကိုရောက်နေလင့်ကစား၊ ကုန်စည်တွေစုပုံနေခြင်းက စိုးရိမ်စရာ ဖြစ်နေပါတယ်။ ဘာကြောင့်ဆို ဒီလိုစုပုံနေတာက ဝယ်လိုအားနည်းမည့်အချက်ပြ ဖြစ်နေလို့ပါပဲ" လို့ ဂျပန်စက်မှုလုပ်ငန်း သတင်းရင်းမြစ်ကဆိုတယ်။ ကိုယ့်လက်ထဲရှိ ပစ္စည်းကများနေရင်နောက်ထပ် ဝယ်ဘို့ လက်တွန့်ကြတာချည့်ပါ။

ကြာသပတေးနေ့မှာတော့ တိုကျိုရဲ့စံရော်ဘာ ဆက်တက်လာတာ ၁၀ ရက်အတွင်း အမြင့်ဆုံးကို ရောက်သွားတယ်။ ရှန်ဟိုင်းဈေးမာနေတဲ့ နောက်ခံနဲ့ပါ။ ဒါပေမယ့် ဒေါ်လာနဲ့ယှဉ်တဲ့ ယန်းငွေကမာနေတော့ ဈေးအတက်က အကန့်အသတ်နဲ့ဖြစ်နေတယ်။ တက်ချင်လျက်နဲ့ မတက်နိုင်ဖြစ်နေတယ်ပေါ့။
ဒေါ်လာဟာ ယန်းနဲ့ယှဉ်ရာမှာ တပတ်အတွင်းအနိမ့်ဆုံးကိုရောက်နေတယ်။ ကမ္ဘာ့ကုန်သွယ်ရေးစစ်ပွဲ ဖြစ်လာနိုင်မယ့် အလားအလာကို စိုးရိမ်ပြီး ကုန်သည်တွေက ရော်ဘာဝယ်ဘို့ စိတ်မပါ ဖြစ်နေကြတယ် ဆိုတာကြောင့်ပါ။
ဂျပန်ငွေကြေးက မာနေတော့ ယန်းငွေနဲ့သတ်မှတ်ထားတဲ့ ကုန်တွေကို အခြားငွေကြေးနဲ့ ဝယ်တဲ့အခါ ဈေးကြီးသွားတော့ သိပ်မဝယ်နိုင်ဖြစ်ကြရတယ်။ အဝယ်နည်းရင် ဈေးကျတာပေါ့။

ရော်ဘာ အဓိက ထုတ်လုပ်သူ နိုင်ငံ ၃ နိုင်ငံက အိတ်စပို့ကို လျှော့ချနေလင့်ကစား၊ ဈေးကို အဆုံးအဖြတ်ပေးတဲ့ အခြေခံအချက်ဖြစ်သော လက်ကျန်ရော်ဘာပမာဏဟာ ဂျပန်ဘက်မှာရော တရုတ်ဘက် အပြင် အခြားနိုင်ငံမှာပါ စုပုံနေတဲ့အတွက်ကြောင့်၊ အရှေ့တောင်အာရှရဲ့ ရော်ဘာဈေးကို အဆုံးအဖြတ်ပေးတဲ့ တိုကျိုရဲ့ TOCOM မှာ ဇန်နာဝါရီလကုန်ကတည်းက ယန်း ၂၀၀ အောက်ဈေးနဲ့ ရောင်းဝယ်နေကြရတာပါ။

" ရှန်ဟိုင်းရဲ့ အမာက ဂျပန်ဈေးကွက်ကို အထောက်အပံ့ဖြစ်တယ်။ ဒါပေမယ့် တက်မယ့်ဈေးကို ယန်းငွေအမာက ပြန်ဖိထားတယ်" တဲ့ ဂျပန်စက်မှုသတင်းရင်းမြစ်ကဆိုတယ်။

သောကြာနေ့ဈေးအပိတ်မှာ တိုကျိုရဲ့ TOCOM မှာ အကျကြမ်းသွားပြန်တယ်။ ၃.၄ ယန်းကျကာ ၁၉၁.၈ ယန်း/ကီလိုဂရမ်ဈေးနဲ့ ပိတ်သွားပါပြီ။

ဒီနေ့သောကြာနေ့မှာ မလေးရှား သတင်းဌာန ဘနားမားမှ တက်လာတဲ့ သတင်းအရ မလေးရှားမှာ ရော်ဘာအထွက်လျော့သွားသတဲ့။ ပြီးခဲ့တဲ့ ၂၀၁၇ ဒီဇင်ဘာမှာ ၆၇၁၀၁ တန်ထွက်ခဲ့ရာမှ ၂၀၁၈ ဇန်နာဝါရီမှာ ၆၅၇၉၂ တန်ပဲထွက်တယ်ဆိုတော့ ၂% သို့မဟုတ် ၁၃၀၉ တန်လျော့သွားတယ်။ ဒါပေမယ့် လက်ဝယ်ရှိ စတော့က ဇန်နာဝါရီမှာ ၂၅၄၅၂၅ တန်ရှိတယ်။ ဒီ့အရင်လက လက်ကျန် ၂၃၀၃၀၀ တန်နဲ့ယှဉ်လျင် ၁၀.၅% သို့မဟုတ် ၂၄၂၂၅ တန်တိုးများလာတယ်လို့ စာရင်းအင်းဌာနမှ ဗုဒ္ဓဟူးနေ့မှာထုတ်ပြန်ချက်အရသိရတယ်။

နောက်သတင်းတခုက ရော်ဘာကြီး ၃ ကြီးရဲ့ ၃ လတာ အိတ်စပို့လျှော့ချမည့်အစီအစဉ်ကို ၃ လပြည့်တဲ့ မတ်လပြီးနောက်မှာလည်း ဆက်ပြီးလျှော့ချမည့် အလားအလာရှိနေကြောင်းပါ။

ညီသွေး


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်